bap-logo
International

အားပျော့ယူရေနီယံတင့်ကားဖျက်ကျည် အစီအစဉ်နှင့်ပတ်သက်၍ ဗြိတိန်ကို ပူတင်သတိပေး

j50F-nbJIG5YpJuTriGTQ-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၂ 

ဗြိတိန်အနေဖြင့် ယူကရိန်းစစ်တပ်အတွက် အားပျော့ယူရေနီယံပါဝင်သည့် တင့်ကားဖျက်ကျည်ထောက်ပံ့ပေးပါက မော်စကိုက တု့န်ပြန်ဆောင်ရွက်ရလိမ့်မည်ဟု ရုရှားသမ္မတ ဗလာဒီမီယာပူတင်က သတိပေးလိုက်သည်။ 

 

ဗြိတိန်အစိုးရသည် ယူကရိန်းကိုပေးအပ်မည့် စစ်‌ရေးအကူအညီပက်ကေ့ချ်တွင် Challenger 2 တိုက်ခိုက်ရေး တင့်ကား များနှင့်အတူ အားပျော့ယူရေနီယံပါဝင်သည့် ဖျက်အားပြင်းတင့်ကားကျည်များလည်း ပါဝင်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။  

 

ဗြိတိန်လက်နက် ထောက်ပံ့ရေးအစီအစဉ်နှင့်ပတ်သက်၍ -  "ဗြိတိန်က ယူကရိန်းအတွက် တင့်ကားတွေပဲ ပေးမှာ မဟုတ်ဘူး၊ အားပျော့ယူရေနီယံပါဝင်တဲ့ တင့်ကားကျည်တွေပါ ပေးပို့မယ်လို့ ကြေညာတယ်။ တကယ်ပေးခဲ့ရင်တော့ ရုရှားကတုန့်ပြန်ရပါလိမ့်မယ်။ အနောက်အုပ်စုကလည်း နျူကလီးယားပါဝင်တဲ့ လက်နက်တွေကို စသုံးနေကြပြီဆိုတော့ အခြေအနေကြည့်ပြီး တုန့်ပြန်ရပါလိမ့်မယ်" ဟု သမ္မတရှီကျင်းပင်နှင့် ကရင်မလင်တွင် တွေ့ဆုံပြီးနောက် ပူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

 

ဗြိတိန်က ပေးပို့မည့် တင့်ကားကျည်များမှာ ခေတ်သစ်တင့်ကားများနှင့် သံချပ်ကာကားများကို တိုက်ခိုက်ရာတွင် အလွန် ထိရောက်မှုရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ 

 

အားပျော့ယူရေနီယံသည် နျူကလီးယားလောင်စာ သို့မဟုတ် နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် နျူကလီးယား သန့်စင်မှုမှ ရရှိသော ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး သိပ်သည်းဆမြင့်မား၍ လေးလံမှုကြောင့် သံမဏိများကို အလွယ်တကူထိုးဖောက်နိုင်သောကြောင့် သံချပ်ကာကားဖျက်ကျည်ထုတ်လုပ်ရာတွင် အသုံးပြုသည်။ 

 

အဆိုပါခဲယမ်းများကို “ဓာတု-ဓာတ်ရောင်ခြည် အဆိပ်သင့်စေနိုင်သည့် လေးလံသောသတ္တု” အဖြစ် ကုလသမဂ္ ဂပတ်ဝန်းကျင်အစီအစဉ်က ဖော်ပြထားသည်။ 

 

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကမူ သံချပ်ကာဖျက်တင့်ကားကျည်များကို စံစစ်လက်နက်တစ်ခုအဖြစ် ဆယ်စုနှစ်များစွာ အသုံးပြုလာခဲ့ကြပြီဖြစ်ပြီး နျူကလီးယားစွမ်းဆောင်ရည်နှင့် လားလားမှမဆိုင်ဟုတုန့်ပြန်ကာ ပူတင်၏ ပြောဆိုချက်ကို ပယ်ချခဲ့သည်။ 

 

"ရုရှားက ဒီအကြောင်းတွေကို ကောင်းကောင်းသိပါတယ်။ တမင်တကာ မဟုတ်တရုတ်တွေ လိုက်ပြောနေတာပါ။" ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

 

အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေး အင်စတီကျု၏ ပြောကြားချက်အရ - ရုရှားသမ္မတသည် အဆိုပါတင့်ကားကျည် များတွင် ရေဒီယိုသတ္တိကြွပစ္စည်းမပါဝင်ကြောင်း သိသော်လည်း အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီကို ဟန့်တား လိုသည့်အတွက် စစ်ရေးပိုမိုတင်းမာစေသည့်လုပ်ရပ်တစ်ခုပမာ ပုံဖော်နေခြင်းဖြစ်ကြောင်း သိရသည်။ 

 

Source/ပုံ – Al Jazeera 

Burma Associated Press

 

 

ရုရှား
အင်္ဂလန်
တင့်ကာား
ယူကရိန်း

Share With
bap-logo