bap-logo
Article

မြေစာပင်ဖြစ်ရသည့် မြန်မာ ကလေးငယ်များ

V8xgHclgC7JLKO8RKnDeO-image

လွန်ခဲ့သော ၂ နှစ် က

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်မှုအန္တရာယ်ကနေကာကွယ်‌‌ ပေးနိုင်ရန် လိုအပ်တဲ့‌ ဆောင်ရွက်မှုများကို ချက်ခြင်းမလုပ်ဆောင်ပေးနိုင်ဘူးဆိုရင် မြန်မာရဲ့ကလေးမျိုးဆက်ဟာ ပျောက်ဆုံးသွားနိုင်ကြောင်း ကုလ လူ့အခွင့်အရေးကျွမ်းကျင်သူက သတိပေးပြောကြားလိုက်ပါတယ်။

 

စစ်ဗိုလ်ချုပ်တွေက အပြစ်မဲ့မြန်မာပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ရန် ကြိုးပမ်းနေတယ်ဆိုတာကို ကလေးငယ် များအပေါ် အာဏာသိမ်းစစ်အုပ်စုရဲ့အဆင်ခြင်မဲ့စွာနဲ့ စိတ်ပါလက်ပါ တိုက်ခိုက်မှုတွေက မီးမှောင်းထိုးပြကာ ထင်ရှားနေပါတယ်လို့ မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ တွမ်အန်ဒရူးက ပြီးခဲ့တဲ့ အပတ်က ဆိုခဲ့ပါတယ်။

 

အတိုက်အခံတွေအပေါ် စစ်တပ်ရဲ့ ဖြိုခွင်းနှိမ်နှင်းမှုတွေမှာ မြေစာပင်အဖြစ် ကလေးငယ်တွေဟာ ဖမ်းဆီးခံ ရရုံတင်မက စစ်တပ်က လူသားမျိုးနွယ်အပေါ်ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှုများနဲ့ စစ်ရာဇဝတ်မှုများကိုလည်း ကလေးငယ်များအပေါ်  ကြံရွယ်ချက်ရှိရှိ ကျူးလွန်နေမှုများရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ရွေးကောက်ခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာ သိမ်းခဲ့ပြီး နောက် မြန်မာဟာ အဖက်ဖက်ကယိုယွင်းပျက်စီးလာကာ ဘေးကျပ်နံကျပ်အခြေအနေများသို့ သက်ဆင်းခဲ့ရ ပါတယ်။


AAPP
ရဲ့အဆိုအရ လုံခြုံရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ပြည်သူ ၂,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ပြည်သူ ၁၁, ၀၀၀ ကျော်ဟာ အကျဥ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေနဲ့ ရဲအချုပ်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။

 

ယင်းသို့သတ်ဖြတ်ခံရသူတွေအထဲမှာ ကလေးသူငယ် အနည်းဆုံး ၁၄၂ ဦး ပါဝင်ပြီး ကလေးငယ် ,၄၀၀ ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း အန်ဒရူး ကဆက်ပြောခဲ့ပါတယ်။

 

စစ်တပ်က တိုင်းပြည်အာဏာကိုသိမ်းပြီးနောက် အသက် သုံးနှစ်အောက် ကလေးငယ်များအပါအဝင် အနည်းဆုံး ကလေး ၆၁ ဦးဟာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရပြီး ကလေး ၁၄၂ ဦးဟာ ညှင်းပမ်းနှိပ်စက် ခံခဲ့ရကြောင်း ကုလရဲ့ စာရင်းများအရ သိရပါတယ်။

 

စစ်ကြောရေးစခန်းတွေမှာ ကလေးတွေဟာ ကာလတာရှည်စွာ အရိုက်ခံရတာတွေ၊ ဓားနဲ့အမွှန်းခံရတာတွေ၊ ဓားထိုးခံရတာတွေ၊ ဆေးလိပ်မီးနဲ့အမြှိုက်ခံရတာတွေ၊ လက်သည်းခွံ၊ ခြေသည်းခွံတို့ အချွတ်ခံရတာတွေ၊ သွားတွေ ကျွတ်ထွက်သည်အထိ ရိုက်နှက်ခံရတဲ့အချက်အလက်တွေကို ကျွန်တော်တို့ ရရှိထားပါတယ်လို့ အန်ဒရူးက ဆိုခဲ့ပါတယ်။

 

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်မှုတွေကြောင့်သာ အာဏာ သိမ်းစစ်အုပ်စုက ကလေးတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေကို ကျူးလွန်နေနိုင်ရတာဖြစ်ကြောင်း ကုလရဲ့  ကျွမ်းကျင်ပညာရှင် အန်ဒရူးက ထပ်မံဆိုခဲ့ပါတယ်။

 

အရှိန်တိုးမြင့် ဖြစ်ပွားလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုက်မှုတွေဟာ မြန်မာကလေးငယ်တွေကို မျိုးဆက်ပျက်သွားလောက်တဲ့အထိ ဖြစ်ပေါ်လာစေတာကြောင့် မြန်မာ့အရေးကို ဖြေရှင်းဖို့ နိုင်ငံတွေစုပေါင်းပြီး ညှိုနှိုင်းဆောင်ရွက်အဖြေရှာမှုတွေကို ချက်ခြင်းပြုလုပ်သင့်ပါတယ်လို့ အန်ဒရူးက သတိပေးပြောကြားခဲ့ပါတယ်။

 

မြန်မာ အာဏာသိမ်းစစ်အုပ်စုအပေါ် ပြင်းထန်ထိရောက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဘဏ္ဏာရေးအရ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံတွေက စုပေါင်းပြုလုပ်သင့်ပါတယ်။ မြန်မာကို လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများနဲ့ ဒုက္ခသည်များကိုလည်း တိကျသေချာတဲ့ ထောက်ပံ့ကူညီမှုများ ပေးဖို့ ကုလအဖွဲ့ဝင် နိုင်ငံတွေကို ကျွန်တော်တိုက်တွန်းပါတယ်လို့ အန်ဒရူးက ဆိုခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန် အစရှိတဲ့နိုင်ငံတွေက မြန်မာစစ်တပ်နဲ့ ၎င်းနဲ့စပ်ဆက်လျှက် ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီမှာ ဥရောပ သမဂ္ဂက နိုင်ငံပိုင်စွမ်းအင်နှင့်ရေနံလုပ်ငန်း (MOGE)” အပေါ်ကိုပါ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်လည်း ယင်းကဲ့သို့လုပ်ဆောင်ရန် အရပ်ဖက်အဖွဲ့အစည်းများက ဖိအားပေး တောင်းဆိုလျှက် ရှိနေပါတယ်။

 

၂၀၂၂ ခုနှစ်အတွက် မြန်မာလူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ရေးစီမံကိန်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထည့်ဝင်ရန်ဂတိပြုထားတဲ့ ငွေပမာဏမှာလည်း ၁၀ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်း၊ ရလဒ်အနေနဲ့ ကလေးတွေရဲ့အသက်ကို ကယ်ဆယ်ပေးနိုင်မယ့် အစီအစဥ်တွေဟာ ချောင်ထိုးခံထားရကြောင်း အန်ဒရူးက ထောက်ပြပြောဆိုခဲ့ပါတယ်။

 

မြန်မာမှာဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများကြောင့် ခန်မှန်းခြေ ကလေး . သန်းခန့်ဟာ ကျောင်းမတက်နိုင်သေးကြောင်း၊ ယင်းအပြင် ပြည့်သူ့ကျန်းမာရေးစနစ်ပြိုလဲမှုနဲ့အတူ သောင်းနဲ့ချီတဲ့ ကလေး ငယ်တွေက နေ့စဥ်နဲ့အမျှ ကိုယ်ခံအားကျဆင်းနေပြီး အခြားလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း မရရှိကြကြောင်း ကုလကထုတ်ပြန်ခဲ့ပါတယ်။

 

(Al Jazeera သတင်းဌာန၏ “UN Myanmar expert warns of ‘lost generation’ of children” ဆောင်းပါးကို ဘာသာပြန်သည်။)


Burma Associated Press

မြန်မာ
ကလေးငယ်များ
အာဏာသိမ်း
စစ်တပ်
ကုလသမဂ္ဂ

Share With
bap-logo