bap-logo
International

အင်တာနက်၏ သုံးပုံတစ်ပုံကျော်ကို ယခုအခါ AI ဖြင့် ရေးသားနေကြောင်း လေ့လာဆန်းစစ်ချက်တစ်ခုက ဖော်ပြ

hMPGphQ6UiN5khTJ4zung-image

လွန်ခဲ့သော ၂ နာရီ က


BAP ဘာသာပြန်။



‘Dead internet theory’ အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ယင်းသုတေသန ထွက်ပေါ် လာခြင်းဖြစ်သည်။



အင်တာနက်၏ သုံးပုံတစ်ပုံကျော်ကို ယခုအခါ AI နည်းပညာဖြင့် ရေးသားနေကြပြီဖြစ်ကြောင်း လေ့လာဆန်းစစ်ချက် အသစ်တစ်ခုက ဖော်ပြသည်။


Pew Research Centre မှ ရရှိသော ဒေတာများအရ ဝဘ်စာမျက်နှာ အသစ်များ၏ ၃၅ ရာခိုင်နှုန်းတွင် "AI ဖြင့် သိသိသာသာ ပြင်ဆင်ထားခြင်း သို့မဟုတ် AI က ရေးသားထားခြင်း" လက္ခဏာများ တွေ့ရှိရကြောင်း သိရှိရသည်။


သုတေသနအသစ်သည် "Dead internet theory" ဟုခေါ်သည့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ Dead internet theory ဆိုသည်မှာ အင်တာနက်ကို လူများထက် အလိုအလျောက် လုပ်ဆောင်သည့် စနစ်များက ပိုမိုဖန်တီး၍ အသုံးပြုနေကြခြင်းဖြစ်ကြောင်း ရည်ညွှန်း ထားခြင်းဖြစ်သည်။ ၎င်းမှာ ယခုနွေရာသီ အစောပိုင်းက Cloudflare ဝဘ်အခြေခံ အဆောက် အအုံ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး AI bot များက လူများ ထက် အင်တာနက်ကူးလူးဖြတ်သန်းမှုများ ပိုမိုဖန်တီးနေပြီဖြစ်ကြောင်း သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



Pew ၏ လေ့လာမှုတွင် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း စုဆောင်းထားသော အင်္ဂလိပ်ဘာသာ စကားဖြင့် ဝဘ်စာမျက်နှာ ပေါင်း ငါးသိန်းနီးပါး ပါဝင်သည့် ဝဘ်မော်ကွန်းတိုက်ကို အသုံးပြုခဲ့သည်။ ထို့နောက် သုတေသီများသည် ထိုမော်ကွန်းတိုက်ကို Open Pangram ဟုခေါ်သော ကိရိယာတစ်ခုဖြင့် စစ်ဆေးခဲ့ပြီး အဆိုပါ စာသားများသည် AI ကို အသုံးပြု၍ ရေးသားထားခြင်း ဟုတ်မဟုတ် ခွဲခြားစိတ်ဖြာ ခဲ့ကြသည်။

နမူနာ စာမျက်နှာများ၏ ၁၀ ရာခိုင်နှုန်းတွင် "AI ဖြင့် ရေးသားထားသည့် သိသာထင်ရှားသော လက္ခ  ဏာများ" တွေ့ရှိခဲ့ရသည်။ သို့သော် ChatGPT ထွက်ရှိပြီးနောက်ပိုင်း ပုံနှိပ်ထုတ်ဝေခဲ့သည့် စာမျက်နှာ များကို သီးသန့်ကြည့်ရှုသောအခါ ထိုနမူနာများ၏ ၃၅ ရာခိုင်နှုန်းသည် AI ဖြင့် ရေးသား ထားဟန် ရှိသည်ကို တွေ့ရှိခဲ့ရသည်။


အလိုအလျောက် AI စစ်ဆေးသည့် ကိရိယာများသည် စိတ်မချရဘဲ AI ရေးသားချက်ကို လူရေးသကဲ့သို့ သို့မဟုတ် လူရေးသည်ကို AI ရေးသကဲ့သို့ မှားယွင်းဖော်ပြနိုင်ကြောင်း အဆိုပါ လေ့လာမှုတွင် မှတ်ချက်ပြုထားသည်။ သို့သော် စာသားအများအပြားကို အသုံးပြုခြင်းဖြင့် အဆိုပါ ပြဿနာများကို ကျော်လွှားနိုင်ခဲ့ပြီး အင်တာနက်တစ်ခွင်တွင် ဖြစ်ပေါ်နေသော ယေဘုယျ အလားအလာကို ပုံဖော် ပေးနိုင်ခဲ့ကြောင်း ဆိုသည်။


ထို့ပြင် AI ရေးသားဟန်၏ ထူးခြားသည့် သဘာဝများ ပိုမိုပါဝင်လာသည်ကိုလည်း တွေ့ရှိရပြီး em dashes (—) အသုံးပြုမှု နှစ်ဆနီးပါး မြင့်တက်လာခြင်း၊ Oxford commas အသုံးပြုမှု ၆၃ ရာခိုင်နှုန်း မြင့်တက်လာခြင်း နှင့် Chatbot များ အသုံးပြုလေ့ရှိသော "delve" နှင့် "interplay" ကဲ့သို့သော စကားလုံးများ အသုံးပြုမှု နှစ်ဆကျော် မြင့်တက်လာခြင်းတို့ကို တွေ့ရှိရသည်။ ယင်းထူးခြားသည့် စာရေးဟန်ဆိုင်ရာ အမူအကျင့်များသည် လူသားများ ရေးသားထားသည့် စာသားများတွင်လည်း ပေါ်ထွက်လာနိုင်သော်လည်း အဆိုပါ သိသာထင်ရှားသော လက္ခဏာများနှင့်အတူ ပိုမိုသိမ်မွေ့သည့် ကိန်းဂဏန်းအချက်အလက်ပြ လက္ခဏာများ တိုးပွားလာမှုကိုလည်း AI စစ်ဆေးရေးကိရိယာများက ထည့်သွင်းအသုံးပြုခဲ့ကြကြောင်း Pew (သုတေသနစင်တာ) က ဆိုသည်။


စာသားအသစ်များ ဖန်တီးရန် AI ကို အသုံးပြုခြင်းသည် အင်တာနက်ပေါ်တွင် ညီတူညီမျှ ပျံ့နှံ့နေခြင်း မဟုတ်ကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့ကြသည်။ ဥပမာအားဖြင့် .com ဒိုမိန်းများကို အသုံး ပြုထားသော ဝဘ်ဆိုက်များသည် AI ဖြင့် ရေးသားထားသည့် လက္ခဏာများ ပိုမိုပြသလေ့ရှိပြီး .org ဝဘ်ဆိုက်များထက် နှစ်ဆခန့် ပိုမိုများပြားကာ .edu သို့မဟုတ် .gov ဒိုမိန်းများထက် ၁၀ ဆခန့် ပိုမိုများပြားကြောင်း တွေ့ရှိရသည်။



ကိုးကား - Independent


ဓာတ်ပုံ - (AFP/Getty)

Dead internet theory
ဉာဏ်ရည်တုနည်းပညာ

Share With
bap-logo