Article
ပဋိပက္ခနှင့် ရာသီဥတုဖောက်ပြန်ခြင်းကို အံတုနေရသော အိမ်ထောင်ဦးစီး တောင်သူမကြီး
လွန်ခဲ့သော ၇ ရက် က
BAP၊ ဩဂုတ် ၁၆။
အမျိုးသားဖြစ်သူ မြေဆိုးကိုက်ခံလိုက်ရခြင်းက ဒေါ်သူဇာ၏ ဘဝကို တဆစ်ချိုး ပြောင်း စေခဲ့သည်။
သူ၏ အမျိုးသားသည် လွန်ခဲ့သည့် သုံးနှစ် (၂၀၂၂ ခုနှစ်)က လယ်၌ညစောင့်အိပ်ရင်း မြွေကိုက်ခံ ရခြင်းဖြစ်သည်။ ရေပုံမှန်မလွှတ်နိုင်သည့် သဖန်းဆိပ်ဆည်ရေကိုစောင့်ရင်း ထိုသို့ကြုံခဲ့ရခြင်းပင်။ မြွေဆိုး ကိုက်ခံရသည့်အတွက် ကျောက်ကပ်နှင့် လည်ချောင်း ဟော်မုန်းကို ထိခိုက်သွားကာ ထိုအချိန်မှစကာ ပင်ပန်းသည့်အလုပ်များ မလုပ်နိုင်တော့ပေ။
ယင်းနောက် မိသားစု လယ်ယာလုပ်ငန်းနှင့် အိမ်ထောင်တာဝန်များကို ဒေါ်သူဇာဦးစီး လာခဲ့သည်။
ဒေါ်သူဇာသည် ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် စကားပြောလျှင် ဖြည်းဖြည်းနှင့် မှန်မှန်ပင်။ အသက်သုံးဆယ် ဝန်းကျင်အရွယ်ဖြစ်သော်လည်း နေလောင်မွဲခြောက်သည့် အသားအရေကြောင့် ရှိရင်းအသက်ထက် ပိုကြီးနေပုံရစေသည်။
အိမ်ထောင်ဦးတာဝန်နှင့် လယ်ယာလုပ်ငန်းကို လွှဲယူချိန်မှစ၍ တောင်သူဒေါ်သူဇာတယောက် ခန္ဓာကိုယ် အင်အားကို ယခင်ထက် ပိုမိုအသုံးပြုရသည်။ သို့သော်လည်း ၎င်းမိသားစု၏ ဝင်ငွေအကြပ်အတည်းမှာ ယခင်ကဲ့သို့ လောက်လောက်လားလား ပြေလည်ခြင်း မရှိပေ။
ဆွေမျိုးများထံမှ အခကြေးငွေဖြင့် ငှားရမ်းထားသည့် လယ် ၁ ဧကနှင့် ယာ ၇ ဧက ခန့်ကို သူ ဦးစီး လုပ်ကိုင်သည်။ စပါး၊ မြေပဲ၊ နှင့် ပဲစင်းငုံ တို့ကိုစိုက်ပျိုး သည်။ အိမ်စားရန် အတွက် စပါးစိုက်ပျိုးပြီး မိသားစုဝင်ငွေအတွက် မြေပဲနှင့် ပဲစင်းငုံတို့ကို စိုက်ပျိုးရောင်း ချသည်။
အသုံးစရိတ်ဝင်ငွေအတွက် တနှစ်လျှင် မြေပဲ နှစ်ကြိမ် နှင့် ပဲစင်းငုံတကြိမ် စိုက်ပျိုး ရိတ်သိမ်း ရောင်းချသည်။ မြေပဲကိုရွာတွင်ပင် ဆီကြိတ်ကာ စားဖို့ချန်၍ ကျန်မြေပဲဆီ များကိုရောင်းသည်။
မြွေဆိုးကိုက်ခံရသည့်အမျိုးသားဖြစ်သူ၏ ဆေးဖိုး သိန်းလေးဆယ်ခန့်ကုန်ကျခဲ့ပြီး အကြွေးမကျေမီ၌ပင် ပဋိပက္ခ၏လက်တံများသည် သမီးကြီးဖြစ်သူထံသို့ လှည့်လာသည်။
ကိုးနှစ်အရွယ် Grade 4 ကျောင်းသူသည် ၂၀၂၄ မေ ၌ အိုးတိန်တွင်းရွာ စာသင် ကျောင်းအား စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှုတွင် အူမကြီးနှင့် မျက်နှာကို ဗုံးစမှန်ခဲ့ သည်။
“အိမ်မှာလူနာနှစ်ယောက်ဖြစ်တာပေါ့။ အမျိုးသားဆေးကုတာက အဆင်မပြေတော့ မဆပ်နိုင်ဘူး၊ ကလေးဆေးကုတာက ထောက်ပံ့စရိတ်လေးဘာလေးရှိတယ်” ဟု၎င်းက ပြောသည်။
ဒေါ်သူဇာ၏ ဒုက္ခသည်ထိုမျှနှင့် ရပ်မသွား။
ရာသီဥတုမမှန်ကန်သဖြင့် မိုးရွာသည့်အချိန်နှင့်ပမာဏ ခန့်မှန်းရခက်လာခြင်းနှင့် မြေဆီလွှာအရည် အသွေးနိမ့်လာခြင်း တို့ကြောင့် သူ၏ လယ်လုပ်ငန်းတွင် အထွက်နှုန်းကျဆင်းကာ ဝင်ငွေအကြပ်အတည်း ပိုဖြစ်ပွားစေသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မိုးရာသီကာလ စိုက်ပျိုးခဲ့သည့် မြေပဲခင်းသည် ရိတ်သိမ်းခါနီး မိုးများမှုကြောင့် မြေပဲပျက်စီးခဲ့ကာ စိုက်ပျိုးစရိတ် အရှုံးပေါ်ခဲ့သည်။
“ဒီနှစ် ပဲမျိုးဆံရှစ်တင်းချတာ သုံးတင်းပဲပြန်ရတာ။ ရှုံးတာမှ အငှားခရော အရင်းကိုပြန် မရဘူး” ဟု ဒေါ်သူဇာကပြောသည်။
လယ်တစ်ဧကတွင် နွေစပါး မိုးစပါး နှစ်သီးလုံး စိုက်ပျိုးမှသာလျှင် ၎င်းတို့ မိသားစု လေးဦး တနှစ်လုံးစာ စားသုံးရန်ဆန်လုံလောက်မည်ဟုဆိုသည်။
ရာသီဥတုမမှန်ကန်သဖြင့် မိုးရွာသည့်အချိန်နှင့်ပမာဏ ခန့်မှန်းရခက်လာခြင်းနှင့် မြေဆီလွှာအရည် အသွေးနိမ့်လာခြင်း တို့ကြောင့် သူ၏ လယ်လုပ်ငန်းတွင် အထွက်နှုန်းကျဆင်းကာ ဝင်ငွေအကြပ်အတည်း ပိုဖြစ်ပွားစေသည်
ယခုနှစ်ဇူလိုင် အတွင်း၌ပင် ဒေါ်သူဇာ၏လယ်မြေကို ပေါင်းမြက်ရှင်း၊ ထွန်းယက်ပြီးရုံ သာမက ပျိုးပင်ကြဲ ပြီးချေပြီ။
ထိုသို့ အမြန်လုပ်ရသည်မှာလည်း အခြားရွာမှ ဧက ၃၀ ခန့်ရှိသည့်လယ်ကို အငှား လုပ်ကိုင် ရန်ရှိသည့် အတွက်ပင်။အငှားထွက်လုပ်နိုင်ရန်လည်း ကိုယ်ပိုင်လယ်တွင် မျိုးစေ့များကို စီတန်းမစိုက်ဘဲ ပတ်၍ ကြဲကာ မြန်မြန်ပြီးဆုံးစေသည်။
ကိုယ်ပိုင်လယ်ကိစ္စအပြီး၌ အခြားသူ၏လယ်တွင် အလုပ်သွားလုပ်ရန် အဆင်သင့်ဖြစ် နေချေပြီ။ ကလေး များနှင့် ခင်ပွန်းဖြစ်သူအား အဘွားဖြစ်သူထံတွင် အပ်နှံ၍ သူများရွာတွင် ဧက ၃၀ ပြီးသည်အထိ သွားနေ ကာ အသုံးစရိတ်ရှာဖွေရသည်။
ယခုနှစ်တွင် လုပ်အားခမည်မျှရမည်ကို သေချာမသိသော်လည်း မနှစ်က တစ်ဧကလျှင် တသိန်းခွဲခန့် ရသည်ဟုဆိုသည်။
လက်ရှိတွင် ဒေါ်သူဇာ၌ ငါးကျပ်တိုးဖြင့် ချေးငှားထားသည့် အကြွေးဆယ်သိန်း ခန့်ရှိသည်။ အမျိုးသား ဖြစ်သူသည် အချိန်မရွေးကျန်းမာရေ ထဖောက်နိုင်သည်။ ယခုနှစ်တွင် အမျိုးသားသာမက ကလေးနှစ်ဦး သွေးလွန်တုပ်ကွေးကြောင့် သုံးဦးစာ ကျန်းမာရေးစရိတ်ကုန်ကျရသည်။
“နေ့စဥ်အသုံးစရိတ်အကြွေးက ရှိသေးတယ်။ ကျန်းမာရေး၊ ကျောင်းလခ၊ ကျောင်းသားမုန့်ဖိုးနဲ့ အကြွေး ရှိတယ်” ဟု ဒေါ်သူဇာက အကြွေးဆယ်သိန်းတင်ရပုံကို ပြောပြသည်။
ထိုအကြွေးများကို ယခုစိုက်ပျိုးထားသည့် မြေပဲရိတ်သိမ်းပြီးပါက မြေပဲဆီကြိတ်ကာ ဆီရောင်းရသည့် ငွေနှင့် ဆပ်မည်ဟု ဒေါ်သူဇာစိတ်ကူးထားသည်။

ဗုံးစထိခဲ့၍ဆေးရုံတက်ရစဉ်မှာပင် ကျောင်းတက်ချင်ပြီဟုသမီးကြီးက တောင်းဆိုခဲ့ သည်။
သမီးကြီးသည် ယခုနှစ်၌ အလယ်တန်းစတင်တက်ရောက်ရမည်ဖြစ်ကာ ကျောင်းလခ တလတ သောင်းခွဲ နှင့် မူလတန်းတက်ရမည့် အငယ်ဆုံးသား အတွက် တလ တသောင်း လစဥ်ကုန်ကျသည်။
ဆီနှင့်ဆန်စုထားပြီးရှိသော ဒေါ်သူဇာမိသားစု၏ငွေထွက်ပေါက်အများစုသည် ကျန်းမာရေး၊ ကျောင်း လခ၊ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းမုန့်ဖိုးများပင်။
“ဘာနေနေ ဆေးဖိုးလည်း မြေပဲ၊ ဘာနေနေ မြေပဲ ကိုပဲအားကိုးနေရတာ” ဟု ၎င်း၏ အနာဂါတ် နေ့စဥ် ကုန်ကျစရိတ်များကို မြေပဲအပေါ်မှီခိုထားရမှုကိုဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ပထမအသုတ်၌စိုက်ခဲ့သည့် မြေပဲသည် အရင်းပင်ပြန်မရခဲ့ပေ။ ထိုနှစ်ဒုတိယ အသုတ် နှင့် ယခုနှစ် ပထမအသုတ် လက်ရှိစိုက်ထားလျက်ရှိသည့် မြေပဲအချို့သည် အမြစ်ပိုးကြောင့် သေကုန်ပြန် သည်ဟု ဆိုသည်။ ယခုနှစ်တွင် အမြစ်ပိုးမှာ မနှစ်ကထက် ပိုဆိုးကြောင်း ၎င်းကပြောသည်။
ငါးကျပ်တိုးဖြင့် အကြွေးယူ၍ ပိုးသတ်ဆေးဖြန်းရသောကြောင့် ပိုးတွေ့သည့် နေရာနှင့် ယင်းတဝိုက်သာ ဆေးနှစ်ပုံးကွက်ဖြန်းပြီး အခြားနေရာများကို မဖြန်းတော့ပေ။
ပိုးသတ်ဆေးများသည် လယ်ယာမြေအတွင်းရှိ အကျိုးပြုသည့် ပိုးနှင့် ရန်သူပိုး နှစ်မျိုးလုံးကို သေစေသဖြင့် ပိုးသတ်ဆေးအသုံးများပါက ရန်သူပိုးသေသည်ထက် မြေဆီလွှာအတွက် အကျိုးဖြစ်စေသည့် ဇီဝပိုးမွှား များသေကာ မြေဆီ လွှာအရည်အသွေးနိမ့်စေနိုင်ကြောင်း မြေဆီလွှာအထူးပြု သုတေသီ မရတနာက ပြောသည်။
လယ်ယာမြေကို အနားမပေးဘဲ နွေစပါး မိုးစပါး တနှစ်ပတ်လုံး စိုက်ပျိုးခြင်းနှင့် ဓါတုဗေဒ မြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုခြင်းသည် လယ်ယာမြေအတွင်းရှိ အာဟာရဓါတ်များဆုံးရှုံးပြီး လယ်ယာမြေအရည်အသွေးကို တဖြည်းဖြည်း နိမ့်ကျလာစေသည်။
မြေအရည်အသွေးနိမ့်လျှင် လယ်ယာမြေတွင်း ပိုးကျမှုကိုပိုတိုးစေနိုင်ခြင်းနှင့် လယ်ယာအထွက်နှုန်း လျော့ကာ တောင်သူများ၏ဝင်ငွေ ထိခိုက်နိုင်သည်။ လယ်ယာပိုင်တောင်သူဝင်ငွေထိခိုက်ပါက ကောက်စိုက်ပျိုးနှုတ်ကြသည့် အမျိုးသမီးအလုပ်သမားတောင်သူများလျှော့ချရာမှ ၎င်းတို့ဝင်ငွေ ထိခိုက် မည်ပင်။
သဲရောသည့် မြေဖြစ်စေ၊ ဓာတုဆေးနှင့် တနှစ်ပတ်လုံးစိုက်ပျိုးမှုကြောင့် အရည်အသွေးနိမ့်သည့် မြေဖြစ်စေ မြေဆီလွှာအာဟာရပြန်ပြည့်ရန် ဆောင်ရွက်နိုင်သည့် နည်းပညာများရှိသည်။ သို့သော် မြေကို သုတေသနအလျင်လုပ်ရန်လိုပြီး ပျက်စီးမှုအလိုက် အချိန်တရာသီစာမှစ၍ နှစ်ချီရေရှည်လုပ်ကိုင်ရန် လိုအပ်သည်။
လယ်ယာမြေကို အနားပေးကာ မြေအရည်အသွေးကောင်းအောင် ဆောင်ရွက်ရန်မှာ ဝင်ငွေအလုံးစုံကို လယ်ယာမြေလုပ်ငန်း တခုတည်းပေါ်တွင်ပင် မှီခိုနေရသည့် ဒေါ်သူဇာကဲ့သို့ တောင်သူအများအပြား အတွက် မဖြစ်နိုင်ပေ။
“ဒီမြေကို လှမ်းထားတဲ့အချိန် အခြားဝင်ငွေရတဲ့အလုပ်ရှိရင်အဆင်ပြေတယ်။ ဒါမှမရှိရင် စားစရာမရှိဘူး၊ ဒါပဲရှိတယ်ဆိုရင် ဒီမြေကို ပြုပြင်ဖို့အားပေးလို့မရဘူး” ဟု မရတနာကပြောသည်။
လယ်ယာမြေများမှ စားဝတ်နေရေးပြေလည်စေမည့် ဝင်ငွေကောင်းစွာမရရှိခြင်း နှင့် အခြား ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင် ရှားပါးမှုက လယ်ယာမြေအရည်အသွေးကို မြှင့်တင်ရန်အတွက် ကြီးမား သည့် စိန်ခေါ်မှုဖြစ်နေသည်။
ပဋိပက္ခဒေသအတွင်းနေထိုင်သည့် ဒေါ်သူဇာသည် ရာသီဥတုခန့်မှန်းရခက်လာခြင်းကြောင့် ဝင်ငွေ လျော့လာသည့် မိသားစုစားဝတ်နေရေးအကြပ်အတည်းကြားမှ အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကိုလည်း အချိန်ပြည့်သတိထားနေရပြန်သည်။ ၎င်းကိုယ်တိုင် မကြာခဏမေ့တတ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ စိုးရိမ်ပူပန်မှုတို့ခံစားနေရသည်ဟုဆိုသည်။
“ကိုယ်ကလည်း ကျန်းမာရေးမကောင်းတော့ သွေးအားနည်း သွေးပေါင်ကျလည်း အားတင်းပြီးနေတာပဲ။ အကြောဆေးလေးဘာလေးသွင်း” ဟု ဒေါ်သူဇာကပြောသည်။
ခင်ပွန်းဖြစ်သူ ကျန်းမာစဥ်ကလောက် အဆင်မပြေကြောင်းကို “ဟိုရက်တွေတုန်းကဆို သူကလည်း ကျန်းမာရေးကောင်းတုန်းကဆို ကိုယ်စဥ်းစားရတာတွေက အဆင့်အတိုင်းလေး လုပ်ရတာတွေက အဆင်ပြေတာပ။ အခုကျတော့ အဆင်မပြေဘူး” ဟု ၎င်းကညဥ်းတွားသည်။
ကိုယ်တိုင် ကောင်းစွာအိပ်မပျော်သော်လည်း ပင်ပန်းသည့်အလုပ်များမလုပ်နိုင်တော့သည့် ခင်ပွန်းနှင့် သမီးကြီး တို့၏ ကျန်းမာရေးကုန်ကျစရိတ်၊ သမီးကြီးနှင့် သားငယ်တို့၏ ပညာရေးစရိတ် စသည့် တို့အတွက် ဒေါ်သူဇာသည် လယ်ကွက်များမှ ဝင်ငွေရမည့် အစီအစဥ်များဆွဲဆဲပင်။
“ဒီခေတ်ဆိုးကြီးထဲ ရအောင် ကျော်ဖြတ်မယ်၊ ကလေးတွေလည်းကျောင်းထားမယ်။ ငုံခံမနေဘူးပ ” ဟု ဒေါ်သူဇာဆိုသည်။ နေမကောင်းစဥ်ကအဖွဲ့အစည်းများ၏အကူအညီများကြောင့် အသက်ရှင်ခဲ့သဖြင့် သမီးနှင့် သားဖြစ်သူအား ပြည်သူလူထုကို အထောက်အကူပြုမည့်သူ ဖြစ်လာစေချင်သည်ဟု သားသမီး တို့၏ပညာရေးနှင့်ပတ်သက်သည့် ၎င်းဆန္ဒကို ပြောပြသည်။
တောင်သူမကြီး ဒေါ်သူဇာတစ်ယောက် အကြွေးတွေပိနေပေမယ့်လည်း ပြောင်းလဲနေသည့် ရာသီဥတုကြား တစ်နှစ်ကောင်းနိုးဖြင့် လယ်ယာမြေပေါ်မှာ ခွန်အားတွေခင်းပြီး အံတုနေဆဲပင်။
(ဘေးကင်းလုံခြုံမှုအခြေအနေအတွက် ဇာတ်ကောင်များ၏ အမည်များကိုပြောင်းလဲထားပါသည်။)
Burma Associated Press