bap-logo
Politics

ကရင်နီက စစ်ရှောင်တွေ လခစားဝန်ထမ်း အလုပ်ရဖို့ ခက်ခဲနေ

wVBZ73hbDuh1iTVdq8gw8-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၉။

 

ကရင်နီပြည်နယ်၊ မှတ်ပုံတင် / - ကုတ် ကိုင်ဆောင်ထားသူတွေ ရှမ်းပြည် တောင်ပိုင်း မြို့နယ်တွေမှာ လခစားဝန်ထမ်း အလုပ်ရဖို့ ခက်ခဲနေပြီး နိုင်ငံရေးမှာ ပါဝင်မှုမရှိရဘူးဆိုတဲ့ လက်မှတ်ထိုးမှသာ အလုပ်ခန့် နေကြတယ်လို့ အလုပ်လျှောက်ခဲ့သူအချို့က ပြောပါတယ်။

 

"ကယားမှတ်ပုံတင်ကိုင်ထားတဲ့သူတိုင်း လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်နေသူဆိုပြီး ထင်နေကြလား မသိဘူး၊ ကုမ္ပဏီတွေက မခန့်ရဲကြဘူး၊ ခန့်တဲ့သူတွေကျတော့ ဝန်ခံကတိထိုးရတယ်၊ ထောက်ပို့တာမျိုး၊ ဖေ့ဘွတ်မှာ ဘယ်အဖွဲ့ကို အားပေးတယ်ဆိုတာမျိုး မတင်ရ၊ မရှဲရဘူး၊ အလယ်ကနေဖို့ ပြောဆိုပြီးမှ အစမ်းခန့်တာ"လို့ လွိုင်ကော်မြို့ကနေ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။

 

ကရင်နီရဲ့ မြို့နယ်တွေကနေ ရှောင်ပြေးလာသူတွေဟာ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ တောင်ကြီး၊ အေးသာယာ၊ ညောင်ရွှေနဲ့ ရပ်စောက် မြို့တွေမှာ နေထိုင်ရင်း ရရာအလုပ် လုပ်နေကြရပါတယ်။

 

ငွေကြေးအရင်းအနှီး အနည်းငယ်ပါလာသူတွေက အိမ်ငှားနေကာ ကိုယ်ပိုင်ဆိုင် ဖွင့်တာ၊ အစားအသောက် ပြုလုပ်ပြီး လှည့်လည်ရောင်းချ တာတွေ၊ နေ့စားကုန်ထမ်းတာ၊ ပြောင်းဖူးချိုးတာ၊ ပန်းရန် လက်သမားအလုပ်၊ အဝတ်လျှော် စတဲ့ ကျပန်းအလုပ်လုပ်ရင်း စားဝတ်နေရေး ဖြေရှင်းနေရ တယ်လို့ သိရပါတယ်။

 

လခစားအလုပ်တွေဖြစ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက မခန့်ရဲကြတာဟာ စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ ရန်ရှာတာ၊ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့တယ်ဆိုပြီး လုပ်ငန်းပိတ်သိမ်းခံရမှာ စိုးရိမ်လို့ စိစစ်တာတွေ လုပ်နေတာလို့ ကုမ္ပဏီပိုင်ရှင်တွေက ပြောပါတယ်။

 

" နောက်ကြောင်းရာဇဝင်တော့ လိုက်ရတာမျိုး၊ လက်နက်ကိုင်တွေ မပတ်သက် ဖို့လောက်တော့ တားမြစ် ထားပါတယ်၊ ကျွန်မကတော့ CDM ဝန်ထမ်းကအစ လက်ခံထားတယ်၊ အထက်ကို ဝန်ထမ်းစားရင်း ပေးထားတဲ့ထဲ သူတို့နာမည် မထည့်တာမျိုးတော့ လုပ်ထားရတယ်၊ တောင်ကြီးလိုနေရာက သိတဲ့အတိုင်း စစ်တပ် အာဏာကြီးတဲ့နေရာမို့ အလုပ်ခန့်ရင် စိစစ်ရတာ"လို့ တောင်ကြီးမြို့ခံ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

 

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ကရင်နီက စစ်ရှောင် အများဆုံး နေနေကြတာဖြစ်ပါတယ်။

 

"အလုပ်လျှောက်တာကြာပြီ၊ ကယားကမို့ မခန့်ရဲတာ၊ မြို့ခံတစ်ယောက်က အာမခံမှသာ ရုံးတစ်ခုမှာ စာရေး အလုပ်ရတယ်၊ အခြားသူတွေဆို အလုပ်လျှောက်လို့မရကြဘူး၊ အိမ်တောင်ငှားဖို့ခက်ခဲတာမို့ စစ်ဘေးရှောင် စခန်းကနေပဲ လုပ်ကြရတာ၊ အများစုက အွန်လိုင်းကနေ လုပ်ရတာမျိုးလောက်ပဲ ခန့်တာမျိုးရှိတယ်"လို့ ဒီမော့ဆိုမြို့ကနေ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။

 

လွိုင်ကော်မြို့က နာမည်ကြီး လုပ်ငန်းရှင်တွေဟာ တောင်ကြီးနဲ့ အခြား မြို့တွေမှာ ဆိုင်တွေဖွင့်တာ၊ ကားဂိတ်တွေနဲ့ အရောင်းဆိုင် ပြန်ဖွင့်တာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။

 

ပုံစာ - ကရင်နီပြည်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ စစ်ဘေးရှောင်လာသည့် မိသားစုတစ်ခု

 

Burma Associated Press

ကယား(ကရင်နီ)
အရပ်သား
အလုပ်သမား
ဒုက္ခသည်
ရှမ်းပြည်တောင်ပိုင်း

Share With
bap-logo