bap-logo
Article

မီးရထားလမ်းပေါ်မှတဆင့် ခရောင်းလမ်းတစ်လျှောက်

a_RI2AUgEa_aMiOAIIx82-image

လွန်ခဲ့သော ၂ နှစ် က

အချိန်ကာလတစ်ခု ခရီးနှင်လာရသည့် မြန်မာ့နွေဦးတော်လှန်ရေး၏ စီဒီအမ်ဝန်ထမ်းများသည် အဆိုပါ လှုပ်ရှားမှု တွင် မပါဝင်သူများနှင့် Non-CDM များကို တော်လှန်ရေးအတွက် အနှောင့်အယှက်များအဖြစ် သတ်မှတ်လာ ကြသည်။

 

တော်လှန်ရေးအောင်ပါက ပြည်သူ့အစိုးရသစ် လက်ထက်တွင် ထို Non-CDM များကို အလုပ်မှထုတ်ရန် သာမက ၎င်းတို့တော်လှန်ရေးကာလအတွင်းရရှိနေသော ပြည်သူ့လစာများကိုပါ ပြန်တောင်းရန် စဥ်းစား အကြံ ပြုခြင်းများပင် ရှိလာသည်။ ထိုကဲ့သို့အကြံပြုတောင်းဆိုသူများတွင် ကိုမင်းမင်းက တစ်ယောက် အပါအဝင် ဖြစ်သည်။

 

ဖမ်းမိတာ၊ နေစရာအိမ်မရှိတာဘာညာနဲ့ ပြန်ဝင်သွားတာရှိတယ်။ ကျတော်အပြစ်မမြင်ပါဘူး၊ မလုပ်တဲ့ ကောင်တွေကိုပဲ ဒေါသထွက်တာဟု အော်ပြောနေသည့် ကိုမင်းမင်းအသံသည် ဖုန်းထဲတွင်ပင် အဖြေမရှိဘဲ ဝေးဝါးနေခြင်းက သိသာနေသည်။

 

စစ်တပ်၏အာဏာသိမ်းမှုကို အလုပ်မှထွက်ကာဆန့်ကျင်ကြသည့် အစိုးရဝန်ထမ်းအလုပ်သမားများ၏ စီဒီအမ် လှုပ်ရှားမှုတွင် အစောပိုင်းကာလကတည်းက မပါဝင်လာကြသူများနှင့် လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့ကြသည့် သူများကို ကိုမင်းမင်း ရည်ညွှန်းပြီး ပြောနေခြင်းဖြစ်သည်။

 

ကိုမင်းမင်းက လုပ်သက် ၁၅ နှစ်ခန့်ရှိပြီဖြစ်သည့် အစိုးရမီးရထားစက်ခေါင်းမောင်း တစ်ဦး ဖြစ်သည်။ အာဏာ သိမ်းသည့် သတင်းကြားပြီးနောက် ဖေဖော်ဝါရီ တွင် ရထားမောင်းရင်း အခြားမြို့သို့ ရောက်နေသည့် ကိုမင်းမင်းက အခြားလုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင်ကာ ၎င်းတို့မောင်းနေသည့် မီးရထားများကို ပြန်မမောင်း လာဘဲ ထိုမြို့တွင်ပင်ထားခဲ့ပြီး ၎င်းတို့၏အာဏာဖီဆန် စီဒီအမ် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။

 

စက်ခေါင်းကို ပြန်အပ်ရမှာ၊ မအပ်ဘဲထားခဲ့တာဟု ကိုမင်းမင်းက ပြောသည်။

 

အစိုးရမီးရထားစက်ခေါင်းမောင်း ဝန်ထမ်းတစ်ဦးအနေဖြင့် ကိုမင်းမင်းသည်တစ်လ ကျပ်နှစ်သိန်းခန့် ရသည်။ ထို့အပြင် မီးရထားစက်ခေါင်းမောင်းတို့၏ဝင်ငွေသည် တခြားတစ်နေရာမှလည်းရှိသေးသည်။ မိမိတို့ တာဝန်ယူ ရသည့် မီးရထားမောင်းသည့်လမ်းကြောင်းအတွက် ခွဲတမ်းရသည့် စက်သုံးဆီပင် ဖြစ်သည်။

 

ရထားပြေးဆွဲမည့် လမ်းကြောင်းတစ်ခုအတွက် ဌာနမှချပေးထားသည့်စက်သုံးဆီပမာဏမှ ပိုလျှံသည်ကို ရထား မောင်းသည့် ဝန်ထမ်းများအပါအဝင် ထိုခရီးလမ်းတစ်လျှောက်ရှိ တာဝန်ကျသော အခြားသော ဝန်ထမ်းများနှင့် ခွဲဝေယူကြသည်။

 

တာဝန်ထမ်းဆောင်သည့်ရာထူးအလိုက် အနည်းအများ ကွဲပြားမှုရှိသည်။

 

ယင်းကိုဆင်သတ် အရပ်ဝေဟု ကိုမင်းမင်းက ခိုင်းနှိုင်းသည်။

 

ရထားပြေးဆွဲမှုကို တာဝန်ယူမောင်းနှင်ရသည့် စက်ခေါင်းမောင်းများသည် ထိုစက်ဆီအပိုအလျှံများ ရောင်းချရ သည့် ငွေကို ခွဲဝေရသည့်အပြင် ဝေစုလည်းပိုရသည်။

 

ပုံမှန်အားဖြင့် ကုန်ပစ္စည်းတင်သည့်ရထားတွင် စက်ခေါင်းမောင်း နှစ်ဦးနှင့် လက်ထောက် နှစ်ဦး ပေါင်းလေးဦး ပါဝင်ပြီး ခရီးသည်တင်ရထားကို စက်ခေါင်းမောင်း တစ်ဦးနှင့် လက်ထောက်တစ်ဦး ပေါင်းနှစ်ဦး တာဝန် ယူရသည်။ ပိုလျှံသည့်ဆီများကို ခွဲဝေရာတွင်လည်း ၎င်းတို့ကအဓိက ဝေစုရကြသည်။

 

မိဘက ငွေငါးရာပေးတယ်၊ ကျောင်းသွားတယ်၊ လေးရာသုံးတယ်၊ ပိုတာမိဘကိုပြန်ပေးလားဟု ကိုမင်းမင်းက ထိုပိုလျှံသည့် စက်သုံးဆီခွဲဝေယူမှုကို ခိုးသည်ဟုမထင်ကြောင်း ရှင်းပြသည်။

 

ယခင်က ရထားပြေးဆွဲသည့်ခရီးစဥ်အလိုက် သတ်မှတ်ထားသည့် စက်သုံးဆီရာရှင် (ခွဲတမ်း) ရှိသည်။ ယခု ကာလတွင် ထိုကဲ့သို့သတ်မှတ်ထားသည့်ရာရှင် မရှိနေဟု ကိုမင်းမင်းက ပြောသည်။

 

ရန်ကုန်-မန္တလေးအတွက် ဂါလန်တစ်ရာပို့တယ်၊ အရင်ကတော့အဲ့လိုလုပ်တယ်ဟု ပြောသည်။ ယခု ကာလတွင် ဆီကိုရသလောက် ယူနေကြကြောင်း ၎င်းကဆက်ပြောသည်။

 

အာဏာသိမ်းပြီးစ၌ မြန်မာတစ်နိုင်ငံလုံးတွင် ရပ်တန့်ခဲ့သော မီးရထားခရီးစဥ်များမှ ၄၀ ရာခိုင်နှုန်းခန့် ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း ကိုမင်းမင်းက ဇူလိုင်ပထမအပတ်တွင် ပြောခဲ့သည်။ လက်ရှိတွင် ယင်းပမာဏနှင့် အပြောင်းအလဲရှိနိုင်ပါသည်။

 

စစ်ကောင်စီမီးရထားဌာန၏ လက်ရှိပြေးဆွဲနေသော လမ်းကြောင်းများကို ကြေညာထားချက်အရ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပဲခူး၊ မန္တလေး-ပြင်ဦးလွင်၊ ပြင်ဦးလွင်-ဂုတ်ထိပ်၊ သာစည်-ရွှေညောင်၊ ပြည်တော်သာ-ရေချမ်းပြင် စသည့် လမ်းကြောင်းများကို ပြေးဆွဲနေလျက်ရှိသည်။ အချို့ကို နေ့စဥ် ပြေးဆွဲလျက်ရှိပြီး အချို့ကို တစ်ပတ်တစ်ခါ ပြေးဆွဲနေသည်။

 

စက်ခေါင်းမောင်းအချို့ အလုပ်ပြန်လုပ်ပြီး Non-CDM ဝင်ကြကြောင်း ကိုမင်းမင်းကပြောသည်။ ၎င်းကိုလည်း အလုပ်ပြန်ဝင်ရန် ထို Non-CDM များနှင့် အထက်အရာရှိတချို့က ပြောဆိုမှုများရှိသည်။

 

ငါတို့လည်း ငတ်သေရင်သေပါစေ၊ ဘယ်တော့မှပြန်မသွားဘူး။ အခုပြန်သွားရင် ဘာဖြစ်သွားမလဲ၊ ပြည်သူ့ လစာ စားထားတာ ပြည်သူ့မျက်နှာမကြည့်ရင် ဘယ်လိုလုပ်မလဲဟု ပြန်ပြောလိုက်သည်ဟု ၎င်းက ဆိုသည်။

 

ငါတို့လည်း ငတ်သေရင်သေပါစေ၊ ဘယ်တော့မှပြန်မသွားဘူး။ အခု ပြန်သွားရင် ဘာဖြစ်သွားမလဲ၊ ပြည်သူ့လစာ စားထားတာ ပြည်သူ့မျက်နှာ မကြည့်ရင် ဘယ်လိုလုပ်မလဲဟု ပြန်ပြောလိုက်သည်ဟု ၎င်းက ဆိုသည်။

 

 

လက်ရှိကာလတွင် စက်ခေါင်းမောင်းအလုပ်ပြန်လုပ်ပါက တစ်လသိန်းသုံးဆယ်၊ လေးဆယ်ခန့် ရနိုင်ကြောင်း ၎င်းကဆက်ပြောသည်။ ရထားမောင်းသည့်ဆီကိုထုတ်၍ မှောင်ခိုရောင်းစားခြင်းကို သူ ဆိုလိုခြင်းဖြစ်သည်။

  

မီးရထားဌာနသည် မြန်မာနိုင်ငံ၏နွေဦးတော်လှန်ရေးတွင် စစ်အာဏာသိမ်းမှုကို ဖီဆန်ပြီး အလုပ်မလုပ်သည့် စီဒီအမ်လှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည့် ဌာနများမှတစ်ခု ဖြစ်သည်။

 

ယခင်နှစ် ဖေဖော်ဝါရီအစောပိုင်း အာဏာသိမ်းစတွင် မီးရထားဝန်ထမ်းအများစု အလုပ်မလုပ်ကြတော့သော ကြောင့် တစ်နိုင်ငံလုံးမှ မီးရထားလမ်းကြောင်းများ ရပ်စဲခဲ့ရသည်။

 

နွေဦးတော်လှန်ရေးကာလ တစ်နှစ်ခွဲခန့်အကြာ လက်ရှိတွင် တစ်နိုင်ငံလုံးမှ မီးရထားခရီးစဥ်များတွင် လေးဆယ် ရာခိုင်နှုန်း ထက်မနည်း ပြန်လည်လည်ပတ်နေသည်။

 

မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်၊ ဧရာဝတီတိုင်းမှ မြို့အချို့၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့အချို့ တို့တွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။ ထောက်ပံ့မှုမရတော့သည့်အပြင် အလုပ်ရှာရခက်သည့် အခက်အခဲများ၊ ဝင်ငွေအခက်အခဲအပြင် အခြားအခြေအနေအရပ်ရပ်ဖြင့် Non-CDM ပြန်ဝင်ကြသည့် မီးရထားဝန်ထမ်း အရေအတွက် မြင့်တက်လာသည်နှင့်အမျှ စစ်ကောင်စီ လက်အောက်ရှိ မီးရထားခရီးစဥ်များသည်လည်း တဖြည်းဖြည်း ပြန်လည်လည်ပတ်လာသည်။

 

အထက်ပါအချက်များကြောင့်လည်း ကိုမင်းမင်းက Non-CDM ဝန်ထမ်းများ ယခုကာလအတွင်း ရရှိသည့် လစာကို တော်လှန်ရေးအောင်ပါက ပြန်တောင်းရန် အကြံပြုပြောဆိုခြင်းဖြစ်သည်။

 

ယခုနွေဦးတော်လှန်ရေးအောင်၍ မိမိတို့အစိုးရတက်သည့်အခါ အစကတည်းက စီဒီအမ်လှုပ်ရှားမှုတွင် မပါဝင်ခဲ့ ကြသူများ သာမက စီဒီအမ်မှ Non-CDM ဖြစ်သွားသူများနှင့်လည်း အလုပ်အတူတူ ပြန်မလုပ်နိုင်ဟု ကိုမင်းမင်းက ဆိုသည်။

 

အဲ့အချိန်မှာ ဒီကောင်တွေနဲ့ တွဲလုပ်ရရင် ဆန္ဒထပ်ပြရမှာ။ ပြည်သူ့ဘက်မှ မရပ်တည်တာ၊ အဲ့ဒါကြောင့် လက်မခံ ဘူးဟု ပြောသည်။

 

ကိုမင်းမင်း၏အဆိုအရ မီးရထားဌာန စီဒီအမ်လှုပ်ရှားသူများတွင်လည်း အစကတည်းက စီဒီအမ် မလုပ်ခဲ့သူ၊ အဖမ်းခံရကာ ခြိမ်းခြောက်ခံရသဖြင့် Non-CDM ဖြစ်သွားသူ၊ ဖမ်းဆီးခံရသူ၊ ထောင်ကျသွားသူ၊ ကျန်းမာရေးနှင့် အိမ်ခန်းအခက်အခဲများကြောင့် Non-CDM ဖြစ်သွားသူ စသည်ဖြင့် လက်လှမ်းမှီသလောက် စာရင်းလုပ်ထား ခြင်း ရှိသည်။ ကိုမင်းမင်းက ထိုစာရင်းအပေါ်မူတည်ပြီး Non CDM များကို ခွဲခြားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

 

နွေဦးတော်လှန်ရေးတွင် ထောက်ပံ့မှုသာမက အာရုံစိုက်ခံရမှုလည်း အားနည်းလာသည့် မီးရထားဝန်ထမ်းများ၏ စီဒီအမ်လှုပ်ရှားမှုတွင် အများအားဖြင့် လုံခြုံရေးနှင့် နေထိုင်စရာအခက်အခဲတို့ကြောင့် Non-CDM အဖြစ် ကူးပြောင်းကြရသည့် ဝန်ထမ်းအများအပြားလည်း ရှိနေသည်။ ယင်းအပေါ် တော်လှန်ရေးကာလ ကြားဖြတ် အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် တစ်စုံတစ်ရာ ဖြေရှင်းချက်နှင့် မှတ်ချက်ပေးခြင်းမျိုး မရှိလာသေးပေ။

  

ကျန်းမာရေး နှင့် ပညာရေးဌာနမှ Non- CDM အဖြစ် ကူးပြောင်းသူဦးရေသည် မီးရထားဌာနမှ Non-CDM ပြန်ဝင်သွားသူဦးရေလောက် မများပြားပေ။ မီးရထားဝန်ထမ်းများတွင် အဖိုးမှ အဖေ၊ ထိုမှ သား ဆွေစဥ်မျိုးဆက် မီးရထားဝန်ထမ်းလုပ်ကြသည့် ပုံစံအများအပြား တွေ့နိုင်သည်။

 

မီးရထားဆိုတာ အဖိုး၊ အဖေ၊ သား ဆက်တိုက်လုပ်ကြတာဟု ၎င်းတို့၏ မိသားစုနှင့်အလုပ် ဆက်စပ်နေပုံကို ကိုမင်းမင်းက ပြောပြသည်။

 

မီးရထားဆိုတာ အဖိုး၊ အဖေ၊ သား ဆက်တိုက်လုပ်ကြတာဟု ၎င်းတို့၏ မိသားစုနှင့်အလုပ် ဆက်စပ်နေပုံကို ကိုမင်းမင်းက ပြောပြသည်။

 

 

ထို့ကြောင့် ၎င်းတို့၏ ဝန်ထမ်းလိုင်းခန်းများအပေါ် မှီခိုရမှုသည် အခြားဌာနမှဝန်ထမ်းများ အထူးသဖြင့် ပညာရေး နှင့် ကျန်းမာရေးကဏ္ဍမှ ဝန်ထမ်းများထက် ပိုမိုမြင့်မားသည်။

 

အစိုးရဝန်ထမ်းအိမ်ယာများတွင် နေထိုင်စရာအပြင် လျှပ်စစ်မီးသာမက ရေဖိုးမီးဖိုးများတွင် အစိုးရ၏ အထောက်အပံ့ရပြီး ကုန်ကျစရိတ် သက်သာသည်။ အပြင်လောကတွင် အိမ်လခ၊ မီတာခ၊ ရေဖိုးအပြင် ဆယ့်ငါး နှစ်၊ နှစ်နှစ်ဆယ် နေထိုင်ခဲ့သူဖြစ်ပါက ၎င်းတွင်ရှိမည့် အိမ်ထောင်ပရိဘောဂများကို ရွှေ့ပြောင်းရန်မှာလည်း စိန်ခေါ်မှုများပင်ဖြစ်သည်။ လုပ်သက် ဆယ့်ငါးနှစ်ခန့်ရှိပြီဖြစ်သည့် ကိုမင်းမင်းပင် ၎င်း၏ အိမ်ထောင်ပရိဘောဂ များကို ထားခဲ့ရပြီး လုံခြုံရေးကြောင့် ယခုတိုင်ပြန်မယူနိုင်ပေ။ ကိုမင်းမင်းကတော့ စီဒိအမ်တစ်ဦးအနေဖြင့် ငွေကြေးထောက်ပံ့မှုထက် အလုပ်ခန့်ပေးကြဖို့သာ တောင်းဆိုသည်။

 

ထို့အပြင် ကိုမင်းမင်းက မီးရထားဌာနများတွင်ရှိသည့် မိုးကျရွှေကိုယ်များကို Non-CDM များ မြင့်မားလာခြင်း ၏ အကြောင်းများမှတစ်ရပ်အဖြစ် သုံးသပ်သည်။ ၂၀၂၁ အာဏာမသိမ်းမီကာလ ယခင်စစ် အစိုးရနှင့် အရပ်သား အစိုးရမှ ဝန်ကြီးဌာနအများစုတွင် စစ်တပ်ဘက်မှ ပြောင်းလဲတာဝန် ထမ်းဆောင်နေကြသူများ ရှိကြသည်။

 

ထိုကဲ့သို့သော မိုးကျရွှေကိုယ်များသည် မီးရထားဌာန၏ ထိပ်ပိုင်းများတွင်သာမက အရာရှိပိုင်းနှင့် အောက်ခြေ ဝန်ထမ်းအဆင့်များတွင်လည်း ရှိကြသည်။ မီးရထားဌာနတွင် အဓိကဌာနကြီး လေးခု ရှိသည်။ စက်ခေါင်းမောင်း၊ စက်ပြင် (စက်မှုစက်ပြင်၊ လျှပ်စစ်စက်ပြင်) ပို့ဆောင်ရေးနှင့် ဆေးဌာနတို့ ဖြစ်ကြသည်။ ထိုဌာနများတွင် စစ်တပ် မှ ကူးပြောင်းလာသည့် ဝန်ထမ်းများလည်းရှိသည်။ စစ်တပ် အဆက်အနွယ် မိသားစုနှင့် အချိတ်အဆက်များမှ တဆင့် ဝန်ထမ်းဖြစ်လာကြသူ အရပ်သားများလည်း ရှိကြသည်။

 

စက်ရုံထဲမှာလည်း သူတို့စစ်သည်တွေရှိတယ်၊ ဌာနတိုင်းမှာ သူတို့လူတွေ အပြည့်အဝရှိတယ်ဟု မီးရထားဌာန အကြောင်း ကိုမင်းမင်းက ပြောသည်။

 

လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင် ကိုမင်းမင်း စက်ခေါင်းမောင်းပညာသင်တန်းကျောင်း တက်နေစဥ်တွင် ထိုသင်တန်း၌ စက်ခေါင်းမောင်းနှင့် စက်ပြင်သင်တန်းများတွင် စစ်တပ်မှ သင်တန်းလာတက်သူ ငါးယောက်စီခန့် ရှိခဲ့ကြောင်း ကိုမင်းမင်းက ဆိုသည်။

 

စက်ခေါင်းမောင်းစစ်သည်ဟူသည်မှာ မြန်မာတွင်သာရှိကြောင်း ၎င်းကဆက်ပြောသည်။

 

အဲ့တုန်းက၊ အင်းငါတို့သက်သာတာပေါ့လို့ တွေးခဲ့တာ၊ အခုတော့ဘယ်ဟုတ်မလဲဟု သုံးသပ် ပြောဆိုသည်။    

 

စီဒီအမ်ဝန်ထမ်း အများအပြားထွက်ပေါ်ရာ မီးရထားဌာနတွင် ထိုမိုးကျရွှေကိုယ်များသည် စစ်ကောင်စီအတွက် အားကိုးစရာများတွင် ပါဝင်သည်။

 

ထိုသူများသည် စီဒီအမ်လုပ်ထားသူများအား သတင်းပို့ခြင်း၊ ထွက်ပြေးနေရသူများ၏ လိုင်းခန်းများအား အခြား ဝန်ထမ်းအသစ်များကို ပေးပစ်ခြင်း၊ စီဒီအမ်လှုပ်ရှားမှုအား မထီမဲ့မြင်ပြုခြင်းနှင့် မှားယွင်းကြောင်းများ ပြောဆို ဖြန့်ဖြူးခြင်း စသည့်စစ်ကောင်စီ၏ ထောက်တိုင်များအဖြစ် ရပ်တည်ကြသည်။

 

အစိုးရဝန်ထမ်းပဲလုပ်ရမှာ၊ စီဒီအမ်က စောက်ရှုးမို့လုပ်တာ၊ အစိုးရကျွေးတာစားနေရတာဟု ပြောလေ့ ရှိကြ ခြင်းသည် စီဒီအမ်ဝန်ထမ်းများနှင့် ၎င်းတို့၏ ကွာခြားချက်ပင်။

 

စီဒီအမ်ဝန်ထမ်းအများစုက ပြည်သူကျွေးတာ စားနေရတာဟုဆိုတတ်ကာ ပြည်သူ့မျက်နှာကြည့်ရန် တိုက်တွန်း လေ့ရှိကြသည်။ ၎င်းတို့သည့် ကြံ့ခိုင်ရေးပါတီထောက်ခံသူများလည်း ဖြစ်တတ်ကာ စီဒီအမ် ဝန်ထမ်းများနှင့် ယှဥ်လျှင် လူနည်းစုဖြစ်သည်။

 

အဲ့အနည်းအကျဥ်းက ဒီဝန်ထမ်း ( စီဒီအမ် နှင့် Non-CDM ပြန်လုပ်ရသူများ) တွေကို ဒုက္ခပေးတာ၊ အသားထဲက လောက်ထွက်တွေ။ ၂၀၁၈ လောက်ကတည်းက သင်တန်းနဲ့ အောက်ခြေဝန်ထမ်းကအစ အကုန်ရှိတယ်၊ မိုးကျ ရွှေကိုယ်တွေဟု ကိုမင်းမင်းကဆိုသည်။

 

အဲ့အနည်းအကျဥ်းက ဒီဝန်ထမ်း ( စီဒီအမ် နှင့် Non-CDM ပြန်လုပ်ရ သူများ) တွေကို ဒုက္ခပေးတာ၊ အသားထဲက လောက်ထွက်တွေ။ ၂၀၁၈ လောက်ကတည်းက သင်တန်းနဲ့ အောက်ခြေဝန်ထမ်းကအစ အကုန်ရှိတယ်၊ မိုးကျရွှေကိုယ်တွေဟု ကိုမင်းမင်းကဆိုသည်။

 

 

မီးရထားဝန်ထမ်းများသည် မီးရထားဝင်းအိမ်ယာများတွင် တစ်သီးတစ်သန့် နေကြရသည် ဖြစ်သောကြောင့် မည်သူက စီဒီအမ်ဟုတ်မဟုတ် ၎င်းတို့အချင်းချင်း သိကြပြီး အပြင်လူကသိရန် ခဲယဥ်းသည်။ ထိုသို့အတွင်းလူ ရှိခြင်းသည် မီးရထားဝင်းအတွင်း ဆက်လက်နေထိုင်ကာ စီဒီအမ်လုပ်နေသူများကို မလုံမခြုံ ခံစားရစေပြီး စစ်ကောင်စီ၏ အန္တရာယ်ပြုခံရရန် လွယ်ကူခြင်း၊ နေရပ်ကိုမဖြစ်မနေ စွန့်ခွာရကာ နေစရာအခက်အခဲဖြစ်ခြင်း၊ ပုန်းရှောင်ရန်၊ ထွက်ပြေးရန် အစီအစဥ်သည်ပင် သတင်းပို့ခံရခြင်းများ ဖြစ်နိုင်သည်။

 

မည်သို့ဆိုစေလက်ရှိတွင် တစ်နိုင်ငံလုံး၏ လေးဆယ်ရာခိုင်နှုန်းထက်မနည်းသည့် မီးရထားခရီးစဥ်များ ပြန်လည် လည်ပတ်နေသည်။

 

ကိုမင်းမင်းတို့နေရာတွင် မနေ့တနေ့ကမှ ရောက်လာသောလူသစ်များကို အလုပ်နေရာတွင်သာမက ဝန်ထမ်း အိမ်ယာ နေရာများတွင်ပါ အစားထိုးပြီးဖြစ်သည်။

 

သို့သော် မြေပြင်မငြိမ်းချမ်းသောကြောင့် ရထားခရီးစဥ်များအား ၁၀၀ ရာခိုင်နှုန်း မလည်ပတ်နိုင်သေးပေ။ စက်သုံးဆီဈေးနှုန်းများကလည်း တက်ဆဲပင်။

 

ဖခင်၊ အမျိုးသမီးနှင့် ကလေး နှစ်ဦးရှိကာ နေစရာအခက်အခဲကြောင့် မိသားစုနှင့် ကွဲနေသည့် ကိုမင်းမင်းကတော့ကျတော်တို့က စိတ်ဓါတ်တစ်ခုတည်းနဲ့ လုပ်နေတာ၊ ဘယ်တော့မှမနန်း (Non-CDM ) ဘူးဟု ၎င်း၏ အနာဂါတ်အတွက် ဆုံးဖြတ်ချက်ကို ကြွေးကြော်သည်။  

Designed by- Midjourney.com

Burma Associated Press

 

မြန်မာ
train
အလုပ်သမားများ
အာဏာသိမ်း
အာဏာဖီဆန်ရေးလှုပ်ရှားမှု
Non-CDM
စစ်ကောင်စီ

Share With
bap-logo