Politics
ဆီဆိုင်မြို့မှာ ဒေသခံတွေ ကျပ် ၅ သိန်းကနေ ၈ သိန်းအထိပေးဖို့ စစ်တပ်နဲ့ ပြည်သူ့စစ် ငွေတောင်းကြမ်းနေ
လွန်ခဲ့သော ၈ လ က
ဇွန် ၂၀။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်အသုံးစရိတ်အဖြစ် တစ်အိမ် ၅ သိန်းကျပ်၊ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အိမ်တွေကို တစ်အိမ် ၈ သိန်းကျပ် စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေက ဆက်ကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့နယ်၊ ဆီဆိုင်ကြီးကျေးရွာမှာ စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ရှောင်ရာကနေ ပြန်လာတဲ့ ပြည်သူတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းနေတာတွေလည်း ရှိနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အသိပေးထားပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက တစ်ဖက်၊ ပအိုဝ်းလွတ်မြောက်ရေး တပ်မတော်(PNLA)နဲ့ မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့တွေက တဖက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၅ လအကြာမှာ ပြည်သူအများစု မြို့ထဲပြန်လည်နေထိုင်နေကြတာဖြစ်ပါတယ်။
"ရွာဖက်တွေပြီးရင် မြို့ပေါ်ကို ကောက်တော့မယ်ဆိုပြီး စစ်ရှောင်နေသူတွေပြန်မလာရဲတာတွေရှိနေပြီ၊ တစ်ရွာပြီးတစ်ရွာကောက်နေကြတယ်၊ မြို့ပေါ်ပြန်လာနေကြသူတွေလည်း စိုးတထိတ်ထိတ်နဲ့ လန့်နေကြပြီ၊ ပစ္စည်းကအစအကုန်ဆုံးရှုံးသူတွေဆီ ကောက်မယ်ဆိုရင် ဘယ်သူမှပြန်မလာနေကြတော့ဘူး"လို့ ဆီဆိုင်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး စစ်စရိတ်အဖြစ် ဆက်ကြေးကောက်ခံခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင်တစ်ရွာကို တစ်လ တပ်သားသစ် ၆ ဦးပို့ဆောင်ရမယ်လို့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ကောက်ခံခဲ့ပြီး တပ်သားလူသစ်တွေကို ဆီဆိုင်မြို့နယ် ဘုရားဖြူဘောလုံးကွင်းမှာ သင်တန်းပေးနေတယ်လို့ သိရပါတယ်။
စစ်အသုံးစရိတ် တစ်အိမ် ၅ သိန်းကျပ်ကို တခါတည်းမထည့်နိုင်ရင် ၂ ကြိမ်ခွဲထည့်ခိုင်းပြီး ဇွန်လ ၁၉ ရက်နေ့မှာ တစ်ကြိမ်ထည့်ခဲ့ရပြီး ကျန်တဲ့ငွေကို လကုန်ရက် အပြီးထည့်ရမယ်လို့ပြည်သူ့စစ်တွေက ဒေသခံတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-PNLA
Related Articles
- ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များသည် နိုင်ငံရေးအရ လှုံ့ဆော်စွဲချက်များသာဟု ဗြိတိသျှသံရုံးပြော
- စစ်ရေးတင်းမာနေတဲ့ လားရှိုးမှာ ဖုန်းအတွင်း VPN တွေ့ပါက ခြိမ်းခြောက်ငွေတောင်းမှုများရှိနေ
- ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်
- ဆီဆိုင်မြို့ ထမ်းယံတိုင်ရွာမှာ စစ်တပ်နဲ့ PNLA တိုက်ပွဲဖြစ်
Top News
လွန်ခဲ့သော ၁၁ နာရီ က
လွန်ခဲ့သော ၅ ရက် က