bap-logo
Article

CDM များသည် MLM ၏ ပစ်မှတ်အသစ် ဖြစ်လာနေ

xaMGXfFyj5FwYQcZWNBxp-image

လွန်ခဲ့သော ၃ နှစ် က

ကုန်ပစ္စည်းရောင်းချသူ အဆင့်ဆင့်ဖြင့် ဈေးကွက်အတွင်း ဆင့်ပွားကွန်ယက် ( Multi Level Marketing - MLM) ဈေးကွက်ရှာစနစ်သည် မြန်မာပြည်တွင် တဖြေးဖြေး စိမ့်ဝင်ရင်း ကာလရှည် အမြစ်တွယ်နေပြီဖြစ်သည်။

 

အလုပ်အကိုင် အခွင့်အလမ်းတစ်ခုခု ရှာနေသည့် လူငယ်လူရွယ်များ၊ မှီခိုသူ အိမ်ထောင်ရှင်မများ၊ တက္ကသိုလ် ကျောင်းတက်ရင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာလိုသူများနှင့် အခြားခြားသော အပိုဝင်ငွေ တစ်ခုခုရှာလိုသူများ သည် MLM စနစ်၏ အဓိက သားကောင်များဖြစ်သည်။

 

ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်တွင်မူ civil disobedience movement – CDM သမားများသည် MLM မုဆိုးတို့၏ ပစ်မှတ်သားကောင်များ ဖြစ်လာခဲ့သည်။

 

ဒီလိုနိုင်ငံရေးက ဖြစ်လာတော့ CDM လုပ်လိုက်တယ်။ ဝင်ငွေထွက်ငွေက မမျှတော့ဘူး။ အဲဒီကျ အိမ်ကသမီးကို သူ့အသိတစ်ယောက်က ဒါလေးရောင်း ဘယ်လောက်ပဲရင်းရတာ ဘယ်လောက်မြတ်မှာဆိုတော့ သူကလည်း မအေကို ကူညီချင်တော့ လုပ်မိရော။ အစပိုင်း သူ့သူငယ်ချင်းတစ်ယောက် နှစ်ယောက်က ဝယ်ပေးပေမဲ့ တကယ် တမ်းကျ ရောင်းမထွက်ဘူး။ company ကို ပြန်သွင်းတော့လည်း လက်မခံဘူး။ အန်တီကလည်း အဲ့လောက် မသိဘူးလေ စိတ်ညစ်တာပေါ့ အိမ်မှာ အပုံလိုက်ကြီး။ လာဆွယ်တဲ့ကလေးမလေးကလည်း ဘာမှတာဝန်မယူနိုင် ဘူးဟု ရန်ကုန်မြို့တွင်နေထိုင်သည့် အသက် ၅၂ အရွယ် CDM ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

 

CDM သမားများကို CRPH မှ ထောက်ပံ့ပေးမှုများရှိသော်လည်း လုံး၀မရရှိသည့် သူအချို့မှာ စားဝတ်နေရေး အတွက် ကြပ်တည်းမှုများ ရင်ဆိုင်လာရချိန်တွင် ထိုသို့ စည်းရုံးခံရမှုများနှင့် ရင်ဆိုင်လာရသည်ဟု ဆိုသည်။

 

ဘယ်သူမှလည်း လာမထောက်ပံ့တော့ အိမ်မှာကြပ်တည်းလာတယ်။  အဲဒါ လမ်းထဲက ကောင်မလေးက  ဘာမှ မပင်ပန်းဘူး အရင်းလည်းမများဘူး။ မကြီးက စီဒီအမ်လုပ်တာပဲ နိုင်ငံရေးကောင်းတဲ့အထိ ဒါလုပ်ပါလား။ ရုံးက လခထက်တောင်ရသေးဆိုပြီး စည်းရုံးတယ်။ အိမ်ကလည်း သူ့စကားနားဝင်နေတော့ ခဏငြိမ်နေပြီးရောဆိုပြီး ငွေထုတ်မိတာ။ နောင်တပဲ။ ၅သောင်း ရင်းလိုက်တာ ရောင်းမထွက်ဘူး။ သူ့မက်ဆင်ဂျာဂရုထဲတော့ သူက ခေါင်းဆောင်တဲ့။ တစ်နေ့တစ်နေ့ အသံမက်ဆေ့ အရှည်ကြီးပို့ပီး ပေးလိုက်တဲ့မိုတီ‌တွေ။ ပြီးရင် အဲဒီ ခေါင်းဆောင်က စာအရှည်ကြီးလာပို့တာကို အကုန်ကူးပြီးတင်ရတာဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတစ်ဦးကပြောသည်။

 

တကယ်တမ်း ဘာမှလည်း မဟုတ်ဘူး။ CDM မို့ လစာမရှိတာကို သူတို့မို့ ပေါက်ကရတွေ လိမ်ခိုင်းတာဟု သူက ဆက်ပြောသည်။

 

တကယ်တမ်း ဘာမှလည်း မဟုတ်ဘူး။ CDM မို့ လစာမရှိတာကို သူတို့မို့ ပေါက်ကရတွေ လိမ်ခိုင်းတာဟု သူက ဆက်ပြောသည်။

 

ယခုကဲ့သို့ CDM သမားများအား ပစ်မှတ်ထားလာခြင်းသည် အလုပ်အကိုင် အဆင်မပြေသူများအား အခွင့် အလမ်းတစ်ခုအနေဖြင့် ချပြကာ စည်းရုံးလေ့ရှိသည့် MLM လုပ်နည်းလုပ်ကိုင်များပင် ဖြစ်သည်ဟု MLM နှင့်ပတ်သတ်သည့် ဝေဖန်ထောက်ပြမှုများ၊ လူထုအသိပညာပေးမှုများ ပြုလုပ်နေသည့် ကိုဇင်ဇေလွင်က ပြောသည်။

 

MLM သဘောအရ အနိမ့်ဆုံးအဆင့်ရောင်းချသူ (Agent) သည် သတ်မှတ်ဈေး ပမာဏထက် ဈေးကို ထက်ဝက်မျှပိုတင်၍ ရောင်းချရသည်။ ဈေးလျှော့ပေးခြင်း မပြုရ။ သတ်မှတ်ပမာဏ ကုန်အောင် ရောင်းချရမည် ဖြစ်သည်။

 

ရောင်းချနိုင်သည့်ပမာဏများလာလေ ရာထူးကဲ့သို့ အဆင့်တစ်ဆင့်မြင့်သွားလေ ဖြစ်သည်။ အဆင့်မြင့်လာလေ ရောင်းရန် ဝယ်ယူရသည့် ကုန်ပစ္စည်း၏ ဝယ်ယူရဈေး လျော့လာလေဖြစ်သည်။

 

ဥပမာဆိုရသော် Agent များက နှစ်သောင်းခွဲနှင့် ဝယ်ယူရလျှင် Leader များက ပိုမိုသက်သာသည့် ဈေးနှင့်သာ ဝယ်ယူရသည်။

 

အစ်မက CDM လုပ်ထားတော့ ငွေလိုနေမှာပဲ ဘာညာနဲ့လာတာလေ။ ပြီးကျတော့ TikTok မှာ ဈေးရောင်း ရမယ်တဲ့။ TikTok marketing တဲ့။ အဲဒါနဲ့ ငွေပဲ အရှုံးခံလိုက်တယ်။ မကောင်းမကန်းတွေနဲ့ နာမည် မပျက်ချင်ဘူးဟု perfect oil product agent အဖြစ် လုပ်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။

 

MLM ဈေးကွက်အတွင်း အဓိက ထုတ်ကုန်များမှာ အလှအပဆိုင်ရာ ပစ္စည်းများဖြစ်နေသည့်အတွက် ဝင်ရောက် လုပ်ကိုင်သူ အများစုမှာ အမျိုးသမီးများ ဖြစ်နေသည်ဟုလည်း ကိုဇင်ဇေလွင်က ဆိုသည်။ သို့ရာတွင် MLM ကို ရှေ့တန်းမှ တိုက်ထုတ်နေသူများတွင်လည်း အမျိုးသမီးများ ပါဝင်နေသည်ဟု ၎င်းကဆိုသည်။

သေချာ ထောက်ပြနေကြတဲ့ အမျိုးသမီးတွေ အွန်လိုင်းမှာ အများကြီး ရှိပါတယ်။ Profile အမှန်နဲ့ ရေးသား ပြောဆိုထောက်ပြပေးနေသူတွေရှိသလို တစ်ချို့တွေကတော့ သူတို့ လုံခြုံရေးအရ အမည်မဖော်ပဲ ဝေဖန် ထောက်ပြနေကြတာလည်း ရှိပါတယ်ဟု ကိုဇင်ဇေလွင်က ဆိုသည်။

 

MLM ဈေးကွက်အတွင်း ရှိနေသည့် အချို့သော ကုန်ပစ္စည်းများမှာ အရည်အသွေးနိမ့်ကျသည့်၊ အာမခံမှု မရှိသည့် ကုန်ပစ္စည်းများဖြစ်သော်လည်း အဆင့်ဆင့် အမြတ်တင်ရောင်းချမှုကြောင့် ဈေးနှုန်း ကြီးမြင့်နေလေ့ ရှိသည်။

 

အရင်က Agent လုပ်တယ်။ ကွာလတီက ဘယ်သူမှ မသုံးဘူး။ အားနာလို့ ဝယ်ပေးတာပဲကြုံတယ်။ ထပ်မဝယ် တော့ဘူး။ အဲကျ မကုန်တော့တဲ့အခါကျ ကုမ္ပဏီကို ပြန်သွင်းဖို့ကျတော့လည်း သူတို့က လက်မခံဘူး။ ကိုယ့် ပိုက်ဆံတွေ နှမြောလိုက်တာ။ နှမြောလို့ဆိုပြီး လိမ်းဖို့ကလည်း မျက်နှာကို မရင်းရဲဘူးဟု မုံရွာမြို့တွင် နေထိုင်၍ အလှကုန်ပစ္စည်း Agent လုပ်ဖူးသူ မဂျေ (အမည်လွှဲ) က ဆိုသည်။

 

တဆင့်ပြန်ရောင်းချရန် ဝယ်ယူထားသည့် ကုန်ပစ္စည်းများ ရောင်းမစွံသည့်အခါတွင် မူရင်းဖြန့်ဖြူးသူထံသို့ ပြန်လည်ပေးသွင်းရာတွင်လည်း အခက်အခဲများစွာရှိနေကြောင်း ယင်းဈေးကွက်အတွင်း လုပ်ကိုင်ဖူးသူများက တညီတညွတ်ထဲ ဆိုသည်။

 

အထက်က CEO တို့ Founder တို့ပဲ တိုက်တွေကားတွေ ဖြစ်လာတယ်။ ကျွန်မတို့က ရောင်းမထွက်တဲ့ဟာ တပုံတပင်နဲ့ တာဝန်ယူပေးမှုလည်း မရှိတော့ အဆင်မပြေဘူးဟု MLM လုပ်ငန်းတွင်  Leader အဆင့်ထိ လုပ်ခဲ့ဖူးသည့် အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

 

အထက်က CEO တို့ Founder တို့ပဲ တိုက်တွေကားတွေ ဖြစ်လာတယ်။ ကျွန်မတို့က ရောင်းမထွက်တဲ့ဟာ တပုံတပင်နဲ့ တာဝန်ယူပေးမှုလည်း မရှိတော့ အဆင်မပြေဘူးဟု MLM လုပ်ငန်းတွင်  Leader အဆင့်ထိ လုပ်ခဲ့ဖူးသည့် အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

 

 

လက်ရှိဈေးကွက်အတွင်း MLM သို့မဟုတ် ၎င်းနှင့်နှီးနွယ်သည့် ထုတ်ကုန်အများစုမှာ အလှကုန်ပစ္စည်းများ ဖြစ်သော်လည်း FDA အသိအမှတ်ပြုထားခြင်းမရှိသည့် အဆီကျ ဆေးများ၊ ဆေးဝါးများ၊ သွားတိုက်ဆေး၊ အားဖြည့်ဆေးရည်များသာမက ဓာတ်မြေသြဇာများအထိ ပါဝင်လျှက်ရှိနေသည်။

 

အရည်အသွေးနိမ့်သည့် အလှကုန်များကြောင့်လည်း ထိခိုက်နစ်နာမှုများမှာ MLM ဈေးကွက်အတွင်း နားမဆံအောင်ပင် ကြားနေရသည်။

 

ကျွန်မမျက်နှာ ပျက်စီးသွားတယ်၊ အဖုတွေကို မြင်မကောင်းဘူး။ သူတို့ကြော်ငြာသလို ဖြူသွားတယ်။ ဖြူမှာပေါ့ steroids ထိတာကိုး။ ပြောတော့ကျ ပစ္စည်းဖိုး ပြန်လျော်ပေးရမလား၊ ကုဖို့တာဝန်ယူရမလားတဲ့။ ကုပေးလို့ ပြောတော့ကျ founder ဆီ ဆက်သွယ်ပေးမယ်တဲ့။ ပေါ်မလာတော့ဘူးဟု MLM ဈေးကွက်မှ အလှကုန်ပစ္စည်း တစ်ခုသုံးဖူးသူတစ်ဦးက ပြောသည်။

 

MLM လုပ်ဆောင်သူတို့က ယင်းတို့၏ ထုတ်ကုန်များ လူထုအတွင်းသို့ ပိုမိုပြန့်နှံ့ရောက်ရှိစေရန်အတွက် ပြည်တွင်းမှ သရုပ်ဆောင်၊ celebrity နှင့် influencer များကို ငှားရမ်းကာ ကြော်ငြာမှုများလည်း ရှိလာခဲ့သည်။

 

Facebook တွင် follower 2.2million ကျော် ရှိပြီး Instagram တွင် follower 1.3 million ရှိသည့် သင်ဇာဝင့်ကျော်မှာ မကြာသေးမီကပင် သူ၏ လူမှုကွန်ရက်တွင် တင်ခဲ့သည့် ကုန်ပစ္စည်းတစ်ခုကြောင့် ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသည်။

 

HEFFEY တံဆိပ်ရှိ MLM ပစ္စည်းတစ်ခုအား ကြော်ငြာမှုအပေါ် ပရိသတ်များက ထောက်ပြဝေဖန်ခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ကြော်ငြာပေးခဲ့သည့်အပေါ် သင်ဇာဝင့်ကျော်က လက်ဆောင်ရသည့်အတွက် တင်ပေးခြင်းဖြစ်ပြီး သူမ၏ Facebook စာမျက်နှာမှနေ၍သုံးရတာ အရမ်းကောင်းတယ်၊ ကြိုက်တယ်လို့လည်း မရေးထားမိပါနော်။ အဆင်ပြေသူသုံး အဆင်မပြေသူ မသုံးနဲ့ပေါ့နော်ဟု ပရိသတ်များအား ကွန့်မန့်မှတဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

 

Influencer တစ်ဦးအနေနှင့် ထိုစကားမှာ တာဝန်ယူမှုမရှိကြောင်း၊ ပေါ့ပျက်ပျက်နိုင်‌ကြောင်း comment များစွာ တက်လာသည့်အတွက် တစ်နာရီကျော်အကြာတွင် အဆိုပါပို့စ်အား ဖျက်သိမ်းသွားခဲ့သည်။

 

အချို့သော ထုတ်ကုန်များမှာ MLM ဟု တိုက်ရိုက်မဆိုနိုင်သော်လည်း ခပ်ဆင်ဆင် ပုံစံရှိသည့် Sale Agent များလည်း ရှိနေသည်ဟု ကိုဇင်ဇေလွင်က ပြောသည်။

 

“MLM နဲ့ ဆင်ပေမယ့် MLM လို့တော့ အတိအကျ ပြောဖို့ခက်တာပေါ့လေ MLM ရဲ့ စရိုက် အချို့ကိုပဲ ယူထား တာကိုး အစိုးရက MLM ရဲ့ ဖွင့်ဆိုချက်ကိုတိတိကျကျ သတ်မှတ်ပေးထားမှပဲ အဲ့ဒီဘောင်ထဲကို ဝင်မဝင် ထပ်ပြောရမယ့် သဘောပါဟု ၎င်းကဆိုသည်။

 

“MLM နဲ့ ဆင်ပေမယ့် MLM လို့တော့ အတိအကျ ပြောဖို့ခက်တာပေါ့လေ MLM ရဲ့ စရိုက် အချို့ကိုပဲ ယူထား တာကိုး အစိုးရက MLM ရဲ့ ဖွင့်ဆိုချက်ကိုတိတိကျကျ သတ်မှတ်ပေးထားမှပဲ အဲ့ဒီဘောင်ထဲကို ဝင်မဝင် ထပ်ပြောရမယ့် သဘောပါဟု ၎င်းကဆိုသည်။

 

အန်အယ်လ်ဒီအစိုးရလက်ထက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆင့်ပွားဈေးကွက် ဖြန့်ချီရေးလုပ်ငန်း (Multi Level Marketing – MLM)နှင့်ပတ်သက်၍လည်း တားမြစ်ခြင်း အမိန့် ကြေညာစာကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားပြီး လုပ်ကိုင်ဆောင်ရွက်နေ သည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ အရ အရေးယူခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

ထို့အတူ MLM ကဲ့သို့သော တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်ရန်နှင့် စားသုံးသူများ နစ်နာမှုများ ကြုံတွေ့လာပါကလည်း ဥပဒေအရ အရေးယူမှုများပြုလုပ်နိုင်ရန်ဟုဆိုကာ  အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် တိုက်ရိုက်ရောင်းချခြင်း ဥပဒေမူကြမ်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်တွင်  ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။

 

ကျွန်တော် ဖတ်ခွင့်ရသလောက် Direct Selling Law မူကြမ်းမှာအဲလို တိတိကျကျ သတ်မှတ်ဖို့ လုံလောက်တဲ့ အချက်အလက်တွေ မပါသေးပါဘူး။ လက်တစ်လုံးခြား လုပ်လို့ရနေတဲ့ဟာကွက်တွေ တွေ့နေမိခဲ့ပါတယ်။ ဒီတော့ Direct Selling Law ကို အတည်ပြုပြီးရင်တောင် တစ်ချို့လုပ်ငန်းတွေဟာ ဒီလိုပဲ Gray Area ဆန်ဆန် ဖြစ်နေဦးမှာပါပဲဟု ကိုဇင်ဇေလွင်က ပြောသည်။

 

တားမြစ်မိန့်များထုတ်ကာ ကန့်သတ်ခဲ့သည့်အတွက် အနည်းငယ်ငြိမ်သက်သွားခဲ့သည့် MLM လုပ်ငန်းများသည် စစ်အာဏာသိမ်းပြီးနောက်တွင် တစခန်း ပြန်ထလာခဲ့ကြသည်။

 

MLM သို့မဟုတ် ၎င်းနှင့် နှီးနွယ်နေသည့် ထုတ်ကုန်အများစုမှာ - Heffey, HM, Magic, the Elf, Perfect oil, Sakura, B&P, BOOM, SuccessMore, Baschi, Joy, EOU, Fairy, Haewon, Beauty’s secret စသည်ဖြင့် ဈေးကွက်ထဲတွင် တည်ရှိကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

CDM လုပ်ထားသူအချို့က ထိုကဲ့သို့သော အမျိုးအမည်စုံသည့် ကုန်ပစ္စည်းများကို အွန်လိုင်းမှတဆင့် ရောင်းချ နေသည်ကိုလည်း လူမှုကွန်ယက်ပေါ်တွင် BAP က တွေ့ခဲ့ရသည်။

 

လက်ရှိကာလတွင် CDM သမားများကိုသာမက အသက် ၁၇၊ ၁၈ အရွယ်များကိုပါ MLM လုပ်ငန်းအတွင်း ပါဝင်လာစေရန် စည်းရုံးသိမ်းသွင်းမှုများ ရှိနေသည်ဟုလည်း သိရသည်။

 

ခုချိန်မှာတော့ ဥပဒေလည်း မစိုးမိုးနိုင်တဲ့အတွက် ပြည်သူအချင်းချင်း သေချာအသိပေး / သတိပေး /ဝေဖန် ထောက်ပြပေးတာက အသင့်တော်ဆုံး နည်းလမ်းလို့ မြင်ပါတယ်။ သာမန် အွန်လိုင်း သုံးစွဲသူတွေတင်မက အမျိုးသမီး Bloggers တွေ, Social Influencers တွေကပါ တွင်တွင်ကျယ်ကျယ် ပြောလာ / သတိပေးလာ ရင်တော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားဝင်ကြမှာပါဟု ကိုဇင်ဇေလွင်က ပြောသည်။

 

အဆိုပါလုပ်ငန်းအား ဝင်လုပ်မိပြီး အဆင်မပြေမှုကြောင့် ရပ်လိုက်ရသည့် လူများကပါ ယင်းတို့၏ အတွေ့အကြုံ တွေကို ပွင့်ပွင့်လင်းလင်း ပြန်ပြောပြကြခြင်းကိုလည်း ပိုမိုလုပ်ဆောင်လာရန် လိုအပ်သည်ဟု ၎င်းက အကြံပြုသည်။

Burma Associated Press

မြန်မာ
အာဏာဖီဆန်ရေးလှုပ်ရှားမှု
အာဏာသိမ်း
MLM

Share With
bap-logo