bap-logo
International

ကန်ထရိုက်တာသေဆုံးပြီးနောက် အမေရိကန်က ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်

rzLaupOHSGdWaUNle3Jpt-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၃
 
ဆီးရီးယားနိုင်ငံအတွင်း အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များ၏ ဒရုန်းတိုက်ခိုက်မှု အတွင်း အမေရိကန်နိုင်ငံသား ကန်ထရိုက်တာတစ်ဦးသေဆုံး၊ အရပ်သားတစ်ဦးနှင့် ကန်တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အမေရိကန်စစ်တပ်ကကြသပတေးနေ့ည လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်ကစစ်ဌာနချုပ်က ပြောကြားလိုက်သည်။


 
ကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုနှင့် လက်တုန့်ပြန်တိုက်ခိုက်မှု နှစ်ခုစလုံးကို ပင်တဂွန်က ကြာသပ တေးနေ့ ညနှောင်းပိုင်းတွင် တချိန်တည်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကန်တပ်ဖွဲ့ဝင်များမှာ ဆီးရီးယားမြောက်ပိုင်း ဟာဆာကာမြို့အနီး ညွန့်ပေါင်းစစ်အခြေစိုက်စခန်းအနီး တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။


 
တိုက်ခိုက်မှုတွင် အသေခံ အီရန်နိုင်ငံလုပ်ဒရုန်းကို အသုံးပြုခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက သုံးသပ်ထားပြီး ကာလရှည်တင်းမာနေသည့် တီဟီရန်နှင့် ဝါရှင်တန်ကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာဖွယ်ရှိသည်။


 
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တန်ပြန်လေကြောင်းတိုက်ခိုက်မှုကို သမ္မတ ဂျိုးဘိုင်ဒင်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်စပ်အဖွဲ့များအသုံးပြုသည့် အဆောက်ဦးများကို ပစ်မှတ်ထားခဲ့ ကြောင်း ပြောကြားခဲ့သည်။


 
" IRGC
က ဒီနေ့နဲ့ မကြာသေးခင်က ကျွန်တော်တို့ရဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ အကြိမ်ကြိမ် တိုက်ခိုက်ခံမှုကို လက်တုန့်ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဘယ် အဖွဲ့မှ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်မှာမဟုတ်ဘူး" ဟု အော်စတင်က ဆိုသည်။


 
အမေရိကန်တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အီရန်ကျောထောက်နောက်ခံပြု လက်နက် ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှု ၇၈ ကြိမ် ခံထားရကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အကြီးအကဲအဖြစ် အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို ကြီးကြပ်ကွပ်ကဲနေသည့် တပ်မတော် ဗိုလ်ချုပ် အဲရစ်ကူရီလာက ပြောကြားခဲ့သည်။

 
 
Source – Reuters
 
ပုံ - အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လီအား ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့ များနှင့် အတူတွေ့ရစဉ်။

 

Burma Associated Press

ဆီးရီးယား
ဒရုန်း
အမေရိကန်
အီရန်

Share With
bap-logo