Politics
ကရင်နီက စစ်ရှောင်တဲ့ မြို့တွေမှာသူခိုးတွေ သောင်းကျန်းနေ
လွန်ခဲ့သော တစ်နှစ် က
ဇန်နဝါရီ ၇။
ကရင်နီပြည်နယ်က စစ်ရှောင်သွားတဲ့ မြို့နယ်အချို့မှာ သူခိုးတွေ သောင်းကျန်း နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သူခိုးတွေဟာ သဲတင်ကားလို ကားကြီးတွေအသုံးပြုကာ လူမနေတော့တဲ့ နေအိမ်က ပစ္စည်းတွေကို ခိုးယူနေကြ တယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။
"စစ်တပ်က သူတို့လုံခြုံရေးယူထားတဲ့ဖက်ကို လာတဲ့သူကိုပဲပစ်တာ။ အခြားနေရာကခိုးသူတွေကို ဂရုမစိုက်ကြ ဘူး။ ခုမြို့ထဲမှာကျန်ခဲ့တဲ့ အချို့အခွင့်ရေးသမားတွေက နေအိမ်ထဲက ကျန်ရှိတဲ့ပစ္စည်းကြီးကြီး သေးသေးအကုန် ယူနေကြတာ"လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။
လက်ရှိလွိုင်ကော်မြို့နဲ့ ဒီမောဆိုမြို့နယ်က မြို့တွင်းရပ်ကွက်တွေမှာ လူမရှိတော့ပဲ မြို့ပြင်ရပ်ကွက်တွေမှာ လူအချို့ကျန်နေသေးတယ်လို့ ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ရှောင်ပြေးလာသူ အချို့က ပြောပါတယ်။
မြို့ပြင်ကျေးရွာတွေမှာ အိမ်စောင့်အဖြစ်ကျန်သူတွေက လက်ကျန်ရိက္ခာ တွေနဲ့စားသောက်နေကြရပါတယ်။ အဲလို ကျန်ရှိနေသူတွေဟာ စစ်ရှောင်တွေကူညီပို့ဆောင်ပေးတဲ့ ကားတွေလာရင် ရှောင်ထွက်သွားကြဖို့ ပြင်ဆင်ထားတယ်လို့ ဒီမောဆိုမြို့ကနေ စစ်ရှောင်လာသူ တဦးက ပြောပါတယ်။
"အိမ်မှာဆိုင်ကယ်နဲ့ ပစ္စည်းတွေကျန်ခဲ့တယ်၊ သူခိုးတွေက ဗီရိုကအစ သယ်ကြတော့ အဖေကစိတ်မချလို့ သူတယောက်ထဲကျန်တာ၊ ငါးရှာဖားရှာ စားနေတယ်၊ ဆိုင်ကယ်ကြအဖေကမစီးတတ်တော့ ထားခဲ့ရမှာ ကူညီမယ့် ကား နေရာကိုသွားဖို့တောင် စစ်တပ်ကိုရှောင်သွားရမှာ နေအိမ်ပစ္စည်း ကျန်လို့သွား ကြည့်သူတွေ ပစ်သတ်ခံနေရတော့ ရွာထဲကမထွက်ရဲသေးဘူး"လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းက၊ လွိုင်ကော်မြို့တွင်း ပစ္စည်းပြန်သယ်သူတွေ အဆက်အသွယ် ပြတ်ကာ၊ ပျောက်ဆုံးနေသူ အများအပြား ရှိနေတယ်လို့ စစ်ရှောင် လာသူတွေဆီက သိရပါတယ်။
လက်ရှိဆီဆိုင်မြို့ကနေ လွိုင်ကော်မြို့ကို သွားတဲ့လမ်းကြောင်းတွေ ပိတ်ထား ရတာကြောင့် တောလမ်းတွေကနေ လာနေကြပြီး၊ လမ်းတလျောက်ရွာတွေမှာ ဆီတစ်လီတာကို ငွေကျပ်တစ်သောင်းခန့် ပေးပြီးဝယ်နေကြရတယ်လို့ လွိုင်ကော်မြို့ကနေ စစ်ဘေးရှောင်လာသူတဦးက ပြောပါတယ်။
ပုံစာ- လွိုင်ကော်မြို့ မြင်ကွင်းအချို့ (ဓာတ်ပုံ - KnIC)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၁၀ ရက် က