Politics
မြန်မာမှ ဒုက္ခသည်များကို ဆက်လက်ကူညီသွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော
လွန်ခဲ့သော တစ်နှစ် က
မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma က ၎င်း၏အစိုးရသည် မြန်မာမှ ဒုက္ခသည်များနှင့် မနီပူရ်မှ ပြည်တွင်း ပြောင်းရွှေ့လာသူများကို ဗဟိုအစိုးရ၏ ထောက်ပံ့မှုနှင့်အတူ ကူညီထောက်ပံ့မှု ဆက်လက်လုပ်ဆောင် သွားမည်ဟု ပြောသည်။
Mr. Lalduhoma က ဒေလီမှအပြန် ဇန်နဝါရီ ၆ ရက်နေ့က Aizawl မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
“ဗဟိုအစိုးရက မြန်မာနိုင်ငံသားများကို ဒုက္ခသည်အဆင့်သတ်မှတ်မှု မပေးနိုင်ပေမယ့် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကူညီထောက်ပံ့ရေးတွေ ပေးအပ်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မျိုးနွယ်စု အကြမ်းဖက်မှုတွေကြောင့် မနီပူရ်က ထွက်ပြေးလာရတဲ့ လူတွေကိုလည်း ဗဟိုအစိုးရအကူအညီနဲ့ စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။
အရာရှိများ၏ ပြောကြားချက်အရ ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် ခိုလှုံမှုတောင်းခံကြသည့် မြန်မာနိုင်ငံ ချင်းလူမှုအသိုင်းအဝိုင်းမှ လူပေါင်း ၃၁၀၀၀ ကျော်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံမှ ချင်းလူမှုအသိုင်းအဝိုင်းနှင့် မနီပူရ်မှ တိုင်းရင်းသား ကူကီ-ဇို အသိုင်းအဝိုင်းသည် မီဇိုများနှင့် မျိုးနွယ်စုချင်း ဆက်စပ်မှုရှိသည်။
မနီပူရ်မှ ပြည်တွင်းပြောင်းရွှေ့လာသူ ၉၀၀၀ ကျော် မီဇိုရမ်တွင် ခိုလှုံနေသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုပြည်ထဲရေးဝန်ကြီး Amit Shah က မီဇိုရမ်ဝန်ကြီးချုပ်ကို ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခိုလှုံခွင့်တောင်းခံသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံတွင် ပုံမှန်အခြေအနေသို့ ပြန်လည် မရောက်မချင်း ဗဟိုအစိုးရမှ မြန်မာနိုင်ငံသို့ ပြန်ပို့မည် မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ချက်ဖြင့် သတင်းပေးပို့ခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ် တစ်စိတ်တစ်ပိုင်းကို ခြံစည်းရိုးကာရေး ဖျက်သိမ်းမည်ဟု မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။ ပြည်ထောင်စုအစိုးရက မြန်မာနယ်စပ်တွင် ၃၀၀ ကီလိုမီတာ အရှည်ရှိ ခြံစည်းရိုး ကာမည့်အစီအစဉ်နှင့် လွတ်လပ်စွာ ကူးသန်းသွားလာခွင့် အဆုံးသတ်ရန် ပြောခဲ့သည်။ ၎င်းလွတ်လပ်စွာ သွားလာခွင့်ဆိုသည်မှာ နိုင်ငံနှစ်ဘက်တွင် နေထိုင်သူများသည် ဗီဇာမလိုဘဲ အခြားနိုင်ငံအတွင်း ၁၆ ကီလိုမီတာ အထိ သွားလာခွင့်ပြုခြင်းဖြစ်သည်။
ကိုးကား - The Hindu
ပုံစာ - မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma (Photo: ANI)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၁၀ ရက် က