bap-logo
Articles

စစ်အာဏာသိမ်းမှုကြောင့် မြန်မာသည် အာရှ၏ သေကျေပျက်စီးမှုအများဆုံး ပဋိပက္ခဇုန်ဖြစ်လာသော် လည်း ကမ္ဘာက မျက်ကွယ်ပြု

MPJD2AJif_8Cl-cK6nee--image

လွန်ခဲ့သော ၁၂ ရက် က

 

BAP ဘာသာပြန်။

 

စစ်ဗိုလ်ချုပ်များ အာဏာသိမ်းယူခဲ့ပြီးနောက် ငါးနှစ်အကြာတွင် မြန်မာနိုင်ငံသည် အာရှ၏ သေကျေ ပျက်စီးမှုအများဆုံး စစ်ပွဲနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခုအတွင်းသို့ ပြိုလဲ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အခြားသော အဓိက ပထဝီဝင်နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှု များအကြား ကမ္ဘာ့အခြားနိုင်ငံများက အဆိုပါပဋိပက္ခကို လျစ်လျူရှုထားခဲ့ကြသည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာသည့် မြန်မာ့စစ်ပွဲသည် ယခုအခါ အာရှ၏ သေကျေပျက်စီးမှုအများဆုံး ပဋိပက္ခဖြစ်လာသည်။ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် ACLED ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံး ခဲ့ရသည်။ အဆိုပါအဖွဲ့က ၎င်းကို လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁,၂၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် အစိတ်စိတ်အမွှာမွှာ အဖြစ်ဆုံး ပဋိပက္ခဟု ခေါ်ဆိုထားကာ မြန်မာနိုင်ငံကို ကမ္ဘာမြေပေါ်တွင် စစ်ပွဲဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် နိုင်ငံများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။

 

၂၀၁၁ ခုနှစ်တွင် နိုင်ငံ၏ နိုင်ငံရေးစနစ်ကို စတင်ဖွင့်လှစ်ပေးခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးသည် တစ်နှစ်လျှင် ပျမ်းမျှ ၆ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပြီး ဆင်းရဲမွဲတေမှုနှုန်းမှာ ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၀၅ ခုနှစ်တွင် ၄၈ ဒသမ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ငတ်မွတ်ခေါင်းပါးမှု အခြေအနေမှာလည်း ဆုတ်ခွာသွားခဲ့ပြီး အကဲဖြတ်ချက် အများစုအရ ပြင်းထန်သော ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့် လူဦးရေ အချိုးအစားသည် ဆယ်စုနှစ် နှစ်ခုစာ လျော့နည်းကျဆင်းသွားခဲ့သည်။

 

ဤအချက်များက မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝစေခဲ့သည်တော့ မဟုတ်ပါ။ သို့သော် ဆယ်စုနှစ်ဝက်ခန့် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုအဖြစ် ရှိနေခဲ့သည့် နိုင်ငံတစ်နိုင်ငံသည် သိသိသာသာ ကောင်းမွန်လာနေခဲ့ပြီး မည်မျှပင် မပြည့်စုံစေကာမူ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာနေခဲ့သည်

 

ဤအချက်များက မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝစေခဲ့သည်တော့ မဟုတ်ပါ။ သို့သော် ဆယ်စုနှစ်ဝက်ခန့် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုအဖြစ် ရှိနေခဲ့သည့် နိုင်ငံတစ်နိုင်ငံသည် သိသိသာသာ ကောင်းမွန်လာနေခဲ့ပြီး မည်မျှပင် မပြည့်စုံစေကာမူ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာနေခဲ့သည်။ အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်စွာ အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်လည်း တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရရှိခဲ့သည်။

 

ရင်းနှီးမြှုပ်နှံသူများကလည်း သတိပြုမိခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ၄ ဘီလီယံသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် စစ်အာဏာမသိမ်းမီ နောက်ဆုံး ဘဏ္ဍာနှစ်အပြည့်ဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၄ ဒသမ၉ ဘီလီယံခန့် ရှိခဲ့သည်။ ဆက်သွယ်ရေးလုပ်ငန်းများ၊ ဘဏ်များနှင့် ခေတ်မီ စားသောက်ဆိုင်အသစ်များ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် စစ်ဗိုလ်ချုပ်များက အရပ်ဘက်ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးခဲ့ပြီး ဘက်ပေါင်းစုံ ပြည်တွင်းစစ် ဖြစ်ပွားလာကာ နိုင်ငံသည် အနှစ်သာရအားဖြင့် ကျဆုံးနိုင်ငံတစ်ခု ဖြစ်သွားခဲ့ ရပြီး (ဂါဇာ ဒေသနှင့်အတူ) ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး နေရာတစ်ခု ဖြစ်လာခဲ့သည်။

 

အခြေအနေများ ပြောင်းပြန်လှန်သွားမှုမှာ တုန်လှုပ်စရာကောင်းသည်။ ၂၀၂၁ ခုနှစ်တွင် ဂျီဒီပီ (GDP) သည် ၁၈ ရာခိုင်နှုန်းနီးပါး ကျုံ့သွားခဲ့ပြီး ထိုအချိန်မှစ၍ ပြန်လည်ဦးမော့လာခြင်း မရှိသလောက်ပင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဆင်းရဲမွဲတေမှုနှုန်းမှာ ၄၉ ဒသမ ၇ အထိ နှစ်ဆခန့် မြင့်တက်သွားခဲ့ရာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရရှိခဲ့သည့် တိုးတက်မှုများကို ပျက်ပြယ်စေခဲ့ပြီး ယနေ့တိုင် ထိုနှုန်းထား ဝန်းကျင်တွင် ဆက်ရှိနေနိုင်ဖွယ် ရှိသည်။ တစ်ချိန်တည်းမှာပင် UNDP ၏ တွေ့ရှိချက်အရ လူလတ် တန်းစားဦးရေမှာ ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပြီး လူလေးဦးတွင် သုံးဦးမှာ ရုန်းကန်လှုပ်ရှားရရုံမျှ သို့မဟုတ် ထိုထက်ဆိုးရွားသော အခြေအနေတွင် နေထိုင်နေကြရသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှုသည် ပြီးခဲ့သည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထက် ကျော်လွန်သွားခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ သုံးဆနီးပါး မြင့်တက်သွားခဲ့သည်။

 

ကျွမ်းကျင်လုပ်သား သောင်းချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စစ်အာဏာ မသိမ်းမီကထက် လေးပုံသုံးပုံခန့် ပြိုလဲပျက်စီးသွားခဲ့သည်။ တစ်ချိန်က လျေ့ာနည်းသွားခဲ့သော ငတ်မွတ်ခေါင်းပါးမှုသည် အရှိန်အဟုန်ဖြင့် ပြန်လည်ပေါက်ကွဲလာရာ ကုလသမဂ္ဂက ယခုအခါ လူဦးရေ ၁၅ ဒသမ၂ သန်း (လူဦးရေ၏ သုံးပုံတစ်ပုံနီးပါး) သည် ပြင်းထန်သော စားနပ်ရိက္ခာမလုံခြုံမှုနှင့် ရင်ဆိုင်နေရကြောင်း တွက်ချက်ထားပြီး မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်သည် ငတ်မွတ် ခေါင်းပါးမှု အခြေအနေသို့ ဆိုက်ရောက်လုနီးပါး ဖြစ်နေသည်။ လူဦးရေ ၃ ဒသမ ၅ သန်းခန့်မှာ ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ တစ်ချိန်တည်းမှာပင် ကျန်းမာရေးစနစ်သည်လည်း ပြိုလဲလု နီးပါး ဖြစ်သွားခဲ့ရပြီး အာဏာသိမ်းပြီးကတည်းက ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ ၃၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် အာဖဂန်နစ္စတန်ကို ကျော်လွန်သွားခဲ့ပြီး ခန့်မှန်းခြေ မက်ထရစ်တန်ချိန် ၁,၀၈၀ ထုတ်လုပ်ကာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ၄ ဘီလီယံအထိ ရှိသည်။ နိုင်ငံသည် ကမ္ဘာမြေ၏ စိတ်ကြွရူးသွပ်ဆေးပြား (မက်သဖက်တမင်း) စက်အင်ဂျင်တစ်ခုလည်း ဖြစ်လာခဲ့

 

ပဋိပက္ခများအတွင်း ဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းများ ပြည့်နှက်နေပြီး ၎င်းက မြန်မာနိုင်ငံတွင် ထူးခြား ကျယ်ပြန့်သော ရာဇဝတ်မှုစီးပွားရေးကို မွေးဖွားပေးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် အာဖဂန်နစ္စတန်ကို ကျော်လွန်သွားခဲ့ပြီး ခန့်မှန်းခြေ မက်ထရစ်တန်ချိန် ၁,၀၈၀ ထုတ်လုပ်ကာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ၄ ဘီလီယံအထိ ရှိသည်။ နိုင်ငံသည် ကမ္ဘာမြေ၏ စိတ်ကြွရူးသွပ်ဆေးပြား (မက်သဖက်တမင်း) စက်အင်ဂျင်တစ်ခုလည်း ဖြစ်လာခဲ့ ပြီး ထိုင်းနိုင်ငံတစ်ခုတည်းတွင်ပင် ၂၀၂၄ ခုနှစ်၌ စံချိန်တင် စိတ်ကြွဆေးပြား တစ်ဘီလီယံ သိမ်းဆည်း ရမိခဲ့ကာ ၎င်းတို့အားလုံးနီးပါးမှာ မြန်မာနိုင်ငံမှ လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ဆိုက်ဘာ ငွေလိမ်လည်မှုအဝန်းအဝိုင်းများသည် ကျွန်ပြုခံထားရသည့် အခြေအနေများနှင့် မခြားသော လူကုန်ကူး ခံရသည့် အလုပ်သမားများဖြင့် လည်ပတ်နေပြီး တစ်နှစ်လျှင် ဒေါ်လာဘီလီယံပေါင်းများစွာ ဖန်တီးပေးနေကာ ကမ္ဘာ့အညွှန်းကိန်းတစ်ခုတွင် မြန်မာနိုင်ငံကို ကမ္ဘာပေါ်၌ ရာဇဝတ်မှုအများဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားသည်။

 

ထို့အပြင် သတ်ဖြတ်မှုများလည်း ရှိနေသည်။ ACLED ၏ အချက်အလက်များအရ အရပ်သားသေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့်မှာ စစ်ကောင်စီကြောင့် ဖြစ်သည်ဟု ဆိုသည်။ စစ်တပ်၏ ထင်ရှားသော လက်နက်မှာ အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်ခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ဂျက်လေယာဉ်များနှင့် ဒရုန်းများသည် ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ် မေလက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂၂ ဦးနှင့် ဆရာမ နှစ်ဦး သေဆုံးခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများ အပါအဝင် အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သည်။ အတိုက်အခံများ၏ အရိပ်အစွန်းအစိုးရက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ၂၀၂၄ ခုနှစ်တွင် ၂,၄၇၁ ကြိမ် ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄,၈၈၁ ကြိမ်အထိ တစ်နှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်း ခန့်မှန်းထားသည်။

 

အဆိုပါကိန်းဂဏန်းများ၏ နောက်ကွယ်တွင် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်သည်ဟု ဆိုကြသည့် မြင်ကွင်းများ ရှိနေသည်။ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ အစိုးရရှေ့နေသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းသည့်အထိ လုပ်ဆောင်ခဲ့သည်။ မည်သူမည်ဝါ ခွဲခြားမှုမရှိသော လေကြောင်း တိုက်ခိုက်မှုများသာမက စစ်သားများက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးခံရသူများကို ကွပ်မျက်ခြင်းနှင့် ရုပ်အလောင်းများကို လယ်ကွင်းများတွင် စွန့်ပစ်ထားခဲ့ခြင်းများကို အသက်ရှင်ကျန်ရစ် သူများက ပြောဆိုဖော်ပြကြသည်။ စစ်တပ်သည် အာဏာသိမ်းပြီးကတည်းက နေအိမ်ပေါင်း ၁၁၆,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

စစ်ကောင်စီ၏ စစ်ဆင်ရေးလှုပ်ရှားမှုများ ပြင်းထန်လှသော်လည်း ပဋိပက္ခအတွင်း စစ်ဗိုလ်ချုပ်များ ပြည်တွင်းစစ်တွင် ရှုံးနိမ့်သွားနိုင်သည့် အခြေအနေတစ်ရပ် ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မဟာမိတ်ပြုကာ စစ်တပ်ကို နိုင်ငံ၏ နေရာအတော်များများမှ မောင်းထုတ်ခဲ့ပြီး မြောက်ပိုင်းမြို့ကြီးဖြစ်သည့် လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ကာ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ ထက်ဝက်ခန့်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့၏ ၁၄ မိုင်အကွာအထိ ချဉ်းကပ်နိုင်ခဲ့သည်။

 

ဘီလာရုစ်နိုင်ငံသည် မြန်မာနိုင်ငံသို့ V3D ရေဒါနည်းပညာ အပါအဝင် အဆင့်မြင့် စစ်ဘက် ဆိုင်ရာ စနစ်များနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များကို ထောက်ပံ့ပေးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ ခေတ်မီဆန်းသစ်သော တိုက်ခိုက်ရေးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အသစ်များကို ပထမဆုံး ဝယ်ယူသည့်နိုင်ငံ ဖြစ်လာခဲ့ပြီး စစ်ကောင်စီသည် ၎င်းကို ကောင်းကင်ယံအား စိုးမိုးရန် အသုံးပြုနေသည်။ အီရန်နိုင်ငံကလည်း စစ်ကောင်စီအစိုးရထံသို့ လေယာဉ်ဆီများကို လျှို့ဝှက်ထောက်ပံ့ပေးခဲ့ပြီး စစ်ကောင်စီက အရပ်သားများကို ဗုံးကြဲရန် အဆိုပါလေယာဉ်များကို အသုံးပြုနေသည်။ ပေကျင်းကလည်း သီးခြားအနေဖြင့် ဒေါ်လာ ၃ ဘီလီယံခန့် တန်ဖိုးရှိ အကူအညီများကို ကမ်းလှမ်းခဲ့သည်

 

အခြေအနေကို ပြောင်းလဲစေခဲ့သည်မှာ စစ်ဗိုလ်ချုပ်များ၏ အရည်အချင်းကြောင့်မဟုတ်ဘဲ အာဏာရှင် စနစ် ကျင့်သုံးသည့် အစိုးရများ အချင်းချင်း ကူညီကြသည့် အာဏာရှင်မဟာမိတ်ကွန်ရက်ကြောင့် ဖြစ်သည်။ ဘီလာရုစ်နိုင်ငံသည် မြန်မာနိုင်ငံသို့ V3D ရေဒါနည်းပညာ အပါအဝင် အဆင့်မြင့် စစ်ဘက် ဆိုင်ရာ စနစ်များနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များကို ထောက်ပံ့ပေးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ ခေတ်မီဆန်းသစ်သော တိုက်ခိုက်ရေးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အသစ်များကို ပထမဆုံး ဝယ်ယူသည့်နိုင်ငံ ဖြစ်လာခဲ့ပြီး စစ်ကောင်စီသည် ၎င်းကို ကောင်းကင်ယံအား စိုးမိုးရန် အသုံးပြုနေသည်။ အီရန်နိုင်ငံကလည်း စစ်ကောင်စီအစိုးရထံသို့ လေယာဉ်ဆီများကို လျှို့ဝှက်ထောက်ပံ့ပေးခဲ့ပြီး စစ်ကောင်စီက အရပ်သားများကို ဗုံးကြဲရန် အဆိုပါလေယာဉ်များကို အသုံးပြုနေသည်။ ပေကျင်းကလည်း သီးခြားအနေဖြင့် ဒေါ်လာ ၃ ဘီလီယံခန့် တန်ဖိုးရှိ အကူအညီများကို ကမ်းလှမ်းခဲ့သည်။ လက်နက်များနှင့် အထောက်အပံ့များ ပြန်လည်ရရှိခဲ့ပြီးနောက် စစ်တပ်သည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များတွင် ထိုးစစ်ဆင်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီး အရေးပါသော လားရှိုးမြို့နှင့် တရုတ်နိုင်ငံသို့ သွားရာ လမ်းမကြီးကို ပြန်လည်သိမ်းပိုက်ခဲ့ကာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား သမ္မတအဖြစ် တင်မြှောက်သည့် ရွေးကောက်ပွဲများကို စီစဉ်ကျင်းပခဲ့သည်။

 

သို့သော်လည်း ကမ္ဘာကြီးက မျက်ကွယ်ပြုထားဆဲ ဖြစ်သည်။ ဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ဘုံသဘော တူညီချက် ငါးရပ် (အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ အဖွဲ့အစည်းများအကြား ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်) ကို သဘောတူညီခဲ့ကြသော်လည်း စစ်ကောင်စီက နှစ်ရက်အတွင်း ငြင်းပယ်ခဲ့ပြီး ထိုအချိန်မှစ၍ လျစ်လျူရှုခဲ့သည်။

 

နိုင်ငံအတွက် အကူအညီများလည်း လျော့နည်းလာနေသည်။ ကုလသမဂ္ဂ၏ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ် (လူဦးရေ ၂၀ သန်းနီးပါးထံသို့ ရောက်ရှိရန် ဒေါ်လာ ၁ဒသမ၁၄ ဘီလီယံ) သည် နှစ်လယ်ပိုင်းအထိ ၁၂ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိခဲ့ပြီး နှစ်ကုန်ပိုင်း အထိ အပြည့်အဝ ရရှိခြင်း မရှိခဲ့ပေ။ ပြင်းထန်သော ထိုးနှက်ချက်မှာ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် အကူအညီပေးရေး အစီအစဉ်များကို သမိုင်းအစဉ်အဆက် အခိုင်အမာ ထောက်ခံခဲ့သည့် ဝါရှင်တန်ဒီစီမှ လာခြင်းဖြစ်သည်။ ထရမ့်အစိုးရ၏ USAID ကို ဖျက်သိမ်းမှုသည် ၂၀၂၅ ခုနှစ်တစ်ခုတည်းတွင်ပင် မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီ ဒေါ်လာ ၂၅၉ သန်းခန့်ကို ဖြတ်တောက်ခဲ့ပြီး နောင်လာမည့် အကူအညီများကိုလည်း လျှော့ချခဲ့သည်။

 

ဝါရှင်တန်သည် ၎င်းတို့နိုင်ငံ၏ ပြိုလဲမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများကိုလည်း စွန့်ပယ်ခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုရှိ မြန်မာနိုင်ငံသား ၄,၀၀၀ ခန့်အတွက် ယာယီအကာအကွယ် ပေးထားသည့် အဆင့်အတန်း (TPS) ကို မြန်မာနိုင်ငံသည် ဘေးကင်းလုံခြုံပြီဟု ကြေညာကာ ရပ်စဲခဲ့ သည်။ မြန်မာနိုင်ငံအကြောင်း လေ့လာနေသူ မည်သူမျှ ဤအချက်ကို သဘောမတူကြပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် လူ့အခွင့်အရေး အခြေအနေများ ပိုမိုဆိုးရွားလာကြောင်း တွေ့ရှိခဲ့သည်။ လူများကို ပြန်လည်စေလွှတ်ခြင်းသည် ၎င်းတို့အား စစ်ပွဲဇုန်အတွင်းသို့ ပြန်လည်စေလွှတ်ခြင်းပင် ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသားများကို ၎င်းတို့နိုင်ငံရှိ ပဋိပက္ခများအတွင်းသို့ ပြန်လည်စေလွှတ်နေသည့် တစ်ခုတည်းသော နိုင်ငံမဟုတ်ပါ။

 

ဥရောပသမဂ္ဂ အဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် ဂျာမနီ၊ ဩစတြီးယား၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဂရိနိုင်ငံတို့သည် ခိုလှုံခွင့် ငြင်းပယ်ခံရသူများအတွက် အဝေးရောက် “ပြန်လည်စေလွှတ်ရေး စခန်းများ” ပြုလုပ်ရန် ရှာဖွေနေကြသည်။ ထိုင်းနိုင်ငံသည် နိုင်ငံပြင်ပတွင် မြန်မာလူဦးရေ အများဆုံး (လူဦးရေ လေးသန်းကျော်၊ ထိုထဲမှ ထက်ဝက်ခန့်မှာ တရားမဝင် နေထိုင်သူများ) ကို လက်ခံထားသည်။

 

ထိုင်းအာဏာပိုင်များသည် ပုံမှန်လူဝင်မှုကြီးကြပ်ရေး ဝင်ရောက်စီးနင်းမှုများနှင့် အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမှုများကို လုပ်ဆောင်လေ့ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း သုံးလတာကာလတစ်ခုတည်းတွင်ပင် မြန်မာနိုင်ငံသား ၁၄၄,၀၀၀ ကျော်ကို ဖမ်းဆီးကာ ပြန်လည်စေလွှတ်ခဲ့သည်။ အိန္ဒိယနိုင်ငံသည်လည်း မြန်မာဒုက္ခသည်များကို အရှိန်အဟုန်ဖြင့် ပြည်နှင်ဒဏ်ပေးနေပြီး အထူးသဖြင့် ပဋိပက္ခများ ပြင်းထန်နေသည့် အိန္ဒိယမြောက်ပိုင်းသို့ ဖြတ်ကျော်လာသူများအပေါ် နှင်ထုတ်နေခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံသည်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ရပ်တန့်ရန် အရေးပေါ်တောင်းဆိုမှုများ ရှိလင့်ကစား မြန်မာဒုက္ခသည်များကို အကြိမ်ကြိမ် ပြည်နှင်ဒဏ်ပေးခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော်ခွင့် ပြုခဲ့သော်လည်း ၎င်းတို့အားလုံးကို ကမ္ဘာ့အကြီးဆုံးနှင့် အဆိုးရွားဆုံး ဖြစ်နိုင်ဖွယ်ရှိသည့် ကော့စ်ဘဇားဒေသဝန်းကျင်ရှိ ကူတူပါလောင် စခန်းအတွင်း၌သာ ပိတ်လှောင်ထားခဲ့သည်။ ထိုနေရာတွင် ဒုက္ခသည်များသည် မုတ်သုံလေဒဏ်ကို မခံနိုင်သည့် ယာယီတဲများတွင် နေထိုင်ကြရပြီး မစင်များသည် စခန်းအတွင်း မြစ်များကဲ့သို့ စီးဆင်းနေကာ ကလေးငယ်များမှာ စားနပ်ရိက္ခာ အလုံအလောက် မရရှိကြဘဲ အလုပ်အကိုင်မရှိသည့် လူငယ်များသည် တစ်နေ့လုံး ပြင်းထန်ပြီး တရားမဝင်သည့် စိတ်ကြွဆေးပြား (ယာဘ) များကို သုံးစွဲနေကြကြောင်း သိရသည်။

 

ထို့ထက် ပို၍ ထင်ရှားစေသည်မှာ အမေရိကန်ပြည်ထောင်စုသည် စစ်ကောင်စီအစိုးရထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အချို့ (စစ်ကောင်စီ၏ လက်နက်ပွဲစားများအဖြစ် စွပ်စွဲခံထားရသူများ အပါအဝင်) အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းခဲ့သည်။ စစ်ကောင်စီသည် အခွင့်အလမ်းကို ရိပ်မိကာ ဝါရှင်တန်ဒီစီကို စည်းရုံးရန် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့သည်။ ၎င်းတို့သည် ထရမ့်နှင့် ဆက်နွှယ်နေသည့် DCI Group ကုမ္ပဏီကို ဒေါ်လာ ၃ သန်းတန် စာချုပ်ဖြင့် ငှားရမ်းခဲ့ပြီး သမ္မတ၏ ရေရှည်ယုံကြည်စိတ်ချရသူ Roger Stone သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို “ပြန်လည်တည်ဆောက်ရန်” တစ်လလျှင် ဒေါ်လာ ၅၀,၀၀၀ ရရှိနေသည်။

 

စာသင်ကျောင်းများကို ဗုံးကြဲပြီး မိမိတို့၏ အရပ်သားများကို ငတ်မွတ်စေသည့် အာဏာရှင် အဖွဲ့အစည်း တစ်ခုသည် ယခုအခါ မိမိတို့ပြည်သူများ၏ သွေးများဖြင့် ပေးချေကာ ဂုဏ်သိက္ခာကို လစဉ် ဝယ်ယူနေသည်။ သေဆုံးသူအရေအတွက် မြင့်တက်လာသည်နှင့်အမျှ ယခုမေးခွန်းမှာ ကူညီနိုင်စွမ်း ရှိသည့် မည်သူမဆို ဆက်လက်ကြည့်ရှုရန် စိတ်ဝင်စားမှု ရှိနေသေးသလော သို့မဟုတ် မျက်ကွယ်ပြုထား ခြင်းသည်ပင် ၎င်း၏ အဖြေတစ်ခု ဖြစ်နေသလော ဟူ၍ ဖြစ်သည်။

 

ကိုးကား - Council on Foreign Relations

 

ပုံစာ - မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း မြန်မာစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံတစ်ခု၌ လောင်ကျွမ်းနေသော မီးကို ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်နေကြစဉ်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်။ (ဓာတ်ပုံ - Getty Images)

 

 

လေကြောင်းတိုက်ခိုက်မှု
GDP
မြန်မာ
ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းလိမ်လည်မှုများ
တရုတ်
USAID
အမေရိကန်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ
ထိုင်း
အာဏာသိမ်းစစ်အုပ်စု

Share With
bap-logo