bap-logo
Article

ခေါင်းလောင်းသံမရှိတဲ့ကျောင်းက ဆရာမ

Q0_cdljjy66ARRMXx2hwb-image

လွန်ခဲ့သော ၂ နှစ် က

နှစ်ဝက်လောက်နေတော့ ငွေကြေးကြပ်တည်းလာပါတယ်၊ ကိုယ့်ဝင်ငွေကဒါပဲရှိတာလေ။ ကိုဗစ်ဖြစ်တာနဲ့ ဆိုတော့ အတော်အခက်အခဲဖြစ်ပါတယ်ဟု ပညာရေးလောကမှ စီဒီအမ်ဆရာမတစ်ဦးဖြစ်သူ မလင်းလင်းက ပြောသည်။

 

ဒါပေမယ့် ပြန်မဝင်ခဲ့ပါဘူး၊ ပိုပြီးခိုင်မာစွာခံစားမိပါတယ်။ ပြည်သူတွေကို ဒီလိုဖြစ်အောင်လုပ်တာပါလား ဆိုပြီးသူက ဆက်ပြောသည်။

 

စီဒီအမ်ဝင်လိုက်သည့်အတွက် ကြပ်တည်းမှုကို ပိုမိုရင်ဆိုင်ရသော်လည်း လက်မလျှော့ခဲ့သည့် မလင်းလင်းက ၎င်းအနေဖြင့် တစ်ကိုယ်ရည်စာပင် တာဝန်မယူနိုင်သည့်အခြေအနေနှင့်ပင် စီဒီအမ် ဝင်ခဲ့ခြင်းဖြစ်ပြီး အချိန် ကြာလေ ဆုံးဖြတ်ချက်ပြတ်သားလေဟု ဆိုသည်။

 

ယခင်နှစ် ဖေဖော်ဝါရီ တွင် စစ်တပ်က အရပ်သားအုပ်ချုပ်သူများကို ဖမ်းဆီးချုပ်နှောင်ကာ အာဏာသိမ်း ခဲ့သည်။ စစ်တပ်၏ လူထုသို့ထုတ်ပြန်သည့် အာဏာသိမ်းရသောအကြောင်းအရင်းမှာ အရပ်သား အစိုးရသည် လွန်ခဲ့သည့် နှစ်လကျော်ကကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုပြုလုပ်သည်ဟူသော စွပ်စွဲချက် ဖြစ်သည်။

 

ဆရာ/ဆရာမတွေဆိုတော့လည်း ကိုယ့်ရဲ့ ဂုဏ်သိက္ခာလေ၊ ဂုဏ်သိက္ခာ မာနနဲ့ ပြန်မဝင်ကြတော့ဘူးဟု ပညာရေးလောကတွင် Non CDM နည်းသည့်အခြေအနေကို ၎င်းကိုယ်တိုင်ခံစားရသည်နှင့် နှိုင်းယှဉ် သုံးသပ်ကာ မလင်းလင်းက ပြောသည်။

 

လူထုအစိုးရကို ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးသည့် နေ့များ၌ မဲစာရင်းများရေတွက်ခြင်းကို မြို့နယ်နှင့် ရပ်ကျေးအသီးသီးရှိ အစိုးရပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများက တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံ၏ လူမှုသဘာဝအရ ကျောင်းဆရာ၊ ဆရာမ အလုပ်အကိုင်ကို တည်ငြိမ်ပြီး ဩဇာရှိသည်ဟု သတ်မှတ်ကြသည့်အလျောက် ထိုအလုပ်အကိုင် လုပ်ကိုင်သူ များအား ယုံကြည်ကိုးစားမှုရှိကြသည်။ ထို့ကြောင့် မဲရုံများ၏ မဲရေတွက်ခြင်း တာဝန်အား ကျောင်းဆရာ/ ဆရာမကို ပေးခြင်းအပေါ် လူထုမှကန့်ကွက်သည့် အခြေအနေ မရှိခဲ့ပေ။

 

စစ်တပ်အာဏာသိမ်းသည့် အကြောင်းပြချက်ဖြစ်သည့် အရပ်သားအစိုးရက မဲစာရင်းလိမ်ခြင်း ဟူသည့် အကြောင်းပြချက်သည် မဲရုံမှုးတာဝန်ယူကာ မဲစာရင်းများ တာဝန်ယူရေတွက်ပေးခဲ့ကြသည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအပေါ် လှုပ်ခတ်သွားစေခဲ့သည်။ အာဏာသိမ်းပြီး ကာလအစပိုင်းများတွင် ဆရာ/ဆရာမ အချို့က စစ်ကောင်စီ၏ မဲစာရင်းအကြောင်းပြချက်အပေါ်  ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာများပေါ်မှတဆင့် ကန့်ကွက်ရေးသားဝေဖန်ခဲ့ကြသည်။  

 

မလင်းလင်းသည် ကိုဗစ်ရောဂါပျံ့နှံ့မှုကပ်ဘေးနှင့် တိုက်ဆိုင်နေခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ပေးခြင်း မခံခဲ့ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မဲရေတွက်သည့်မဲရုံမှုုးတာဝန်ကို ယူခဲ့သည်။ တစ်ရက်အတွင်းအပြီး အမှားမရှိအောင် စီမံလုပ်ကိုင်ရသည်ဖြစ်သောကြောင့် အလွန်ပင်ပန်းသည့်အလုပ်ဟု မှတ်ချက်ပြုသည်။ ဆရာမ တစ်ဦးအနေဖြင့် အခြားအလုပ်ကမပင်ပန်းဘဲ မဲရုံမှုုးတာဝန်ယူရသည့် မဲရုံအလုပ်က အလွန်ပင်ပန်းသည်ဟု ဆိုသည်။

 

၎င်းတုန်းက မနက် ခွဲကတည်းက အလုပ်စကာ ဆက်တိုက် ညတစ်နာရီခန့်မှပြီးသည့်အတွက် ထို့နေ့ တစ်နေ့လုံး ထမင်းမစားလိုက်ရဟု သူ၏အတွေ့အကြုံကို ပြန်ပြောပြသည်။ ထိုအတွက် မလင်းလင်း အပါအဝင် မည်သည့်ဆရာမမှ မငြီးငြူခဲ့ကြသည့်အပြင် တက်ကြွစွာလုပ်ပေးခဲ့ကြကြောင်း ဆိုသည်။  ပင်ပန်းသော်လည်း မလင်းလင်းအနေဖြင့် ထပ်မံတာဝန်ပေးခံရပါက ဂုဏ်ယူစွာလုပ်ပေးဦးမည် ဖြစ်သည်။

 

တကယ်လည်းစေတနာ ထက်ထက်သန်သန်နဲ့လုပ်ပေးတာ။ ဒါကြောင့်လည်း အများစု စိတ်ထဲမှာ ထိခိုက်သွား ကြတာပေါ့နော်၊ ဂုဏ်သိက္ခာထိခိုက်သွားကြတာပေါ့။ လုံးဝကို ပြတ်သားသွားကြတာပေါ့ဟုစစ်ကောင်စီ၏ စွပ်စွဲမှုနှင့်ပတ်သက်၍ မလင်းလင်းက ဆိုသည်။

 

ယခုအာဏာသိမ်းပြီးနောက် လူထုဆန္ဒနှင့် စစ်ကောင်စီ အားပြိုင်နေသည့်ကာလတွင်လည်း မလင်းလင်းက လူထု အစိုးရ၏ ပညာရေးကဏ္ဍအတွက် စေတနာ့ဝန်ထမ်းအဖြစ် တက်ကြွစွာ အလုပ်လုပ်ပေးနေပြန်သည်။ ၎င်း ယုံကြည်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ စာသင်ကျောင်းအချို့တွင် အလယ်တန်း ကျောင်းသားများကို စေတနာ့ဝန်ထမ်း (volunteer) ဆရာမအဖြစ် စာသင်ပေးနေသည်။ ယင်းအတွက် အင်တာနက် ဒေတာဖိုး ငွေကြေးအနည်းငယ် ထောက်ပံ့ခြင်းရှိသည်။

 

မလောက်ဘူး၊ အစ်မတို့အမှန်အတိုင်းပြောရမယ်ဆိုရရင် မလောက်ဘူး။ ကိုယ်ကစိုက်ရတာများတယ်ဟု ဆိုသည်။

 

မလောက်ဘူး၊ အစ်မတို့အမှန်အတိုင်းပြောရမယ်ဆိုရရင် မလောက်ဘူး။ ကိုယ်ကစိုက်ရတာများတယ်ဟု ဆိုသည်။

 

ထိုဒေတာ ထောက်ပံ့ကြေးမလုံလောက်မှုနှင့် ပတ်သက်ပြီး ၎င်းကဆက်လက်ပြီးဒါပေမယ့် ဒီဟာကလည်း အချင်းချင်း ကိုယ်ထူကိုယ်ထ ရုန်းနေရတာလေ။ ဒီ့ထက်ပို မတတ်နိုင်ဘူးပေါ့။ ဒါပေမယ့်လည်း ဘယ်သူမှ မငြိုငြင်ပါဘူး၊ အစ်မတို့ကိုယ်တိုင်လည်း မငြိုငြင်ဘူးဟု ပြောသည်။

 

ကလေးတွေကိုစာသင်ရရင်တော်ပါပြီ၊ ကလေးတွေနဲ့ အဆင်ပြေပြေဆက်သွားနိုင်ရင် တော်ပါပြီ။ အစ်မတို့ ကိုယ်တိုင်ကလည်း ဒီလိုပဲခံယူထားကြတာပေါ့နော်ဟု မလင်းလင်းက ဆက်ပြောသည်။

 

ဒေတာဖိုး အလွန်ကုန်ကျသောကြောင့် အစပိုင်းများတွင် သုံးလေးအိမ်ကျော်က ဝိုင်ဖိုင်တပ်ထားသည့် သူငယ်ချင်း ဝိုင်ဖိုင်ကို အိမ်ရှေ့ထွက်သုံးခဲ့ရသည်ဟု လင်းလင်းက ရယ်မောရင်းပြောပြသည်။ တစ်ခါတစ်ရံ အိမ်ရှေ့က လက်ဖက်ရည်ဆိုင်မှ ဝိုင်ဖိုင်စကားဝှက်တောင်းကာ မုန့်စားရင်း တိုးတိုးတိတ်တိတ် မသိမသာ စာသင်ခဲ့ရသည် လည်း ရှိသည်ဟု ၎င်း၏ဖြစ်စဉ်များကို ပြောပြသည်။

 

မု့န်တွေစားဖို့ကို မစားတော့ဘူး။ မုန့်စားချင်တောင် မစားတော့ဘူး၊ ဝယ်ချင်တာတောင် မဝယ်တော့ဘူး။ ဖုန်းဘေလ်ပဲ သုံးတာများတယ်။ ဖုန်းဘေလ်ဖြည့်ပြီး ဒေတာပဲဝယ်ထားလိုက်တယ်။ မီးပျက်ရင်၊ ဝိုင်ဖိုင် မရရင် ကလေးတွေကို စာသင်ဖို့ သုံးလို့ရအောင်လို့ဆိုပြီးဟု ၎င်း၏အလုပ်မှ အခက်အခဲအချို့ကို ဖြေရှင်းသည့်ပုံစံကို ပြန်ပြောပြရင်းဒါတွေက ညည်းပြနေတာမဟုတ်ဘူးနော်၊ ပြောပြတာဟု အထိတ်တလန့် ကြားဖြတ် ပြောသေးသည်။ ထိုသို့ကြားဖြတ်ပြောသည်မှာ လေးကြိမ်ခန့်ရှိသည်။

 

လက်ရှိတွင် မလင်းလင်းတို့၏ သင်ကြားမှုပုံစံသည် အွန်လိုင်းမှတဆင့်သာ တွေ့ဆုံသင်ကြားကြသည့် ပုံစံ ဖြစ်သည်။ ယခင်နှင့် မတူပဲ အွန်လိုင်းမှတဆင့်သာ တွေ့ဆုံသင်ကြားကြရသည့်အခါ ၎င်းကြုံရသည့် အားသာချက်၊ အားနည်းချက်များကို ပြောပြသည်။

 

ယခင်မြေပြင်တွင် ထိတွေ့သင်ကြားမှုပုံစံတွင် တာဝန်ကျသည့်ကျောင်းမှ ကျောင်းသားများနှင့် အခြားရွာနီး ချုပ်စပ်မှ ကျောင်းသားနှင့်ဆရာ/မလုပ်ဖော်ကိုင်ဖက်များနှင့်သာ သိကျွမ်းခွင့်ရသည်။ ယခု အွန်လိုင်းမှ သင်ကြား မှုတွင် အခြားအနယ်နယ်အရပ်ရပ်မှ စီဒီအမ်လုပ်ပြီး ကျောင်းတက်ကြသည့် ကျောင်းသားများအပြင် လုပ်ဖော်ကိုင်ဖက် ဆရာ/မများနှင့်ပါ တွေ့ဆုံခွင့်ရကြခြင်း အားသာချက်တစ်ခုဖြစ်သည်ဟု ဆိုသည်။ ကျောင်းသားများအနေဖြင့်လည်း အနယ်နယ်အရပ်ရပ်မှ ဆရာ/မများကို တွေ့ရသည့်အပြင် သူငယ်ချင်း အသစ်များ ရနိုင်ခြင်းတို့သည် အားသာချက်များဖြစ်ကြောင်း မလင်းလင်းက သုံးသပ်သည်။

 

အနယ်နယ်အရပ်ရပ်က ကလေးတွေနဲ့ အစုံတွေ့ရတယ်၊ အဲ့ဒါကို သဘောကျမိတယ်။ ဆရာ၊ ဆရာမ ဆိုလည်း အနယ်နယ်အရပ်ရပ်က ဆရာ၊ ဆရာမတွေနဲ့တွေ့ရတယ်။ ဆရာတပည့်အသစ်တွေ  တွေ့ဆုံရတာပေါ့နော်၎င်းက ဆိုလေသည်။

 

ကလေးတွေဘက်ကလည်း မြေပြင်မှာရှိနေရင် ကိုယ့်ကျောင်းက ဆရာ၊ ဆရာမနဲ့ သူငယ်ချင်းတွေပဲ တွေ့ရတယ်။ အခုဆို အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ အနယ်နယ်အရပ်ရပ်က ဆရာ၊ ဆရာမတွေနဲ့ တွေ့ရတယ်။ ဒါတွေက အားသာချက်ပေါ့ဟု ဆက်ပြောသည်။

 

အွန်လိုင်းတွင် တွေ့ဆုံကြရသည်ဖြစ်သောကြောင့် ကင်မရာလည်းပိတ်ထားပြီး ကလေးများဘက်မှ အသံလည်း ပိတ်ထားရသည်ဖြစ်ရာ တစ်ဖက်တွင် စာလိုက်လုပ်နေလားမလုပ်နေလား မသိနိုင်ခြင်းသည် မလင်းလင်း ပြောပြသည့် အွန်လိုင်းသင်ကြားမှု၏ အားနည်းချက်ဖြစ်သည်။ ကျောင်းသားများအနေဖြင့် စာကို နားလည် လိုက်လား နားမလည်ဘူးလား ခန့်မှန်းမရခြင်းကြောင့်လည်း အားနည်းချက်ဖြစ်နေသည်။

 

သူတို့တွေ ကင်မရာကြီးပိတ်၊ အသံကြီးပိတ်ပြီး ကိုယ်ပြောတာကို နားထောင်နေရဲ့လား အိပ်ငိုက်နေလား အဲ့ဒါမျိုးကတော့ အားနည်းချက်ပေါ့ဟု လင်းလင်းကဆိုသည်။ ကျောင်းသားများကို အိမ်စာပေးကာ ထပ်ခိုင်းပြီး ထိုအိမ်စာကိုကြည့်၍ စာလိုက်လုပ်မလုပ် ဆုံးဖြတ်နေရသည်။အိမ်စာထပ်ခိုင်းတယ် အိမ်စာလိုက်လုပ်တယ်ဆို မဆိုးပါဘူးလို့ပေါ့၊ သူတို့လည်း လိုက်လုပ်တယ်ပေါ့။ အဲ့လိုပဲမှတ်ရတာပဲဟု ဆက်‌ပြောသည်။

 

မလင်းလင်းကတော့ အွန်လိုင်းမှတဆင့်သင်ကြားခြင်းကို အမြဲတမ်းမလုပ်ချင်ဘဲ ကိုယ်တိုင်ထိတွေ့ သင်ချင် ကြောင်း ဆိုသည်။ သို့သော် နည်းပညာခေတ်ဖြစ်သည့်အလျောက် အွန်လိုင်းမှသင်ယူမှုပုံစံသည် နောက်ပိုင်းတွင် လည်း အပြီးလွှတ်လိုက်ရမည်မဟုတ်ဘဲ ဆက်သွားနိုင်သည်ဟုထင်ကြောင်း ပြောသည်။

 

ယခင်က ကလေးများအင်တာနက်သုံးပါက မိဘများက ဂိမ်းဆော့မည်ဟုသာ ထင်နေကြရာမှ ယခုအချိန်တွင် အင်တာနက်မှတဆင့် ဒါမျိုးစာသင်ခြင်းလည်း လုပ်လို့ရသည်ဆိုသည့်အသိ ပြန့်နှံ့သွားပြီ ဖြစ်ခြင်းသည် အဆိုး ထဲမှ အကောင်းဖြစ်သည်။ အချို့ကလေးများသည် ဘာသာစကားအချို့ကို အွန်လိုင်းမှတဆင့် ကိုယ့်ဘာသာ သင်ယူမှုများ ရှိလာခြင်းသည် အကောင်းများဖြစ်သည်ဟု မလင်းလင်းက ပြောသည်။

 

လတ်တလော အလယ်တန်းပြ မလင်းလင်းသည် NUG ဖက်ဒရယ်ကျောင်း လေးခုတွင် တာဝန်ယူ ထားပြီး မြန်မာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ စသည့်ဘာသာရပ်များကို သင်ကြားပေးနေသည်။ ဘာသာရပ် များတွင် အင်္ဂလိပ်နှင့် သင်္ချာကို ယူသည့်သူအများအပြားရှိသည်ဖြစ်ရာ ကျန်ခဲ့သည့် ယူမည့်သူ သိပ်မရှိသည့် ဘာသာရပ်များကို မလင်းလင်းက ရွေးယူထားသည်။

 

မလင်းလင်းစာသင်ပေးနေသည့် ကျောင်းများသည် NUG ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သင်ရိုး စနစ်အတိုင်း သွားနေသည့်ကျောင်းများဖြစ်သည်။ NUG ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အတိုင်း အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်တွင် ပြဌာန်းခဲ့သည့် KG+12 သင်ရိုးကို ဆက်လက် အသုံးပြုလျက် ရှိသည်။

 

အစ်မတို့ run နေတဲ့ဟာက Internation Curriculum (နိုင်ငံတကာသင်ရိုး) နဲ့ run နိုင်သေးဘူး” ဟု မလင်းလင်းက ပြောသည်။သူ့ဉာဏ်ရည်အလိုက်၊ အသက်အလိုက် သိရမယ့် နေ့စဉ်ဘဝမှာသုံးရတဲ့စာ ပြင်ပမှာလည်း ရှိတဲ့ဟာတွေကို တွဲပြီးထည့်ပေးထားတဲ့အတွက် တော်တော်ကြီး သဘောကျပါတယ်ဟု ၎င်းတို့အသုံးပြုနေသည့် ထိုစနစ်သစ်နှင့် ပတ်သက်ပြီး ၎င်း၏သဘောထားကို ဆက်ပြောသည်။

 

အာဏာမသိမ်းမီတွင် ကိုဗစ်ရောဂါပျံ့နှံ့မှုကြောင့်လည်း ကျောင်းတစ်နှစ်ပိတ်ခဲ့သည်ဖြစ်ရာ သင်ရိုးအသစ်နှင့် အဟောင်းကြားတွင် ကျောင်းသားများမှာ ၎င်းတို့ထက် ပိုသနားစရာကောင်းသည်ဟု မလင်းလင်းက ထင်သည်။

 

အခုအဟောင်းတက်နေတဲ့ ကလေးတွေဆို သူတို့ကို ခါးတစ်ပိုင်းကနေ ရိုက်ချိုးပြီး သင်ရသလို ဖြစ်နေတယ်။ ကိုယ်တွေထက်တောင် သနားဖို့ကောာင်းသေးတယ်၊ အလှည့်အပြောင်းဒဏ်ကလေ၊ ဗြောင်းဆန်သလို ဖြစ်သွား တယ်စာသင်နေရပြီး ကလေးများကို စာရှင်းပြနေရလျှင် ပျော်သောကြောင့် ဆရာမဖြစ်လာသည့် မလင်းလင်း က ဆိုပါသည်။

 

လက်ရှိတွင် စနစ်ဟောင်းအရ ယခုနှစ်တွင် တန်း၊ တန်းနှင့် ၁၀ တန်း တက်မည့် ကျောင်းသားများသည် စနစ်ဟောင်းဖြင့် သင်ကြားနေရပြီး ၎င်းတို့သည် စနစ်ဟောင်း၏ နောက်ဆုံးကျောင်းသားများ ဖြစ်သည်။ NUG ထုတ်ပြန်သည့်သင်ရိုးအရ နောက်နှစ်တွင် စနစ်ဟောင်းမရှိတော့ဘဲ KG+12 စနစ်သစ်နှင့် သင်ရိုးသစ်သာ ရှိတော့မည်ဖြစ်သည်။ KG+12 စနစ်သစ်တွင် ကျောင်းသားများသည် အခြေခံပညာကို ၁၂ နှစ် တက်ရမည်ဖြစ်ပြီး မူကြိုတန်းများကိုလည်း အစိုးရသင်ရိုးတွင် တရားဝင် ထည့်သွင်းသည်ဖြစ်ရာ စနစ်သစ်တွင် အခြေခံပညာ ပြီးဆုံးရန် ၁၃ နှစ် အချိန်ပေးရမည်ဖြစ်သည်။

 

မလင်းလင်းကတော့ ယခုစနစ်အသစ်သည် ၎င်းတို့သင်ယူဖြတ်သန်းခဲ့ရသည့် သင်ရိုးစနစ်ထက်တော့ အများကြီး ကောင်းမွန်သည်ဟု ယူဆသည်။

 

နိုင်ငံတကာစံနှုန်းနဲ့နှိုင်းရင်တော့ မမှီနိုင်သေးဘူးပေါ့။ ဒါပေမယ့် အစ်မတို့ကြီးပြင်းလာတဲ့ တစ်လျှောက် သင်လာ ခဲ့တဲ့ သင်ရိုးနဲ့စာရင်တော့ အတော်ကောင်းပါတယ်” ဟု စနစ်သစ်နှင့် သင်ရိုးသစ်အပေါ် ၎င်း၏ အမြင်ကို ပြောသည်။

 

ကလေးများကို စာသင်နေရလျှင်ပျော်နေသည့် မလင်းလင်း၏ စီဒီအမ်လမ်းသည် တဖြည်းဖြည်း ပြတ်သားလာ သည်သာ ရှိသည်။ ယခင်လို ရှက်ခြင်း ကြောက်ခြင်းပင် သိပ်မရှိတော့ဘဲ စိတ်ဓါတ် ပိုပြတ်သားလာသည်ဟု ယခု ကာလအတွင်း ပြောင်းလဲသွားသည့် ၎င်း၏ပုံစံကို သုံးသပ်ပြောဆိုသည်။

 

ကိုယ့်ဟာကိုယ်ပင် မရပ်တည်နိုင်ဘဲ စီဒီအမ်လုပ်ပြီးအလျှော့မပေးဘဲ ဆက်လက်တင်းခံနေခြင်းက လွယ်ကူသည် တော့မဟုတ်ပေ။

 

တစ်ခါတစ်ရံ ဆွေမျိုးများက ၎င်းကိုကြည့်ကာ နှမြောသည်ဟုပြောသည်ဟုလည်း ရင်ဆိုင်ရသေးသည်။

 

မလင်းလင်းတို့ ဆွေမျိုးများမှာ လယ်လုပ်ငန်းလုပ်ကိုင်ကြသည်ဖြစ်ရာ အစိုးရဝန်ထမ်း ကျောင်းဆရာမဟူ၍ မလင်းလင်းက ပထမဆုံးနှင့် တစ်ဦးတည်းသောသူဖြစ်သည်။ ထိုအရာတွေကိုလည်း မလင်းလင်း ဂရုမစိုက်ပေ။

 

မလင်းလင်းဂရုစိုက်သည်မှာ အရပ်သားအစိုးရအုပ်ချုပ်မှုမတိုင်မီ ၎င်းကြီးပြင်းခဲ့သည့် စစ်အာဏာရှင် အုပ်ချုပ် ရေးအောက်တွင် ၎င်းသာမက ၎င်း၏သားသမီးတပည့်များနှင့် နောက်မျိုးဆက်ပါ မနေရတော့ဖို့သာ ဖြစ်သည်။ ထို့ကြောင့် လင်းလင်းသည်လည်း ဝင်ငွေမရှိအဆင်မပြေသည့်ကြားမှ အမေ့အိမ်မှ ပို့ပေးသည့်ဆန်ဖြင့် ချွေတာ စားသောက်ကာ စီဒီအမ်ဆက်လက်ဝင်နိုင်ပြီး ၎င်းမြတ်နိုးသည့် စာသင်သည့်အလုပ်ကို ဆက်လက်လုပ်နိုင်ရန် တွေးကြံအားထုတ်နေဆဲဖြစ်သည်။

 

Non CDM ပြန်ဝင်သူဦးရေနည်းသည့် ပညာရေးလောကတွင် မလင်းလင်းကဲ့သို့ ဆရာ/မများ ဘယ်နှစ်ဦး ရှိမည် နည်း။  

 

Designed by; midjourney.com

Burma Associated Press

အာဏာဖီဆန်ရေးလှုပ်ရှားမှု
အာဏာသိမ်း
မြန်မာ
အမျိုးသားညီညွတ်ရေးအစိုးရ
ကျောင်းဆရာ/မ
အွန်လိုင်း သင်ကြားခြင်း

Share With
bap-logo