International
ပရိုတင်း လျှော့စားခြင်းသည် အရွယ်ရောက်ပြီးသူအများစုအတွက် အသက်ရှည်ကျန်းမာစေသည့် သော့ ချက်ဖြစ်နိုင်ကြောင်း လေ့လာမှုကဖော်ပြ
လွန်ခဲ့သော ၇ ရက် က
BAPဘာသာပြန်။
ပရိုတင်းကို ပိုမိုစားသုံးခြင်းသည် အမြဲတမ်း ပိုမိုကောင်းမွန်သည်ဟူသော အယူအဆကို အဓိက သိပ္ပံနည်း ကျ ပြန်လည်သုံးသပ်ချက်တစ်ခုက စောဒကတက်လိုက်သည်။
ရောဂါဗေဒပညာရှင်နှင့် ဇီဝဆေးဘက်ဆိုင်ရာ သုတေသနပညာရှင် Dudley Lamming ဦးဆောင်ပြီး Cell Press Blue ဂျာနယ်တွင် ဖော်ပြခဲ့သည့် အဆိုပါ ပြန်လည်သုံးသပ်ချက်သည် လူ၊ ကြွက်၊ အင်းဆက်၊ တဆေးနှင့် အခြား သက်ရှိများပါဝင်သည့် သုတေသန လေ့လာမှုပေါင်း ၃၅၀ ကျော်ကို ဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။
ပရိုတင်း လျှော့စားခြင်း သို့မဟုတ် ပရိုတင်းကို ဖွဲ့စည်းထားသည့် အမိုင်နိုအက်ဆစ် အချို့ကို လျှော့စား ခြင်းသည် ခန္ဓာကိုယ်၏ စွမ်းအင်ထုတ်လုပ်မှု ဖြစ်စဉ် (metabolism) သာမက ကျန်းမာစွာ အသက်ရှည် ကျန်းမာရေးနှင့် ဆက်စပ်နေသည့် ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်များကို ပိုမိုလှုံ့ဆော်ပေး နိုင်ကြောင်း အဆိုပါ လေ့လာမှုတွင် တွေ့ရှိခဲ့သည်။
နေရာတိုင်းတွင် တွေ့ရသည့် ပရိုတင်း
ယခုအခါ ပရိုတင်းကို လတ်တေး၊ စီရီယယ်၊ အာလူးကြော်၊ ရာမင်နှင့် ပရိုတင်းဓာတ် ကြွယ်ဝသည်ဟု ယခင်က မသတ်မှတ်ခဲ့ကြသော အစားအသောက် အများအပြားတွင် ထည့်သွင်းလာကြသည်။ ပရိုတင်း ပိုမိုစားသုံးခြင်းသည် ပိုမိုကောင်းမွန်သည်ဟူသော သတင်းစကားမှာ ထင်ရှားနေသည်။
သို့သော် ယင်းမှာ လူတိုင်းအတွက် မှန်ကန်ပါသလားဟု သိပ္ပံပညာရှင်များက မေးခွန်းထုတ်နေကြသည်။ ပရိုတင်း လုံလောက်စွာ ရရှိထားပြီးဖြစ်သော အရွယ်ရောက်ပြီးသူများအတွက် ပိုမိုစားသုံးခြင်းသည် အ ကျိုးကျေးဇူး နည်းပါးနိုင်ပြီး ပရိုတင်း လျှော့စားခြင်းက ပိုမိုကျန်းမာစွာ အသက်ရှည်စေရန် အထောက် အကူပြုနိုင်ကြောင်း အချို့သော သုတေသနများက ညွှန်းဆိုနေသည်။
အပြည်ပြည်ဆိုင်ရာ အစားအသောက် သတင်းအချက်အလက် ကောင်စီ (International Food Information Council) ၏ ၂၀၂၅ ခုနှစ် စေတနာ့ဝန်ထမ်း လေ့လာမှုတစ်ခုအရ အမေရိကန် အရွယ်ရောက် ပြီးသူများ၏ ၇၀ ရာခိုင်နှုန်းက ပရိုတင်း ပါဝင်အောင် စားသုံးရန် “ကြိုးစား” ကြောင်း ပြောကြားခဲ့ပြီး ပရိုတင်း မြင့်မားသည့် စားသောက်မှုပုံစံသည် သုံးနှစ်ဆက်တိုက် ရေပန်းအစားဆုံး စားသောက်မှုပုံစံ ဖြစ်ခဲ့သည်။
သို့သော် စာရင်းဇယားကောက်ယူမှုတွင် ပါဝင်သူ အများအပြားက ၎င်းတို့အတွက် ပရိုတင်း ပမာဏ မည်မျှလိုအပ်သည်ကို အတိအကျ မသိရှိကြကြောင်း ပြောကြားခဲ့ကြသည်။
ပရိုတင်း စားသုံးမှု လျှော့ချလိုက်တဲ့အခါ] စွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးတဲ့ FGF21 ဆိုတဲ့ ဟော်မုန်း ထွက်ရှိမှု တိုးတက်လာပါတယ်
အရွယ်ရောက်ပြီးသူတစ်ဦးအတွက် ပရိုတင်း ပမာဏ မည်မျှ လိုအပ်သနည်း။
ပရိုတင်းသည် ကြွက်သားတည်ဆောက်ရန်၊ တစ်ရှူးများကို ပြုပြင်ရန်နှင့် ခန္ဓာကိုယ် ပြန်လည်ကောင်း မွန်လာစေရန် အထောက်အကူပြုသည်။ သို့သော် ပရိုတင်း လိုအပ်ချက်မှာ အသက်အရွယ်၊ ကျန်းမာရေး၊ ခန္ဓာကိုယ်အရွယ်အစားနှင့် လှုပ်ရှားမှုအဆင့်အပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
ကျန်းမာသော အရွယ်ရောက်ပြီးသူတစ်ဦးအတွက် နေ့စဉ် အကြံပြုထားသော ပမာဏမှာ ခန္ဓာကိုယ် အလေးချိန် တစ်ကီလိုဂရမ်လျှင် ပရိုတင်း ၀.၈ ဂရမ် (သို့မဟုတ် တစ်ပေါင်လျှင် ၀.၃၆ ဂရမ်ခန့်) ဖြစ်သည်။
အလေးချိန် ပေါင် ၁၄၀ ရှိသော လူတစ်ဦးအတွက် နေ့စဉ် အကြံပြုထားသော ပမာဏမှာ ပရိုတင်း ၅၁ ဂရမ်ခန့် ဖြစ်သည်။
အမေရိကန် အများအပြားမှာ ယင်းထက် ပိုမိုစားသုံးနေကြပြီ ဖြစ်သည်။ ပုံမှန် အစားအစာ တစ်နပ်တွင် အသား၊ ကြက်သား သို့မဟုတ် ငါး ၃ အောင်စမှ ၆ အောင်စအထိ ပါဝင်လေ့ရှိပြီး ပရိုတင်း ၂၀ မှ ၃၀ ဂရမ်အထိ ပါဝင်နေသည်။
အမျိုးသား ကျန်းမာရေး အချက်အလက်များဆိုင်ရာ လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်း လမ်းညွှန်ချက် များနှင့်အညီ လုပ်ဆောင်သော အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင် ပရိုတင်း ၈၂ ဂရမ်ခန့် စားသုံး ကြကြောင်း တွေ့ရှိရသည်။ လမ်းညွှန်ချက်များနှင့်အညီ မလုပ်ဆောင်သော အရွယ်ရောက် ပြီးသူများ သည်လည်း တစ်နေ့လျှင် ၇၉ ဂရမ်ခန့် စားသုံးနေကြဆဲ ဖြစ်သည်။
“ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေအတွက်ကတော့ မူလအကြံပြုထားတဲ့ တစ်ကီလိုဂရမ်မှာ ၀.၈ ဂရမ် ပမာဏအတိုင်း စားသုံးတာက စိတ်ချရဆုံးဖြစ်ပါလိမ့်မယ်။” ဟု University of Wisconsin–Madison ဆေးဘက်ဆိုင်ရာနှင့် ပြည်သူ့ကျန်းမာရေးကျောင်းမှ အသက်ရှည်ကျန်းမာရေးကို လေ့လာနေသူ Lamming က ပြောသည်။
ယင်းမှာ ကိုယ်လက်လှုပ်ရှားမှု မရှိသော အရွယ်ရောက်ပြီးသူများအနေဖြင့် နေ့စဉ် ပရိုတင်း စားသုံးမှုကို ချက်ချင်း လျှော့ချရမည်ဟု မဆိုလိုဘဲ ထပ်မံထည့်သွင်း စားသုံးရန် မလိုအပ်တော့ကြောင်းသာ ဆိုလိုခြင်းဖြစ်သည်။
ကိုယ်လက်လှုပ်ရှားမှု နည်းသူများအတွက် ခန္ဓာကိုယ်ကို လှုပ်ရှားပေးခြင်းက ပရိုတင်း အပိုစားသုံး ခြင်းထက် ကျန်းမာရေးကို ပိုမိုအထောက်အကူပြုနိုင်သည်။
ပရိုတင်း လျှော့စားခြင်းက ပိုမိုကျန်းမာစွာ အသက်ရှည်ရေးကို မည်သို့ အထောက်အကူပြုသနည်း။
Lamming သည် ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက် အများအပြားပေါ်တွင် ပရိုတင်း လျှော့ချခြင်း၏ သက်ရောက်မှုကို ပြန်လည်သုံးသပ်ခဲ့သည်။ ယင်းလုပ်ဆောင်ချက်များအနက် တစ်ခုမှာ FGF21 ဟုခေါ်သော ဟော်မုန်းနှင့် သက်ဆိုင်သည်။
“ပရိုတင်း စားသုံးမှု လျှော့ချလိုက်တဲ့အခါ] စွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးတဲ့ FGF21 ဆိုတဲ့ ဟော်မုန်း ထွက်ရှိမှု တိုးတက်လာပါတယ်။” ဟု Lamming က ပြောသည်။ “ဒါဟာ ခန္ဓာကိုယ် အဆီပြင်မှာ အပူထုတ်လုပ်မှုကို တိုးမြှင့်ပေးတာကြောင့် အဆီတွေကို သိုလှောင်ရုံတင် မကဘဲ စွမ်းအင်အဖြစ် အမှန်တကယ် လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။”
ယင်းသည် ပရိုတင်း နည်းပါးသော စားသောက်မှုပုံစံများသည် ခန္ဓာကိုယ် အဆီနည်းပါးခြင်း၊ သွေးတွင်း သကြားဓာတ် ပိုမိုထိန်းချုပ်နိုင်ခြင်းနှင့် ပိုမိုကျန်းမာသော ဇီဝရုပ်ဖြစ်စဉ်တို့နှင့် အဘယ်ကြောင့် ဆက်စပ် နေသည်ကို ရှင်းပြရာတွင် အထောက်အကူပြုနိုင်သည်။
ပရိုတင်း လျှော့စားခြင်းသည် ဆဲလ်များ ကြီးထွားရန်၊ ပျက်စီးမှုများကို ပြုပြင်ရန် သို့မဟုတ် ဆဲလ်ဟောင်းများကို အသစ်လဲလှယ်ရန် အချက်ပြမှုများကိုလည်း သက်ရောက်မှု ရှိစေနိုင်သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် အသက်အရွယ် ကြီးရင့်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။
သို့သော် ပရိုတင်း လျှော့စားခြင်းသည် ပရိုတင်း ချို့တဲ့ခြင်းနှင့် မတူပေ။ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရကို ပိတ်ပင်လိုက်ခြင်း မဟုတ်ပါ။ ထိုအစား မလိုအပ်ဘဲ ပိုလျှံ နေမှုကို ရှောင်ကြဉ်ခြင်းသည် လုံလောက်စွာ စားသုံးထားပြီးဖြစ်သော အချို့သူများအတွက် အကျိုးရှိစေ နိုင်ကြောင်း အဆိုပါ သုတေသနက မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။
ပရိုတင်း ‘သင့်တော်သော’ ပမာဏမှာ လူတစ်ဦးနှင့်တစ်ဦး မတူညီပါ
အချို့သူများသည် အခြားသူများထက် ပရိုတင်း ပိုမိုလိုအပ်ကြသည်။
ကိုယ်လက်လှုပ်ရှားမှု များသော အရွယ်ရောက်ပြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ကြီးသူများနှင့် ရောဂါ၊ ဒဏ်ရာ သို့မဟုတ် ခွဲစိတ်ကုသမှုမှ ပြန်လည်ကောင်းမွန်လာသူများသည် လိုအပ်ချက် ပိုမိုမြင့်မား နိုင်သည်။ ဝိတ်လျှော့နေသူများသည်လည်း ခန္ဓာကိုယ် အဆီပိုများကို လျှော့ချစဉ် ကြွက်သားများကို ကာကွယ်ရန် ပရိုတင်း လုံလောက်စွာ လိုအပ်နိုင်သည်။
အသက်ကြီးသူများသည် အထူးဂရုစိုက်ရန် လိုအပ်နိုင်သည်။ အသက်အရွယ် ကြီးရင့်လာခြင်းသည် ကြွက်သားနှင့် အားအင်များကို ဖြည်းဖြည်းချင်း ဆုံးရှုံးစေသည့် ကြွက်သားယုတ်လျော့ခြင်း ရောဂါ (sarcopenia) ကို ဖြစ်ပေါ်စေနိုင်သည်။ ပရိုတင်း လုံလောက်စွာ စားသုံးခြင်းနှင့် အလေးမလေ့ ကျင့်ခန်းများ ပြုလုပ်ခြင်းက အဆိုပါ ဆုံးရှုံးမှုကို နှေးကွေးစေရန် အထောက်အကူပြုနိုင်သည်။
ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ သို့မဟုတ် အခြား ကျန်းမာရေးပြဿနာ ရှိသူများအနေဖြင့် အထူးအကြံဉာဏ်များ လိုအပ်နိုင်သည်။
ပရိုတင်း စားသုံးမှုတွင် အဓိက အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေသူ မည်သူမဆို ဆရာဝန် သို့မဟုတ် အာဟာရဗေဒပညာရှင်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
သိပ္ပံပညာရှင်များ မသိရှိသေးသည့် အချက်များ
အဆိုပါ ပြန်လည်သုံးသပ်ချက်တွင် အကန့်အသတ်အချို့လည်း ရှိနေသည်။ သုတေသန လေ့လာမှုများ တွင် မတူညီသော စားသောက်မှုပုံစံများ၊ ပရိုတင်း ပမာဏများနှင့် လေ့လာမှု ကြာမြင့်ချိန်များကို အသုံးပြုခဲ့ကြသည်။ လေ့လာမှု အများအပြားကို သတ္တဝါများ သို့မဟုတ် အခြား သက်ရှိများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်၍ ရလဒ်များသည် လူများအတွက် အပြည့်အဝ သက်ရောက်မှု ရှိချင်မှရှိမည် ဖြစ်သည်။
ပရိုတင်းသည် မရှိမဖြစ် လိုအပ်နေဆဲ ဖြစ်သည်။ သို့သော် လုံလောက်စွာ ရရှိထားပြီးဖြစ်သော ကျန်းမာ သည့် အရွယ်ရောက်ပြီးသူများအတွက် အစားအစာ၊ သရေစာနှင့် သောက်စရာ တိုင်းတွင် ပရိုတင်း ထပ်မံ ထည့်သွင်းခြင်းက အကျိုးကျေးဇူး မရှိနိုင်ပါ။
ပရိုတင်း မြင့်မားသည့် ထုတ်ကုန်တစ်ခုကို ထပ်မံမယူမီ “ငါ့ခန္ဓာကိုယ်အတွက် ပရိုတင်း ပမာဏ မည်မျှ အမှန်တကယ် လိုအပ်သနည်း” ဟု မေးခွန်းထုတ်ကြည့်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
Dr. Lu Li သည် Kaiser Permanente Santa Clara မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်ပြီး ABC News ဆေးဘက်ဆိုင်ရာဌာန၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
ကိုးကား - ABC NEWS, Dr. Lu Li
ပုံစာ - ကြက်သား အရွက်သုပ် စားသုံးနေသည့် လူတစ်ဦး၏ သရုပ်ဖော်ဓာတ်ပုံ။ Filadendron/STOCK PHOTO/Getty Images
Related Articles
- ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းအတွက် တရုတ်နိုင်ငံ နှစ်ရှည်လများ ပြင်ဆင်လာခဲ့မှု ယခုအခါ အရာထင်လာပြီဖြစ်
- ကမ္ဘာကြီးက လုံးဝနီးပါး လျစ်လျူရှုထားသည့် ရောဂါဖြစ်ပွားမှုတစ်ခုကြောင့် ကလေးငယ် ၅၀၀ ကျော် သေဆုံးခဲ့ရ
- စာဖတ်ခြင်းနှင့် စာရေးခြင်းတို့သည် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ (Dementia) ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်