bap-logo
International

ယူကရိန်းပြန်လည်တည်ဆောက်ရေး ဘီလျံ ၄၀၀ ကျော် ကုန်ကျနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

KUfWG5Ro-5NWykE0-BkJ4-image

လွန်ခဲ့သော တစ်နှစ် က

ကိဗ်ယက် - မတ် ၂၃


 
ရုရှားကျူးကျော်စစ်အတွင်း ပျက်စီးမှုများမှ ယူကရိန်း ပြန်လည်ထူထောင်ရေး တည်ဆောက်ရေး အတွက် လာမည့် ၁၀ နှစ်အတွင်း မေရိကန်ဒေါ်လာ ၄၁၁ ဘီလျံကုန်ကျမည်ဟု ခန့်မှန်းထားပြီး မြို့များနှင့်မြို့ကြီးများရှိ အပျက်အစီးဖယ်ရှားရှင်းလင်းရေး ကုန်ကျစရိတ်တစ်ခုတည်းပင် ဒေါ်လာ ၅ ဘီလျံဝန်းကျင်ကုန်ကျမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာအရသိရသည်။


 
စစ်ပွဲရှည်ကြာသည်နှင့်အမျှ လိုအပ်အပ်ချက် ဆက်လက်မြင့်မားလာမည်ဖြစ်သည့်အတွက် ခန့်မှန်း တွက်ချက်မှုများကို အနည်းဆုံးလိုအပ်ချက်ဟု မှတ်ယူသင့်ကြောင်းလည်း ဗုဒ္ဓဟူးနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
 


အဆိုပါအစီရင်ခံစာကို ယူကရိန်းအစိုးရ၊ ကမ္ဘာ့ဘဏ်၊ ဥရောပကော်မရှင်နှင့် ကုလသမဂ္ဂတို့ ပူးပေါင်း၍ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်စက်တင်ဘာလအတွင်း ခန့်မှန်းတွက်ချက်ခဲ့သည့် ပမာဏ ဒေါ်လာ ၃၄၉ ဘီလျံမှ ဆက်လက်မြင့်တက်လာခြင်းဖြစ်သည်။


 
အစီရင်ခံစာတွင် လူနေအိမ်ထိခိုက်ပျက်စီးမှု ၂သန်း၊ ပြည်သူ့ကျန်းမာရေးအဆောက်အဦ ၅ ခု တွင် ၁ ခု ထက်မကပျက်စီး၊ လူနာတင်ယာဉ် ၆၅၀ ပျက်စီး သို့မဟုတ် ခိုးယူခံရ၊ ကလေး ၄၆၁ဦးအပါအဝင် အရပ်သားသေဆုံးမှု ၉,၆၅၅ ထက်နည်း သေဆုံးမှုအပါအဝင် ရုရှားကျူးကျော်စစ်အတွင်း စီးပွားရေးထိခိုက်မှု၊ ပြည်သူထိခိုက်သေဆုံးမှုများကို အသေးစိတ်ဖော်ပြထားသည်။


 
အဆိုပါကိစ္စနှင့်စပ်လျှဉ်း၍ - ယူကရိန်းပြန်လည်တည်ဆောက်ရေးမှာ နှစ်အတော်ကြာမြင့်မည် ဖြစ် ကြောင်း ဥရောပ၊ ဗဟိုအာရှဆိုငျရာကမ်ဘာ့ဘဏျဒုဥက်ကဌ Anna Bjerde က ဗုဒ္ဓဟူးနေ့ တွင်ပြောကြားခဲ့သည်။


 
နယ်စပ်စီးပွားရေးထိခိုက်မှုကို ထည့်မတွက်လျှင်ပင် စစ်ပွဲတစ်နှစ်ကျော်ကျော် ကာလအတွင်း အဆောက်အဦများနှင့် အခြေခံအဆောက်အအုံတိုက်ရိုက်ထိခိုက်ပျက်စီးမှု ဒေါ်လာ ၁၃၅ ဘီလျံ ခန့် ရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။


 
ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၃ခုနှစ်တစ်နှစ်တည်းတွင် ယူကရိန်းအစိုးရအတွက် မရှိမဖြစ် ဦးစားပေးပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးရင်းနှီးမြှုပ်နှံမှုအတွက် ဒေါ်လာ ၁၄ ဘီလျံ လိုအပ်မည်ဖြစ်သည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ - IMF က ၎င်းတို့အနေဖြင့် ယူကရိန်း အတွက် လေးနှစ်တာငွေကြေးထောက်ပံ့ရေးအစီအစဉ်တစ်ခုအတွက် အကြို သဘောတူထားပြီး ပမာဏအားဖြင့် ကန်ဒေါ်လာ ၁၅ ဒသမ ၆ဘီလျံ ရှိကြောင်း အင်္ဂါနေ့ကပြောကြားခဲ့သည်။


 
ရုရှားတပ်ဖွဲ့များက ပြင်းပြင်းထန်ထန်တိုက်ခိုက်နေလင့်ကစား ယူကရိန်းအစိုးရသည်ဆေးရုံ၊ ကျောင်းများကိုဆက်လက်ဖွင့်လှစ်ခြင်း၊ ဆရာဆရာမ၊ ပြည်သူ့ဝန်ထမ်းများကို လစာနှင့် ပင်စင်လစာ ဆက်လက်ပေးထားခြင်းအစရှိသည့် အခြေခံလူထုဝန်ဆောင်မှုများ လည်ပတ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေ‌ဖော်ဝါရီလတွင်ပြေားကြားခဲ့သည်။


 
ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းနိုင်ငံသားသန်းပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရပြီး ကမ္ဘာတဝှမ်း အစားအသောက်နှင့်လောင်စာဆီဈေးနှုန်းများလည်း တဟုန်ထိုးမြင့်တက်ခဲ့သည်။


 
ထို့အပြင် ကျူးကျော်စစ်ကြောင့် ယူကရိန်း၏ ၁၅ နှစ်တာ စီးပွားရေးတိုးတက်မှု ပျက်ပြယ်၊ ပြည်တွင်းအသားတင်ကုန်ထုန်လုပ်မှု ၂၉ရာခိုင်နှုန်း လျော့ကျကာ ယူကရိန်းနိုင်ငံသား ၁ ဒသမ ၇ သန်း ဆင်းရဲတွင်းထဲတွန်းပို့ခံခဲ့ရကြောင်း ကမ္ဘာ့ဘဏ်ကပြောကြားထားသည်။
 
 
Source – Al Jazeera
 
ပုံ - ဘာ့ခ်မွတ်မြို့ရှိ လေယာဉ်ပစ်အမြှောက်နဲ့အတူတွေ့ရသည့် ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦး။

ရုရှား
ကမ္ဘာ့ဘဏ်
ယူကရိန်း
ကျူးကျော်

Share With
bap-logo