bap-logo
Articles

မြန်မာတောရိုင်းကြောင်မျိုးနွယ်ကြီးများကို ကယ်တင်ရန် မက်ဆာချူးဆက်တက္ကသိုလ် သုတေသနက ဘေးမဲ့သတ်မှတ်နယ်မြေများအပြင်ဘက်ထိ ကျယ်ပြန့်စွာ ရှာဖွေလေ့လာ

n9rrPbdnR2G6soqQD2FPU-image

လွန်ခဲ့သော ၃ နာရီ က

 

BAP၊ ဘာသာပြန်။

 

မြန်မာနိုင်ငံရှိ တောရိုင်းကြောင်မျိုးနွယ်ကြီးများဖြစ်ကြသည့် ဘင်္ဂလားကျား၊ အင်ဒိုချိုင်းနား ကျားသစ်နှင့် ပြည်မကြီး အင်းကျား(သစ်တက်ကျား)တို့၏ အရေအတွက်သည် လျင်မြန်စွာ ကျဆင်းလျက်ရှိသည်။

 

၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ မြန်မာနိုင်ငံအတွင်း လက်ရှိတွင် ကျားအကောင်ရေ ၅၀ ထက်မပိုတော့ကြောင်း သိရသည်။ အလားတူပင် ကျားသစ်အရေအတွက်သည် လည်း အလွန်နည်းပါးသော အခြေအနေ၌ ရှိနေကြောင်း အခြားသော လေ့လာမှုများက ဆိုသည်။

 

မက်ဆာချူးဆက် တက္ကသိုလ် (University of Massachusetts - UMass) ၏ မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနအရ အဆိုပါသတ္တဝါများ မျိုးသုဉ်းမသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး သမားများအနေဖြင့် မည်သည့်နေရာများကို အဓိကထား ဆောင်ရွက်သင့်သည်ကို အချိန်မီ ဖော်ထုတ် လျက်ရှိသည်။

 

Journal for Nature Conservation တွင် မကြာသေးမီက ထုတ်ဝေခဲ့သော UMass ၏ သုတေသန စာတမ်းအရ တောရိုင်းတိရစ္ဆာန်များ အရေအတွက်ကျဆင်းရခြင်းမှာ တရားမဝင်အမဲလိုက်ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ နေရင်းဒေသများ အပိုင်းပိုင်း ပြိုကွဲခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း စသည့်အချက်များကြောင့်ဖြစ်သော်လည်း မျိုးသုဉ်းခြင်းဘေးမှ ကာကွယ်ရန်အတွက် လက်ရှိသတ်မှတ် ထားသော ဘေးမဲ့နယ်မြေများအပြင် အခြားသော သတ်မှတ်နေရာများကိုပါ ထိန်းသိမ်းစောင့်ရှောက် ရန်မှာ အလွန်အရေးကြီးကြောင်း ရှင်းလင်းတင်ပြထားသည်။

 

 

လှုပ်ရှားမှုကို သိရှိနိုင်သော ကင်မရာများအသုံးပြု၍ မှတ်တမ်းတင်ခဲ့ရာ သုတေသီများသည် ဇီဝမျိုးစုံမျိုး ကွဲများကြောင့် လူသိများသော မြန်မာနိုင်ငံ၏ ချင်းတွင်းမြစ်ဝှမ်းဒေသအတွင်း အဆိုပါ ကြောင်မျိုးနွယ်ကြီး သုံးမျိုးစလုံးကို တွေ့ရှိခဲ့ရသည်။ အဆိုပါမြစ်ဝှမ်းဒေသသည် စတုရန်းမိုင်ပေါင်း ၄၄,၀၁၆ ခန့် ကျယ်ဝန်းပြီး Connecticut မြစ်ဝှမ်းဒေသထက် ၄ ဆခန့် ပိုမိုကြီးမားသည်။

 

Massachusetts ရေအရင်းအမြစ်သုတေသနဌာန၏ ညွှန်ကြားရေးမှူးနှင့် UMass ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပါမောက္ခဖြစ်သူ Timothy Randhir သည် ရေဝေရေလဲဒေသများနှင့် ဂေဟစနစ် များကို ၎င်း၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုလုံးတွင် လေ့လာခဲ့သူဖြစ်သည်။

 

ဂေဟဗေဒပညာရှင်များသည် မျိုးစိတ်တစ်ခု၏ ပတ်ဝန်းကျင်အပေါ် မှီခိုနေမှုကို အကဲဖြတ်ရန်နှင့် ၎င်းတို့၏ ဖြစ်နိုင်ခြေရှိသော အကျိုးရလဒ်များကို ခန့်မှန်းရန်အတွက် လက်ရှိနှင့် အတိတ်ကာလရှိ လေ့လာတွေ့ရှိချက်များအပေါ် အခြေခံရကြောင်း ၎င်းက ရှင်းပြသည်။

 

အဆိုပါသုတေသန၏ အကြီးတန်း ရေးသားသူတစ်ဦးဖြစ်သူ Randhir သည် ရာသီဥတုပြောင်းလဲမှုနှင့် အခြားအချက်များကြောင့် မြစ်ဝှမ်းဒေသ၏ ဂေဟစနစ် ပြောင်းလဲနေပုံနှင့် ထိုပြောင်းလဲမှုများက မြန်မာနိုင်ငံရှိ တောရိုင်းကြောင်မျိုးနွယ်ကြီးများအပေါ် မည်သို့သက်ရောက်နေသည်ကို လေ့လာခဲ့သည်။

 

"ဒီအချက်တွေအားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပါ။ အချက်တစ်ခုက နောက်တစ်ခုကို လွှမ်းမိုးထားတာမျိုး မဟုတ်ပေမဲ့ လက်ရှိအချိန်မှာတော့ တရားမဝင်အမဲလိုက်မှုကတစ်ဆင့် လူသားတွေရဲ့ နှောင့်ယှက်မှုဟာ အကြီးမားဆုံး အချက်ဖြစ်ပြီး အဲဒီနောက်မှာတော့ မြေပြင်အနေအထားနဲ့ ရာသီဥတုက ဒုတိယအချက်တွေ ဖြစ်ပါတယ်။" ဟု Randhir က ဆိုသည်။

 

တောရိုင်းကြောင်မျိုးနွယ်ကြီးများ မျိုးသုဉ်းခြင်းမှ ကယ်တင်ရန်အတွက် ဘေးမဲ့နယ်မြေများကိုသာ အာရုံစိုက်နေခြင်းသည် မလုံလောက်ကြောင်း Randhir က ပြောကြားသည်။ မြေပြင်အနေအထားများ နှောင့်ယှက်ခံရသောအခါ လူသားတို့၏ လုပ်ဆောင်မှုများကြောင့် နေရင်းဒေသများမှာ အပိုင်းပိုင်း ပြတ်တောက်သွားတတ်သည်။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များအနေဖြင့် ထိုဘေးမဲ့နယ်မြေများအကြား လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ရန် "စင်္ကြံလမ်းများ (Corridors)" ရှိရန်မှာ ဇီဝမျိုးကွဲနှင့် မျိုးရိုးဗီဇကွဲပြားမှုများအတွက် အရေးကြီးကြောင်း ၎င်းက ထောက်ပြသည်။

 

"ဒေသတစ်ခုမှာ ဖိအားတွေရှိလာရင် ဥပမာ- တစ်နေရာမှာ မိုးခေါင်တာ ဒါမှမဟုတ် တရားမဝင် အမဲလိုက်တာတွေ ပြင်းထန်လာရင် တိရစ္ဆာန်တွေမှာ တခြားတစ်နေရာကို ရွှေ့ပြောင်းဖို့ အခွင့်အလမ်းရှိရပါမယ်။ ဒါကြောင့် ဒီစင်္ကြံလမ်းတွေဟာ သူတို့ကို အခြေအနေသစ်နဲ့ အလိုက်သင့် နေထိုင်နိုင်စေဖို့ ဒါမှမဟုတ် ဘေးအန္တရာယ်တွေကို လျှော့ချနိုင်စေဖို့ ခွင့်ပြုပေးတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။" ဟု Randhir က ဆိုသည်။

 

မြန်မာနိုင်ငံ မြေပြင်အခြေအနေမှ ရရှိသည့် ဒေတာများကို ပေါင်းစပ်ရာတွင် UMass မှ ဘွဲ့ရကျောင်းသူ ဟောင်းဖြစ်သူ မသိမ့်သန္တာဗိုလ်က လူသားတို့၏ နှောင့်ယှက်မှု၊ ဂေဟစနစ်ပြောင်းလဲမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ ပေါင်းစပ်၍ အဆိုပါဒေသအပေါ် မည်သို့ သက်ရောက်နေသည်ကို သိရှိလိုခဲ့သည်။

 

မသိမ့်သန္တာဗိုလ်သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) တွင် သုတေသနလက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သုတေသန၏ အဓိကစာရေးသူဖြစ်သည့် သူမသည်လည်း နေရင်းဒေသများ အပိုင်းပိုင်း ပြိုကွဲနေမှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘေးမဲ့နယ်မြေများအပြင်ဘက်ထိ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များအပေါ် စိုးရိမ်ခဲ့သည်။ သူမ၏ ကွင်းဆင်းလေ့လာမှုကာလအတွင်း သတ္တုတွင်းဧရိယာများ ထဲသို့ ခြေလျင်သွားရောက်ခြင်းနှင့် သစ်တောအတွင်းရှိ နေရာအသီးသီးတွင် ကင်မရာများ တပ်ဆင်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

 

Randhir ၏ ပုံစံတူတွက်ချက်မှုနှင့် မသိမ့်သန္တာဗိုလ်၏ ကွင်းဆင်းဒေတာများကို ပေါင်းစပ်လိုက်သောအခါ အဖွဲ့သားများသည် ထိန်းသိမ်းရေးသမားများ အာရုံစိုက်ရမည့် နေရာအတိအကျကို ဖော်ထုတ်နိုင်ခဲ့သည်။ သုတေသီများသည် အဆိုပါနေရာများကို အသားပေးဖော်ပြထားသော အသေးစိတ်မြေပုံများနှင့် ဂေဟစနစ်ပြောင်းလဲမှုတစ်ခုချင်းစီ၏ သက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာထားသည့် ဂရပ်များကို ဖန်တီးခဲ့ကြသည်။

 

Randhir နှင့် မသိမ့်သန္တာဗိုလ်တို့က ၎င်းတို့၏ သုတေသနသည် ထိန်းသိမ်းရေးသမားများအား ဘေးမဲ့သတ်မှတ်ထားသော နယ်မြေများအတွက်သာမက ဒေသခံတောရိုင်းတိရစ္ဆာန်များနှင့် မြန်မာနိုင်ငံ ၏ ကြောင်မျိုးနွယ်ကြီးများ ဆက်လက်ရှင်သန်ရေးအတွက် အရေးပါသော ပတ်ဝန်းကျင်ရှိ နေရင်းဒေသ များအတွက်ပါ ဆက်လက်လုပ်ဆောင်သွားရန် တိုက်တွန်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

 

"နေရင်းဒေသတွေက ဆက်ပြီး အပိုင်းပိုင်းပြတ်တောက်နေမယ်ဆိုရင် တောရိုင်းကြောင်ကြီးတွေက အဲဒီဒေသမှာ လွတ်လပ်စွာ သွားလာနိုင်မှာ မဟုတ်တော့ပါဘူး။ ပြီးတော့ ဒီဒေသဟာ တဖြည်းဖြည်းနဲ့ အပိုင်းပိုင်းအစစ ဖြစ်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျမှ စဉ်းစားမယ်ဆိုရင်တော့ အရမ်းနောက်ကျသွားပါ လိမ့်မယ်။" ဟု မသိမ့်သန္တာဗိုလ်က ဆိုသည်။

 

ကိုးကား - MassLive

ဓာတ်ပုံ - Wildlife Conservation Society

Burma Associated Press

 

 

ကျား
မက်ဆာချူးဆက် တက္ကသိုလ်
မြန်မာနိုင်ငံရှိ တောရိုင်းကြောင်

Share With
bap-logo