Politics
ကျောက်မဲတိုက်ပွဲ အရပ်သား နှစ်ဦးသေဆုံး
လွန်ခဲ့သော ၇ လ က
ဇွန် ၂၅။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒီနေ့ဇွန်လ ၂၅ ရက်မနက်ပိုင်းအချိန်က စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့တိုက်ပွဲအတွင်း လက်နက်ကြီးစထိမှန်ခဲ့သူအရပ်သားနှစ်ဦးသေဆုံးခဲ့ကာ ဒဏ်ရာရခဲ့သူတွေရှိခဲ့တယ်လို့ သိရပါတယ်။
“လက်နက်ကြီးပစ်တဲ့ အသံမနက်ကတည်းကကြားနေရတယ်၊ လေယာဉ်လဲဝဲတယ်၊ မြို့ခံတွေအကုန်ပြောင်းပြေးကြပြီ၊ မြို့ထဲလူမရှိတော့ဘူး၊ သွားလို့ရတဲ့နည်းလမ်းမှန်သမျှနဲ့ပြောင်းပြေးနေကြရပြီ"လို့ ကျောက်မဲမြို့ခံအမျိုးသမီး တစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေ ထိမှန်ခဲ့တာကြောင့်အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်အရ ထုံးဖိုရပ်ကွက်(၈) အရပ်သားနေအိမ်မှာ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ညီအစ်ကို ၂ ဦးထိမှန်ခဲ့ကာ ညီဖြစ်သူ ကသေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူဦးခေါင်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်(၉)ရပ်ကွက်က အမျိုးသမီးတဦး ဦးခေါင်းသေနတ် ကျည်ထိမှန်သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလမ်းမကြီးပေါ်က ပန်ပေါင်းကျေးရွာနေသူအသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးကျည်ထိမှန်ဒဏ်ရာရခဲ့တာကြောင့် ကျောက်မဲဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်ကောင်စီတို့အကြား၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ က တရုတ်အစိုးရရဲ့ စီစဥ်ပေးမူနဲ့ ၆ လ ကြာ ယာယီအပစ်ရပ်ပြီးနောက် တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
ဒီနေ့ ဇွန်လ ၂၅ ရက်မှာ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုမြို့တွေမှာ တိုက်ပွဲတစ်ဖန်ပြန်လည် စတင်ဖြစ်ပွားနေတာဖြစ်ပြီး၊ မြို့ခံတွေရှောင်ပြေးနေကြရပါတယ်။
"ဇွန်လအစကတည်းက တိုက်ပွဲဖြစ်တော့မယ်ဆိုတာ မြို့ခံတွေရိပ်မိနေကြတယ်၊ တအောဝ်းတပ်ဖွဲ့တွေမြို့ထဲနေရာဝင်ယူနေကြတာကြောင့် သတင်းကြားကတည်းက ငွေကြေးချမ်းသာသူတွေ မန္တလေး ရန်ကုန်ပြေးနေကြပြီ"လို့ ကျောက်မဲဒေသခံတဦးက ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်နေပြီး မိုးကုတ်-မိုးမိတ် လမ်းကြောင်းရှိ သရက်ချောင်းတံတားမှာ မိုင်းခွဲခံရပြီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-လူမှုကွန်ရက်
Related Articles
- ဆီဆိုင်မြို့မှာ ဒေသခံတွေ ကျပ် ၅ သိန်းကနေ ၈ သိန်းအထိပေးဖို့ စစ်တပ်နဲ့ ပြည်သူ့စစ် ငွေတောင်းကြမ်းနေ
- ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များသည် နိုင်ငံရေးအရ လှုံ့ဆော်စွဲချက်များသာဟု ဗြိတိသျှသံရုံးပြော
- ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်
- ဆီဆိုင်မြို့ ထမ်းယံတိုင်ရွာမှာ စစ်တပ်နဲ့ PNLA တိုက်ပွဲဖြစ်
Top News
လွန်ခဲ့သော ၁၁ နာရီ က
လွန်ခဲ့သော ၅ ရက် က