bap-logo
International

LGBTQ ဟု သတ်မှတ်ခံရရုံဖြင့် ထောင်ဒဏ် ချမှတ်နိုင်မည့် ဥပဒေကြမ်းကို ယူဂန်ဒါ အတည်ပြု

QO6lUjM8-BXBbxVCFXGwz-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၂ 

 

ယူဂန်ဒါလွှတ်တော်သည် နိုင်ငံသားများ LGBTQ အဖြစ်သတ်မှတ်ခံရရုံဖြင့် ရာဇဝတ်မှုမြောက်မည့် ဥပဒေကြမ်းတစ်ရပ်ကို အင်္ဂါနေ့က အတည်ပြုလိုက်သည်။ ဥပဒေသစ်အရ နဂိုကတည်းက ခွဲခြားဆက်ဆံမှုနှင့် အုပ်စုဖွဲ့အကြမ်းဖက်မှု ရင်ဆိုင် နေရသည့် လိင်တူချစ်သူ ယူဂန်ဒါနိုင်ငံသားများမှာ ယခင်ထက်ပို ပစ်မှတ်ထားခံရဖွယ်ရှိသည်။ 

 

အာဖရိကတိုက်ရှိ ယူဂန်ဒါအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် လိင်တူဆက်ဆံခြင်းကို တားမြစ်ထားပြီးဖြစ်သည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ၏ အဆိုအရ ဥပဒေသစ်မှာ နိုင်ငသားတစ်ဦးအား LGBTQ အဖြစ် သတ်မှတ်ခံရရုံဖြင့် အရေးယူနိုင်မည့် ပထမဆုံးဥပဒေဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ 

 

ဥပဒေသစ်ထောက်ခံသူများက ယင်းဥပဒေမှာ ယူဂန်ဒါနိုင်ငံ၏ အစဉ်အလာတန်ဖိုးများကို ခြိမ်းခြောက်နေသည့် LGBTQ လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် လိုအပ်ကြောင်း ပြောကြသည်။ 

 

လိင်တူဆက်ဆံခြင်းအပြင် လိင်တူဆက်ဆံခြင်းကို အားပေးမြှင့်တင်ခြင်းနှင့် လိင်တူဆက်ဆံရန် ကြံစည်ခြင်းကိုလည်း တားမြစ်ထားသည်။ 

 

ဥပဒေသစ်အရ အခြားသောပြစ်မှုများအနက် ကျူးလွန်သူတွင် HIV ပိုးရှိနေခြင်း၊ အသက် ၁၈ နှစ်အောက် ကလေး သူငယ်များနှင့် လိင်တူဆက်ဆံမှု ကျူးလွန်ပါက သေဒဏ်အပါအဝင်၊ သာမန်လိင်တူဆက်ဆံပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်း အစရှိသည့် အလွန်ပြင်းထန်သောပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်သည်။ 

 

ဥပဒေကြမ်းနှင့်ပတ်သက်၍ - "အခုကျွန်‌တော်တို့ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင် ဘုရားသခင်က ဝမ်းမြောက်နေမှာပါ။ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့ ဒီဥပဒေကြမ်းကို ကျွန်တော် ထောက်ခံပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပါ၊ ဘယ်သူကမှ ကျွန်တော်တို့ကို ခြိမ်းခြောက် အကြပ် ကိုင်လို့မရဘူး" ဟု လွှတ်တော်အမတ် ဒေးဇစ်ဘဟာတီက ပြောဆိုသည်။

 

အဆိုပါဥပဒေကြမ်းကို သမ္မတ ယိုဝီရီ မူ့အီဗန်နီ က ဥပဒေအဖြစ် လက်မှတ်ရေးထိုးမည်ဖြစ်သည်။ 

 

ထင်ရှားသည် ယူဂန်ဒါနိုင်ငံသား LGBTQ အရေးလှုပ်ရှားသူ ဖရန့်မူဂီရှာက ဥပဒေသစ်မှာ ပြင်းထန်လွန်းကြောင်း‌ ပြောဆို ရှုတ်ချထားသည်။ 

 

"ဒီဥပဒေဟာ အလွန်တရာအစွန်းရောက်ပြီး ပြင်းထန်လွန်းပါတယ်။ LGBTQ ဖြစ်ရုံနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့အတိုင်း အရေးယူခံရမယ်။ နောက်ပြီး သူတို့က ယူဂန်ဒါမှာ LGBTQ ပပျောက်အောင် လုပ်ဆောင်နေတာပါ" ဟု သူက ပြောကြားခဲ့သည်။ 

 

ယူဂန်ဒါသမ္မတ မူ့အီဗန်နီ က ဥပဒေကြမ်းနှင့်ပတ်သက်၍ မှတ်ချက်ပေးထားခြင်းမရှိသေးသော်လည်း ယခင်ကတည်းကပင် LGBTQ အခွင့်အရေးကို ဆန့်ကျင်သူတစ်ဦးသည့်နည်းတူ ၂၀၁၃ ခုနှစ်တွင် LGBTQ ဆန့်ကျင်ရေး ဥပဒေတစ်ခု ပြဌာန်းခဲ့ပြီး အနောက်နိုင်ငံများ၏ ရှုတ်ချခြင်းခံခဲ့ရသည်။ 

 

Source – Reuters/CNN  

ပုံ - ယူဂန်ဒါလွှတ်တော်ရှိ LGBTQ ဆန့်ကျင်ရေးဥပဒေဆွေးနွေးမှုမြင်ကွင်း။ 

 

Burma Associated Press

 

LGBTQ+
တရားဥပဒေ
ယူဂန်ဒါ

Share With
bap-logo