bap-logo
International

ပူတင် ဖမ်းဝရမ်းထုတ်ခံရမှု ‌လက်တွေ့ ဘာတွေဖြစ်လာနိုင်မလဲ

bzBGmIReB7dRUbIja-W8K-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၈


 
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သည် ရုရှားသမ္မတ ဗလာဒီမီယာပူတင်၊ ရုရှား ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ရုရှားကော်မရှင်နာ မာရီယာ အလက်ဆီးယက်ဗ်နာ လဗိုဗာ-ဘလိုဗာ (Maria Alekseyevna Lvova-Belova) တို့အား ယူကရိန်း ကလေးငယ်များကို ရုရှားသို့ အတင်းအကျပ် နှင်ထုတ်မှုနှင့်စပ်လျဉ်း၍ သောကြာနေ့က ဖမ်းဝရမ်း ထုတ်လိုက်သည်။


 
ရာဇဝတ်ခုံရုံး၏ ရောမဥပဒေအရ နေရာဒေသတစ်ခုရှိ မှီတင်းနေထိုင်သူများကို အတင်းအကျပ် နှင်ထုတ်မှုသည် ရာဇဝတ်မှုမြောက်သည်။ ရုရှားသည် ရောမဥပဒေတွင် လက်မှတ် ရေးထိုးခဲ့သော်လည်း တရားရုံး၏တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုဘဲ ၂၀၁၆ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။


 
ယူကရိန်းကမူ သည်ဟိတ် (The Hague) တရားရုံးတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ မဟုတ်သည့်တိုင် ၎င်းတို့၏ နိုင်ငံပိုင်နက်အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးရန် အိုင်စီစီ စီရင်ပိုင်ခွင့် ပေးထားသည်။


 
ပြီးခဲ့သည့်နှစ်အတွင်း ICC ရှေ့နေချုပ် ကာရင်ခမ်း (Karim Khan) က ယူကရိန်းသို့ လေးကြိမ် လာရောက်ပြီးနောက် ကလေးပြန်ပေးဆွဲမှုများအတွက် "မစ္စတာပူတင်သည် ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိကြောင်း ယုံကြည်ရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်များ ရှိသည်" ဟူ၍ စီရင်ဆုံးဖြတ်ခဲ့သည်။


 
ရုရှားသည် အိုင်စီစီတရားရုံးကို အသိအမှတ်မပြုသလို ၎င်း၏နိုင်ငံသားများကို လွှဲအပ်လေ့ရှိသည့် နိုင်ငံမဟုတ်သည့်အတွက် မကြာမီကာလအတွင်း သမ္မတပူတင် သို့မဟုတ် Lvova-Belova ကို တရားရုံးစီရင်ပိုင်ခွင့်ပေးရန် မဖြစ်နိုင်ချေ။


 
သို့သော် အကြောင်းအမျိုးမျိုးကို ထောက်ဆပါက ပူတင်ဖမ်းဝရမ်းထုတ်ခြင်းမှာ အလွန် အရေး ပါသည့် အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်သည်။


 
ဖမ်းဝရမ်းမှာ လက်ရှိ သို့မဟုတ် နောင်တွင် ပြစ်မှုစီရင်ခံရနိုင်ခြေရှိသည့် စစ်ဘက်-အရပ်ဘက် ရုရှား တာဝန်ရှိသူများကို သတိပေးလိုက်ကဲ့သို့ဖြစ်ပြီး နိုင်ငံတကာဖိုရမ်များ တက်ရောက်ခြင်း အပါ အဝင် ကမ္ဘာတဝှမ်းခရီးသွားလာခွင့် ကန့်သတ်ခံရမည်ဖြစ်သည်။


 
ICC
သည် စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုများတွင် နိုင်ငံ့အကြီးအကဲများကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပြုသည့်တိုင် တောင်အာဖရိကနိုင်ငံက ဆူဒန်အာဏာရှင် အိုမာ အယ်လ်-ဘာရှား (Omar al-Bashir) အား လာရောက်လည်ပတ်မှုတစ်ခုအတွင်း ICC ဖမ်းဝရမ်းကျင့်သုံးအား ငြင်းဆိုခဲ့ဖူးသည်။


 
ထိုအချိန်က "တောင်အဖရိကန်နိုင်ငံအနေဖြင့် အယ်လ်-ဘာရှားကဲ့သို့ အိုင်စီစီတွင် လက်မှတ်ရေးထိုး မထားသော တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအား နိုင်ငံတကာဥပဒေ၊ ရောမဥပဒေ အရ ဖမ်းဆီးခွင့်ပြုရန် တာဝန်မရှိ" ဟု ကန့်ကွက်ခဲ့သည်။ ထိုနည်းတူ အယ်လ်-ဘာရှား သွားရောက် ခဲ့သည့် အခြားသောနိုင်ငံအများအပြားကလည်း ဆူဒန်အာဏာရှင်ကို ဖမ်းဆီးခွင့် မပြုခဲ့ပေ။


 
၁၉၉၈ ခုနှစ်တွင် လန်ဒန်တွင် ချီလီအာဏာရှင်ဟောင်း သြဂတ်စ်တို ပီနိုချေး (Augusto Pinochet) ဖမ်းဆီးမှုကို ကြည့်ခြင်းအားဖြင့် အလားတူ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိစ္စများမှာ ရှုပ်ထွေး ခက်ခဲမှုများ ရှိနိုင်ကြောင်း ပြသနေသည်။


 
အာဏာရှင် ပီနိုချေးက သူ့အနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ရှိ ကြောင်း ပြောဆိုမှုကို ဗြိတိန်တရားရုံးက ပယ်ချခဲ့သည့်တိုင် နောက်ဆုံးတွင် ဗြိတိန်ပြည်တွင်းရေး ဝန်ကြီး Jack Straw က ပီနိုချေးအား ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ အိမ်ပြန်ခွင့် ပြုခဲ့သည်။


 
သမ္မတပူတင်အနေဖြင့် ယခုအခါ အာဏာစွဲကိုင်၍ လုံခြုံမှုရှိသည်၊ ရာဇဝတ်ရုံးသို့ လွှဲပြောင်းခံရဖွယ် မရှိဟု ယူဆနိုင်သော်လည်း နောင်တက်လာမည့် ရုရှားခေါင်းဆောင် တစ်ဦးက ပူတင်ကို ကာကွယ် ပေးနေခြင်းထက် သည်ဟိတ်သို့ လွှဲအပ်ခြင်းက ပါးနပ်ရာ ကျနိုင်သည်ဟု ဆုံးဖြတ်ကောင်း ဆုံးဖြတ် နိုင်သည်။


 
ဥပမာကောင်းတစ်ခုအနေဖြင့် ၁၉၉၉ ခုနှစ်တွင် ကိုဆိုဗိုစစ်ပွဲအတွင်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက စစ်ရာဇ၀တ်မှုများစွာဖြင့် စွဲချက်တင်ခံထားရသော ယူဂိုဆလားဗီးယား သမ္မတဟောင်း စလိုဘိုဒန် မီလိုဆီဗစ် (Slobodan Milošević) ‌ကို ကြည့်နိုင်သည်။


 
၂၀၀၁ ခုနှစ် မီလိုဆီဗစ် အာဏာဆုံးရှုံးပြီး ဆားဘီးယား အဓိကအတိုက်အခံ ခေါင်းဆောင်များကြား အာဏာလွန်ဆွဲနေချိန်တွင် ဝန်ကြီးချုပ် ဇိုရန်ဂျင်းဂျစ် (Zoran Djindjić) က တရားခံလွှဲပြောင်းပေး ရေးအား တားမြစ်သည့် တရားရုံး၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး "ICC နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမှ လွဲ၍ အခြားနည်းဖြင့် ဖြေရှင်းပါက တိုင်းပြည်ဒုက္ခရောက်လိမ့်မည်" ဟုဆိုကာ  မီလိုဆီဗစ်အား သည်ဟိတ်သို့ လွှဲပြောင်းရန် အမိန့်ပေးခဲ့သည်။


 
ထိုအချိန်က ယူဂိုဆလပ်အစိုးရသည် ၎င်းတို့၏သမ္မတဟောင်းကို ဖမ်းဆီးထိန်းသိမ်းခြင်း မလုပ် ဆောင်ခဲ့ပါက အမေရိကန်စီးပွားရေးကူညီထောက်ပံ့မှု အများအပြားဆုံးရှုံးခြင်း သို့မဟုတ် နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့မှ ချေးငွေမရနိုင်ခြင်း စသည့် ဖိအားများ ရင်ဆိုင်ခဲ့ရသည်။


 
လက်ရှိအိုင်စီစီအမှုတွင် သမ္မတပူတင်ကို နောက်ထပ်စွဲချက်သစ်များ ထပ်မံချမှတ်ပြီး ဖမ်းဝရမ်း တိုးချဲ့ဖွယ်ရှိကြောင်းလည်း ရှေ့နေက ဆက်လက်ပြောကြားခဲ့သည်။


 
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)ကလည်း ပူတင်အား ဖမ်းဝရမ်း ထုတ်သည့် ဆုံးဖြတ်ချက်မှာ "အခြားသော ပြစ်မှုကျူးလွန်သူများ သို့မဟုတ် ပြစ်မှု ဖုံးကွယ်သူများကို တပ်လှန့် သတိပေးလိုက်ခြင်း" ဖြစ်ကြောင်း ပြောဆိုထားသည်။


Source/
ပုံ – The Guardian

Burma Associated Press

ရုရှား
ဗလာဒီမီယာ ပူတင်
ဖမ်းဝရမ်း

Share With
bap-logo