bap-logo
Articles

တစ်ပါတီစနစ်ကျင့်သုံးသည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို အဘယ်ကြောင့် ထောက်ခံနေသနည်း

mqmYNIbJT9-b-kQ8YYDfz-image

လွန်ခဲ့သော ၂ နာရီ က

BAP၊ ဘာသာပြန်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် အတုအယောင်မျှသာဖြစ်သည်ဟု အများက ရှုမြင်ကြသော်လည်း စစ်အစိုးရအတွက်မူ ၎င်းတို့၏ တရားဝင်မှုကို တည်ဆောက်ရန် ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ထို့အပြင် ၎င်းသည် မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှုကို ပြသရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

 

လွန်ခဲ့သော ငါးနှစ်က မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အမေရိကန်ပြည်ထောင်စုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အမေရိကန်အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီစနစ် အားကောင်းစေရန်နှင့် ဒေသတွင်း၌ တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန်အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများကို ထောက်ပံ့ခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေး အစီအစဉ်များကို ကူညီပေးခဲ့သည်။

 

၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း စစ်တပ်က အဓိကအုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံတွင် ယင်းရွေးကောက်ပွဲမှာ အမှန်တကယ် ယှဉ်ပြိုင်ခဲ့ကြသည့် ရွေးကောက်ပွဲအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ မဲဆန္ဒရှင်များသည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်အသတ် အနိုင်ပေးခဲ့ကြသော်လည်း လပိုင်းအတွင်းမှာပင် စစ်ဗိုလ်ချုပ်များက အာဏာကို ပြန်လည်သိမ်းယူခဲ့သဖြင့် ဝါရှင်တန်က မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို လျှော့ချခဲ့သည်။

 

ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲရာသီ ပြန်လည်ရောက်ရှိလာပြီး တနင်္ဂနွေနေ့တွင် မဲပေးမှုများ စတင်တော့မည်ဖြစ်သည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် နိုင်ငံရေးသမား အများအပြား ပါဝင်မည်မဟုတ်ဘဲ စစ်တပ်ထိန်းချုပ်ထားသည့် နယ်မြေများတွင်သာ ကျင်းပမည့် ဤမဲပေးပွဲကို ကုလသမဂ္ဂက အတုအယောင်ဟု ခေါ်ဆိုခဲ့သည်။ သို့သော် ထိုရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ထောက်ခံသူတစ်ဦးရှိနေသည်မှာ တစ်ပါတီစနစ် ကျင့်သုံးသည့် တရုတ်နိုင်ငံဖြစ်သည်။

 

လွန်ခဲ့သည့်နှစ်က ထူးခြားသော ထုတ်ပြန်ချက်တစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံအနေဖြင့် တိုက်ပွဲများ ရပ်စဲကာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်နှင့် “ပြည်သူ့ဆန္ဒကို အခြေခံသည့် အမျိုးသားအုပ်ချုပ်ရေး” ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်

 

ပေကျင်းအတွက်မူ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ပေးမည့် အရေးပါသော လမ်းကြောင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံငယ်လေးတွင် အဝေးပြေးလမ်းမကြီးများနှင့် ရေနက်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ဒေါ်လာဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသည်။ သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံ ပျက်စီးနေခြင်းက ထိုအစီအစဉ်များကို ခြိမ်းခြောက်လျက်ရှိသည်။

 

လွန်ခဲ့သည့်နှစ်က ထူးခြားသော ထုတ်ပြန်ချက်တစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံအနေဖြင့် တိုက်ပွဲများ ရပ်စဲကာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်နှင့် “ပြည်သူ့ဆန္ဒကို အခြေခံသည့် အမျိုးသားအုပ်ချုပ်ရေး” ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။

 

စစ်ကောင်စီက မဲစာရင်းများ ပြုစုနိုင်ရန်အတွက် တရုတ်နိုင်ငံက နည်းပညာနှင့် ရန်ပုံငွေ အကူအညီများ ပေးမည်ဟု ကတိပြုထားသည်။ တစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံက ရွေးကောက်ပွဲများကို မြှင့်တင်နေသည့် ဝိရောဓိဖြစ်ရပ်ကို လေ့လာသူများက သတိပြုမိကြသည်။ အချို့နိုင်ငံများက မချစ်သော်လည်း အောင့်အီး ဆက်ဆံရမည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် ဤရွေးကောက်ပွဲကို အကောင်းဆုံးနည်းလမ်းအဖြစ် တရုတ်နိုင်ငံက ရှုမြင်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဘီလာရုစ်၊ ရုရှားတို့နှင့်အတူ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ စေလွှတ်မည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သည်။

 

ဝါရှင်တန်ရှိ Stimson Center မှ တရုတ်စီမံကိန်း ညွှန်ကြားရေးမှူး ယွန်းဆန်းက “တရုတ်တွေက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဦးဆောင်ဖို့ ကြိုးစားနေတာဟာ ဟာသတစ်ခုလိုပါပဲ။ ဒါပေမဲ့ ဒါဟာ ဒီရွေးကောက်ပွဲကို တရားဝင်သယောင် ဖြစ်အောင်နဲ့ အတတ်နိုင်ဆုံး ကြည့်ကောင်းအောင် တရုတ်က ဘယ်လောက်အထိ ကြိုးပမ်းနေသလဲဆိုတာကို ပြသနေတာပါ။” ဟု ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားကို ထိန်းညှိရန်အတွက် စစ်ကောင်စီနှင့် တော်လှန်ပုန်ကန်သူတပ်ဖွဲ့ များနှစ်ဖက်စလုံးကို လက်နက်များ ထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် အချို့သော လက်နက်ကိုင်အဖွဲ့များအပေါ် ၎င်း၏ ဩဇာကို အသုံးချကာ သိမ်းပိုက်ထားသော နယ်မြေများကို စစ်တပ်ထံ ပြန်ပေးရန် ဖိအားပေးခဲ့သည်။ ယခုအခါ ၎င်းတို့၏ မျှော်လင့်ချက်မှာ ရွေးကောက်ပွဲမှတစ်ဆင့် တည်ငြိမ်မှုတစ်စုံတစ်ရာ ရရှိလာပြီး ရပ်တန့်နေသည့် ရေနက်ဆိပ်ကမ်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများကို ပြန်လည်စတင်နိုင်ရန် ဖြစ်သည်။ ဤစီမံကိန်းများသည် မလက္ကာရေလက်ကြားအပေါ် တရုတ်၏ မှီခိုမှုကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဆိုပါရေလက်ကြားကို အမေရိကန်က တစ်နေ့တွင် ပိတ်ဆို့ဖြတ်တောက်မည်ကို ပေကျင်းက စိုးရိမ်နေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။” ဟု ပေကျင်းရှိ တရုတ်အရာရှိများက ၎င်းကို ပြောကြားခဲ့ကြောင်း ဆိုသည်။ ၎င်း၏ ပါတီသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ အခမဲ့ဖိတ်ကြားသည့်လေ့လာရေးခရီးစဉ်” သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ပါတီအများအပြားထဲတွင် ပါဝင်သည်။

 

တစ်ချိန်က မြန်မာနိုင်ငံ၏ ထင်ရှားသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက တရုတ်နိုင်ငံသည် ၎င်း၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ သိသိသာသာ လုပ်ဆောင်နေသော်လည်း “အမေရိကန်က ကြားနေဖြစ်နေချိန်မှာ တရုတ်ကတော့ နီးစပ်ပြီး ဩဇာညောင်းသလို ထိတွေ့ဆက်ဆံဖို့လည်း ဆန္ဒရှိနေတယ်။” ဟု ပြောကြားခဲ့သည်။ “ဝါရှင်တန်က တန်ဖိုးထားမှုတွေအကြောင်း ပြောပေမဲ့ ပေကျင်းကတော့ လက်တွေ့ဩဇာကို ယူဆောင်လာတာပါ။ အမေရိကန်က စကားလုံးတွေပဲ ပေးနိုင်ပြီး ကတိကဝတ်မပေးနိုင်လို့ မြန်မာနိုင်ငံက တရုတ်ဘက်ကို ဆက်ပြီး ယိမ်းနေရတာပါ။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

သို့သော် မဲပေးမှုကို စစ်ကောင်စီ ထိန်းချုပ်ထားသည့် နယ်မြေများ သို့မဟုတ် နိုင်ငံ၏ ထက်ဝက်ကျော်တွင်သာ ကျင်းပနိုင်မည်ဖြစ်သည်။ သူပုန်အဖွဲ့အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းထားကြသည်။

 

NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “တရုတ်က မျှော်လင့်သလိုမျိုး ရွေးကောက်ပွဲ ကျင်းပရုံနဲ့ မြန်မာနိုင်ငံ တည်ငြိမ်လာဖို့ ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးအရပ်အဝန်း ပေါ်ပေါက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီရွေးကောက်ပွဲကနေ အရပ်သားအစိုးရဆိုတာ ပေါ်လာရင်တောင် ဒါဟာ အရပ်ဝတ်လဲထားတဲ့ စစ်အာဏာသိမ်းခေါင်းဆောင်တွေက ဆက်ပြီး အုပ်ချုပ်နေတာပဲ ဖြစ်မှာပါ။” ဟု ပြောကြားခဲ့သည်။

 

နယ်စပ်ရှိ မတည်ငြိမ်မှုများ၊ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာကို သားကောင်ဖြစ်စေခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စစ်ကောင်စီက မနှိမ်နင်းနိုင်ခြင်းနှင့် လွန်ခဲ့သည့်နှစ်က မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရခြင်းတို့ကြောင့် ပေကျင်းကလည်း ဗိုလ်ချုပ်မှူးကြီးအပေါ် မကျေနပ်မှုကို ပြသခဲ့သည်

 

ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသည့် စစ်တပ်လိုလားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကွန်မြူနစ်ပါတီ အရာရှိများနှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ငါးကြိမ်တိုင်တိုင် သွားရောက်ခဲ့ကြသည်။

 

သူတို့က ပြိုင်ဘက်မရှိဘဲ နိုင်ငံကို အုပ်ချုပ်နိုင်ဖို့အတွက် အဲဒီတစ်ပါတီစနစ်ကို ဘယ်လိုစနစ်တကျ တည်ဆောက်ခဲ့သလဲဆိုတာ ရှင်းပြပါတယ်။ ရွေးကောက်ပွဲတွေမှာ လိုချင်တဲ့ရလဒ် ဘယ်လိုရအောင် လုပ်ရမလဲဆိုတာနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်ထွက်လာအောင် လုပ်ငန်းစဉ်တွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။” ဟု အဆိုပါပါတီမှ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းရွှေက ပြောကြားခဲ့သည်။ “ဗဟိုက ထိန်းချုပ်ထားတဲ့အောက်မှာ ဒီမိုကရေစီစနစ်ကို ဘယ်လို လည်ပတ်နိုင်မလဲဆိုတဲ့ အကြံဉာဏ်တွေကို သူတို့က မျှဝေခဲ့ကြတာပါ။” ဟုလည်း ၎င်းက ဆိုသည်။

 

မြန်မာစစ်တပ်က အာဏာကို ဆက်လက်ထိန်းချုပ်ထားဦးမည် ဖြစ်သော်လည်း ဤရွေးကောက်ပွဲသည် အမည်ခံအရပ်သားအစိုးရထံသို့ ပြန်သွားခြင်း သို့မဟုတ် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်မှု အပြောင်းအလဲများ ဖြစ်လာနိုင်သည်။ ရွေးကောက်ပွဲအပြီးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ဆိုသည်မှာ မသေချာသေးပေ။

 

စစ်ဗိုလ်ချုပ်ဟောင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်သူ ဒေါ်သက်သက်ခိုင်က “နောက်အစိုးရဖွဲ့မယ့်သူတွေဟာ လက်ရှိစစ်အစိုးရက လူတွေပဲ ဖြစ်နေဦးမယ် ဆိုရင်တောင် သူတို့ လည်ပတ်မယ့်စနစ်က ပြောင်းလဲသွားမှာပါ။ အဲဒါက ဒီမိုကရေစီလမ်းကြောင်းဘက်ကို ပိုပြီး ဦးတည်သွားလိမ့်မယ်လို့ ဆိုလိုတာပါ။” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို “ကျွန်မတို့ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီဆီကို တစ်လှမ်းချင်း တိုးနိုင်အောင် ကူညီပေးနေတာပါ။” ဟုလည်း ၎င်းက ဆိုသည်။

 

ဟောင်ကောင် အာရှလေ့လာရေး သုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဖန်နီယန်က ဤရွေးကောက်ပွဲကို စစ်အုပ်ချုပ်ရေး ခိုင်မာစေရန် လုပ်ဆောင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် နောက်ပိုင်းတွင် အနောက်နိုင်ငံများက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်နှင့် ထိတွေ့ဆက်ဆံရန် လမ်းစဖြစ်ခဲ့သည်။အနောက်နိုင်ငံတွေက ဘယ်လိုပဲ ထင်ထင်၊ ဒါဟာ အနည်းဆုံးတော့ ဒီမိုကရေစီ ဖော်ဆောင်မှု လုပ်ငန်းစဉ်တစ်ခုပါပဲ။” ဟု မစ္စတာ ဖန်က ပြောကြားခဲ့သည်။

 

နောက်ဆုံးတွင် တရုတ်က ဤရွေးကောက်ပွဲအပေါ် ပေးအပ်မည့် တရားဝင်မှုဟန်ဆောင်ချက်သည် မြန်မာစစ်ကောင်စီ၏ အာဏာကို ခိုင်မာစေရန်နှင့် စစ်တပ်၏ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟု ခေါ်ဆိုသည့် အယူအဆကို ရှေ့ဆက်နိုင်ရန် အထောက်အကူ ဖြစ်စေနိုင်သည်။

 

အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဟောင်း ဂျေဆန်တာဝါက “တရုတ်နိုင်ငံ အလိုမရှိဆုံးအရာကတော့ စနစ်ကို ပြောင်းလဲပစ်ပြီး မြန်မာစစ်တပ်ကို အာဏာကနေ ဖယ်ရှားလိုက်မယ့် အလုံးစုံ တော်လှန်ရေး ဖြစ်လာမှာကိုပါပဲ။” ဟု ပြောကြားခဲ့သည်။

 

သို့သော် ထင်သာမြင်သာရှိသည့် ရင်းနှီးမှုများ ရှိနေလင့်ကစား မြန်မာစစ်ဗိုလ်ချုပ်များသည် တရုတ်အပေါ် သံသယရှိနေဆဲ ဖြစ်သည်။ မြန်မာ့နယ်စပ်ဒေသမှ သူပုန်တပ်ဖွဲ့များကို ထောက်ပံ့နေသည့် တရုတ်၏ အခန်းကဏ္ဍကို ၎င်းတို့က မနှစ်သက်ကြသလို အိမ်နီးချင်းနိုင်ငံကြီးအပေါ် အလွန်အကျွံ မှီခိုနေရမည်ကိုလည်း စိုးရိမ်နေကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အများဆုံး သွားရောက်ခဲ့သည့် နိုင်ငံမှာ တရုတ်မဟုတ်ဘဲ ရုရှားနိုင်ငံ ဖြစ်သည်။

 

နယ်စပ်ရှိ မတည်ငြိမ်မှုများ၊ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာကို သားကောင်ဖြစ်စေခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စစ်ကောင်စီက မနှိမ်နင်းနိုင်ခြင်းနှင့် လွန်ခဲ့သည့်နှစ်က မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရခြင်းတို့ကြောင့် ပေကျင်းကလည်း ဗိုလ်ချုပ်မှူးကြီးအပေါ် မကျေနပ်မှုကို ပြသခဲ့သည်။

 

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထိန်းညှိလိုကြသည့် မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများအနေဖြင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ဆိုသည်။

 

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုမှ သုတေသီ Morgan Michaels က “နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ခုခုကို ထူးထူးခြားခြား လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဘာမှမလုပ်ဘဲ ဆက်ပြီး စောင့်နေဦးမယ်ဆိုရင်တော့ ဒီနိုင်ငံဟာ ဆက်ပြီး ပြိုကွဲနေဦးမှာဖြစ်သလို တရုတ်ရဲ့ ဩဇာအောက်ကို ပိုပြီး ဆွဲသွင်းခံရဦးမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

 

ကိုးကား - The New York Times

ပုံစာ - သြဂုတ်လအတွင်း တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့ရှိ ဧည့်ဂေဟာ၌ ပြုလုပ်ခဲ့သည့် မြန်မာနှင့် တရုတ်ခေါင်းဆောင်များအကြား နှစ်နိုင်ငံတွေ့ဆုံမှု။ Pool photo by Andres Martinez Casares

 

 

တရုတ်
ရွေးကောက်ပွဲ
မြန်မာ

Share With
bap-logo