bap-logo
Article

“မကြုံဖူးသော ထိုးစစ်” - မြန်မာစစ်ဗိုလ်

oQoi1qEXUEXarS6Tss2yy-image

လွန်ခဲ့သော တစ်နှစ် က

မဟာမိတ်ပြုထားပြီး လက်နက်များကောင်းမွန်စွာ တပ်ဆင်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့၏ စစ်ကောင်စီအပေါ် ထိုးစစ်ဆင်မှုကြီး နှစ်ပတ်ကျော်မျှကြာလာသည့်အချိန်တွင် အရှေ့မြောက်ဒေသ၊ တရုတ်နယ်စပ်အနီးက တောထဲတွင် စစ်တိုက်နေသည့် မြန်မာစစ်ဗိုလ်က ယခုလိုပြင်းထန်သည့် ထိုးစစ်မျိုး တစ်ခါမှမမြင်ဖူးကြောင်း ညည်းညူပြောဆိုလာလေသည်။

 

၎င်း၏ အမှတ် ၉၉ ခြေလျှင်တပ်မ၏ တပ်မမှူးကိုယ်တိုင်မှာလည်း ပြီးခဲ့သည့် တစ်ပတ်၊ ရှမ်းပြည်တိုက်ပွဲတွင် သေဆုံးသွားခဲ့ပြီဖြစ်ပြီး စစ်တပ်စခန်းများမှာလည်း ဖရိုဖရဲဖြစ်ကာ ဘက်ပေါင်းစုံမှလည်း တိုက်ခိုက်ခံနေရ သည်ဟု အသက် ၃၅နှစ်အရွယ်ရှိပြီဖြစ်သည့် ထိုစစ်ဗိုလ်ကဆိုသည်။

 

ဒီလိုတိုက်ပွဲမျိုးကို အရင်က တစ်ခါမှ ရင်မဆိုင်ခဲ့ရဖူးဘူးဟု တိုက်ပွဲဝါရင့်ပြီဖြစ်သည့် စစ်ဗိုလ်က အေပီ သတင်းဌာနကို ဖုန်းဖြင့်ပြောပြသည်။

မဟာမိတ်အဖွဲ့တွေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေရဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေက အတူတူပါပဲ၊ ကျွန်တော်တို့ အားလုံးက စစ်အာဏာရှင်စနစ် ဖယ်ရှားရေး ကြိုးပမ်း ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်

 

ဒီရှမ်းကတိုက်ပွဲက မကြုံစဖူးအရာမျိုးပဲဟု ထိုစစ်ဗိုလ်က ပြော၏။ ထိုသို့ဆိုပြီးနောက် ရှစ်ရက်ခန့် ကြာသောအခါ ထိုစစ်ဗိုလ်သေဆုံးလေသည်။

 

စစ်တပ်၏တပ်စခန်းတစ်ခု၌ ခုခံနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး သူသေဆုံးသည့်နေရာအနီးတွင်ပင် သဂြိုလ်ခြင်း ခံလိုက်ရကြောင်း ထိုစစ်ဗိုလ်၏မိသားစုဝင်က ပြောပြသည်။

 

အရှေ့မြောက်ဒေသက ပူးပေါင်းစစ်ဆင်မှုသည် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ပွဲများ ဖော်ဆောင်လာအောင် စေ့ဆော်အားပေးမှုတစ်ခုဖြစ်စေခဲ့ပြီး မြန်မာစစ်တပ်သည် ရှေ့တန်းစခန်း အားလုံး နီးပါးမှနေ၍ နောက်ပြန်ဆုတ်နေရသည်။ စစ်တပ်ကတော့ တပ်ဖွဲ့များ ပြန်လည်စုစည်းမှုများ လုပ်ဆောင်နေပြီး လက်ဦးမှုပြန်လည်ရယူမည်ဟုဆိုသည်။

 

သို့သော်လည်း စစ်တပ်ဆန့်ကျင်သူများအကြားတွင်မူ ပြီးခဲ့သည့် သုံးနှစ်နီးပါးကာလက ဒေါ်အောင်ဆန်းစုကြည် ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဆီမှအာဏာသိမ်းယူခဲ့သည့် စစ်တပ်ကို ပြန်လည်ဖြုတ်ချရေး ကြိုးပမ်းမှုကြီး၏ အလှည့်အပြောင်းတစ်ခုအဖြစ် မျှော်လင့်မှုများမြင့်တက်လာနေသည်။

 

လက်ရှိစစ်ဆင်ရေးဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်ဟု ဆိုလာသူကတော့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် သို့မဟုတ် MNDAA ဟုအမည်ရသည့် တပ်၏ ပြောခွင့်ရ လီကျားဝင်းဖြစ်သည်။ MNDAA သည် အောက်တိုဘာ ၂၇ ရက်က စစ်ဆင်ရေးဆင်နွှဲမှုများပြုလုပ်ခဲ့သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များအနက်မှ တစ်ခုဖြစ်သည်။

 

မဟာမိတ်အဖွဲ့တွေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေက အတူတူပါပဲ၊ ကျွန်တော်တို့ အားလုံးက စစ်အာဏာရှင်စနစ်ဖယ်ရှားရေးကြိုးပမ်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်ဟု လီကျာဝင်းက အေပီကိုပြောသည်။

 

၁၀၂၇ ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ရုတ်တရက်ရင်ဆိုင်လိုက်ရပြီးနောက် စစ်တပ်အနေဖြင့် အဓိက စစ်တပ်စခန်း လေးခု၊ စီးပွားရေးအရ အရေးပါသည့် တရုတ်ကိုဝင်ထွက်နိုင်သည့် နယ်စပ်ဂိတ်ပေါက် လေးခုအပါအဝင် တပ်စခန်းပေါင်း ၁၈၀ ကျော်ကိုဆုံးရှုံးထားရသည်။

 

သေဆုံးမှု အရေအတွက်အတိအကျကို စိစစ်ရန်ခက်ခဲသော်လည်း ၎င်းတို့၏ ရန်သူများအကျအဆုံးများကြောင်း နှစ်ဖက်လုံးက အသီးသီး ပြောဆိုထားကြသည်။ လက်ရှိတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ ၃၃၅၀၀ ကျော်ရှိနေပြီး တစ်နိုင်ငံလုံး စစ်ရှောင်အရေအတွက် နှစ်သန်းကျော်ရှိသည်ဟုကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ စာရင်းကဆိုသည်။

 

ပြီးခဲ့သည့်သောကြာနေ့တွင်လည်း နိုင်ငံအရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်အတွင်းက မြို့တစ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ကုန်သွယ်ရေးမြို့သို့ သွားရာအဓိကလမ်းကြီးပိတ်ဆို့သွားခဲ့သည်။ ဒေသခံများကတော့ စစ်တပ်က အမြောက်နှင့် လေကြောင်း တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ကြောင်းပြောပြသည်။

 

ဒီတစ်ကြိမ်ဟာ စစ်တပ်အတွက်တော့ ဆယ်စုနှစ်များစွာအတွင်း ရင်ဆိုင်ရတဲ့ အကြီးမားဆုံး စစ်မြေပြင် စိန်ခေါ်မှုပါပဲဟု နိုင်ငံတကာ ပဋိပက္ခတွေစောင့်ကြည့်ရေး အဖွဲ့မှ မြန်မာ့အရေးကျွမ်းကျင်သူ ရစ်ချက်ဟိုဆေးက ဆိုသည်။

 

နောက်ပြီးတော့ စစ်ကောင်စီအတွက် အာဏာသိမ်း အစောပိုင်းကာလကတည်းကနေ ပြန်ကြည့်ရင် အခုလက်ရှိ အချိန်က အခက်အခဲဆုံးအခြေအနေပါ

 

၎င်း၏နယ်စပ်တစ်လျှောက် လျှင်မြန်စွာကြီးထွားနေသည့် မူးယစ်ဆေးရောင်းဝယ်မှုနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်သည့် စင်တာများတဟုတ်ထိုးများပြားလာမှုတို့အပေါ် တရုတ်၏ မကျေနပ်မှုက ကြီးထွားလာနေသည်။

 

ယင်းအပေါ်အခြေခံပြီး ညီနောင်မဟာမိတ်များဆီသို့ တရုတ်၏ မြင်သာသည့် (အနည်းဆုံးအားဖြင့် တစ်စိတ်တပိုင်းမျှသော) နောက်ကွယ်မှ ကူညီထောက်ပံ့မှုပြုနေခြင်းကလည်း စစ်တပ်အတွက် ခက်ခဲ ရှုပ်ထွေးသည့်ကိစ္စရပ်များဖြစ်သည်။

 

ထိုအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို များသောအားဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များက တရုတ်နှင့် အခြားဒေသတွင်း နိုင်ငံများမှနေ၍ လူကုန်ကူးခေါ်သွင်းလာသည့် အလုပ်သမားများနှင့်လည်ပတ်မှုပြုကြသည်။

 

၁၀၂၇ စစ်ဆင်ရေး မြေပြင်တွင်အောင်မြင်လာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် လုပ်ကိုင် နေကြသည့် တရုတ်နိုင်ငံသားထောင်ချီ တရုတ်နိုင်ငံရှိ အချုပ်ခန်းများထဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ရလဒ်ကောင်းရနေသည့် တရုတ်အတွက် ညီနောင်မဟာမိတ်များကို အပစ်ရပ်ရေး ဖိအားပေးဖို့ရာ အကြောင်း ပြချက် မရှိသလောက်ဖြစ်နေသည်။

အခုကျွန်တော်တို့ အောင်မြင်မှုက ပြီးခဲ့တဲ့ သုံးနှစ်နီးပါး ကာလလုံး လုပ်ခဲ့တဲ့ ပြင်ဆင်မှု၊ စုဖွဲ့မှုနဲ့ တည်ဆောက်မှုတွေရဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်

 

 

တပ်မတော်ဟု သိကြသည့် စစ်တပ်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထက် အင်အားပိုတောင့်ပြီး လေ့ကျင့်သား ပြည့်၀မှုများရှိနေဆဲဖြစ်သည်။ ထို့ပြင် လူနည်းစုတိုင်းရင်းသားများက ဖွဲ့စည်းထူထောင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်ရန် ချပ်ဝပ်တန်စာမှအစ လေကြောင်းစစ်ဆင်ရေးအပြင် ရေကြောင်းမှ တိုက်ခိုက်နိုင်ဖို့ စစ်လက်နက်များလည်းရှိ၏။

 

သို့သော် ထင်မှတ်မထားသည့် မြန်ဆန်ပြီး ကျယ်ပြန်သည့်ဆုံးရှုံးမှုများနှင့် ဝန်နှင့်အားမမျှသည့် အနေအထားများ ဖြစ်လာပြီးနောက် စစ်တပ်ဘက်တွင် စိတ်ဓါတ်များကျဆင်းလာပြီး အညံ့ခံမှုနှင့် ဘက်ပြောင်းမှုများ မြင့်တက်လာကာ အဖွဲ့ပေါင်းစုံဖြစ်နေသည့် စစ်တပ်၏ ဆန့်ကျင်သူများအကြား ယုံကြည်မှုကိုမြင့်တက်စေခဲ့သည်။

 

တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်သည့အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောခွင့်ရ နေဘုန်းလတ်ကတော့ ယခုအောင်မြင်မှုများသည် ကာလရှည်ကြိုးပမ်းအားထုတ်မှုများ၏ ရလဒ်များဖြစ်သည်ဟုဆိုသည်။

 

ကျွန်တော်ကတော့ တော်လှန်ရေးက အချိုးအကွေ့တစ်ခုကိုရောက်နေပြီလို့ ဆိုတာထက် တော်လှန်ရေးက နောက်တစ်ဆင့်ကို တက်သွားပြီလို့ပြောချင်ပါတယ်ဟု ၎င်းကဆိုသည်။

 

အခုကျွန်တော်တို့ အောင်မြင်မှုက ပြီးခဲ့တဲ့သုံးနှစ်နီးပါးကာလလုံးလုပ်ခဲ့တဲ့ ပြင်ဆင်မှု၊ စုဖွဲ့မှုနဲ့ တည်ဆောက် မှုတွေရဲ့ အကျိုးရလဒ်ပဲဖြစ်ပါတယ်

 

ထိုးစစ်

 

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုသည် ထောင်ပေါင်း များစွာသော ဒီမိုကရေစီလိုလားသူများ မြန်မာမြို့ကြီးများရှိ လမ်းများပေါ်၌ ဆန္ဒပြထွက်လာရသည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။

 

စစ်ခေါင်းဆောင်များက ဆန္ဒပြမှုများကို သွေးထွက်သံယိုအဆင့် ဖြိုခွင်းမှုများဖြင့် တုံ့ပြန်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောင့်ရေးအသင်း၏ အဆိုအရဆိုလျှင် လူပေါင်း ၂၅,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရသလို လူပေါင်း ၄၂၀၀ ခန့်သတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။ ကုလမှ စုံစမ်းစစ်ဆေးသူများကလည်း စစ်တပ်၌ များစွာသော စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟု ယခုနှစ်အစောပိုင်းက စွပ်စွဲထားသည်။

 

စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များပေါ်ပေါက်လာခဲ့ပြီး ထိုတပ်ဖွဲ့အများစုသည် နယ်စပ်ဒေသ၌ စစ်တပ်နှင့် နှစ်ပေါင်းများစွာ ကြာအောင်တိုက်ခိုက်နေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များထံတွင် စစ်ပညာများ လေ့ကျင့်သင်ကြား ခဲ့ကြသည်။

 

သို့သော် ခုခံတော်လှန်စစ်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်သည့်အချိန်ထိ တစ်စုတစည်းတည်းမရှိခဲ့ကြပေ။ တိုင်းပြည်အတွင်းအင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ရှမ်းပြည်နယ်မှ မြန်မာ့အမျိုးသားဒီမိုကရက်တစ်တပ်မတော်၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အနောက် ဘက်ခြမ်း ရခိုင်ပြည်နယ်မှ ရက္ခိုင့်တပ်တော်တို့က အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း သုံးဖွဲ့ပေါင်း အင်အားတစ်သောင်းခန့်ပါဝင်တိုက်ခိုက်ရင်း စစ်တပ်နယ်မြေများကို အလျှင်အမြန် စီးနင်းမှုများပြုလုပ်နေကြသည်ဟု ကျွမ်းကျင်သူများကခန့်မှန်းထားကြသည်။

 

စစ်တပ်၏အရှုံးကို သတိထားမိသလို ညီနောင်သုံးဖွဲ့၏အောင်မြင်မှုများကလည်း စိတ်အားထက်သန်မှုများ ဖြစ်ပေါ်စေခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က မြောက်ပိုင်းကချင်ပြည်နယ်တွင် နောက်ထပ် တိုက်ပွဲသစ်များဖော်ဆောင်လာခဲ့ပြီး AA ကလည်း ထိုတိုက်ပွဲတွင်ပူးပေါင်းပါဝင်လာကာ သမိုင်းကြောင်းတွင် စစ်တပ်ထောက်ခံမှုအားကောင်းခဲ့သည့် စစ်ကိုင်း၌ မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန် ကူညီဦးဆောင်မှုပေးခဲ့ကြသည်။

 

အရှေ့ဘက်ရှိ ကယား သို့မဟုတ် ကရင်နီပြည်နယ်တွင်လည်း တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့က ထိုးစစ်များ ဆင်နွှဲခဲ့ပြီး စစ်တပ်၏ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရှိရာ မြို့တော် လွိုင်ကော်ကို တိုက်ရိုက်ထိုးစစ်ဆင်မှုများ နိုဝင်ဘာ ၁၁ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

 

လွိုင်ကော်တွင် ဖြစ်ပွားနေသည့် ပြင်းထန်သည့်တိုက်ပွဲများတွင် တော်လှန်ရေးအဖွဲ့များကို ချေမှုန်းရေးအတွက် စစ်တပ်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ခတ်မှုများကို အသုံးပြုနေသည်။

 

ကရင်နီပြည်တိုက်ပွဲတွင် ပါဝင်နေသည့် အဓိကတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့၏ ဦးဆောင်သူ ခွန်ဘီထူးကမူ စစ်တပ်၏ ဒကစဌာနချုပ်ကိုရယူရန် ကြိုးစားနေရဆဲဖြစ်သည်ဟုဆိုသည်။

 

ကျွန်တော်တို့မှာ အချိန်ရှိပါတယ်။ ပြီးတော့ ဒါက ကောင်းမွန်တဲ့အခွင့်အရေးလည်းဖြစ်တယ်ဟု ခွန်ဘီထူးက အေပီကိုပြောကြားသည်။

 

နိုဝင်ဘာ ၁၃ ရက်၌ AA က ၎င်းအခြေစိုက်သည့် တိုင်းပြည်အနောက်ခြမ်းရခိုင်ပြည်နယ်ရှိ တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့သည့်အခါ စစ်တပ်၌ ရန်သူများပတ်ပတ်လည်ဝိုင်းသွားလေသည်။

တိုက်ပွဲကမပြီးသေးပါဘူး။ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေက မြင့်တက်နေဆဲ ဖြစ်ပြီး ပိုပြီးတော့လည်း ပြင်းထန်လာနေတုန်းပဲ။

 

စစ်တပ်က အနောက်ဘက်ကမ်းရိုးတန်းတွင် ရေတပ်အင်အားနှင့်တကွ AA ကို ပြင်းထန်သည့် အမြောက် လက်နက်နှင့် လေကြောင်းတိုက်ခိုက်မှုဖြင့် တိုက်ခိုက်နေလေရာ AA အောင်မြင်မှုမှာ အတန်ငယ်အချိန်ယူနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု IISS ကဆိုသည်။

 

IISS မှနေ၍ မြန်မာ့ပဋိပက္ခမြေပုံအညွှန်းနှင့် အစီရင်ခံစာများကို ရေးသားထုတ်ဝေနေသည့် မော်ဂန်မိုက်ကယ် က စစ်တပ်၌ စစ်စခန်းများထံမှ ဆုတ်ခွာပေးခြင်းအားဖြင့် ၎င်း၏တပ်ဖွဲ့များကို ကျစ်လစ်စွာ အင်အားစုစည်းပြီး ဖြုံစရာကောင်းသည့် စုဖွဲ့မှုဖြင့် ဆက်လက်တည်ရှိနိုင်နေဆဲဖြစ်ကြောင်းလည်း သတိပေးပြောဆိုသည်။

 

တိုက်ပွဲကမပြီးသေးပါဘူး။ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက မြင့်တက်နေဆဲဖြစ်ပြီး ပိုပြီးတော့လည်း ပြင်းထန်လာနေတုန်းပဲ။ ဒါကြောင့် ဘယ်လိုဆက်ဖြစ်မလဲ ကျွန်တော်တို့စောင့်ကြည့်ရမယ်ဟု မော်ဂန်ကဆိုသည်။

 

စစ်အုပ်စုကို ဖယ်ထုတ်မည်ဟုရည်ရွယ်ပြောဆိုထားသော်လည်း တိုက်ပွဲများသည် အဖွဲ့ပေါင်းစုံ၏ ထိန်းချုပ်နယ်မြေသိမ်းပိုက်မှု ပုံသဏ္ဍန်လည်းဆောင်လျက်ရှိသည်။ အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအကျော်က လောက်ကိုင်အပါအဝင် ရှမ်းပြည်ကိုးကန့်ဒေသမှ မောင်းထုတ်ခံခဲ့ရသည့် MNDAA တွင် ဤသဏ္ဍာန်ကိုမြင်ရသည်။

 

စစ်တပ်အနေနဲ့က လိုအပ်ခဲ့ရင် ဒီနယ်မြေတွေအကြောင်း ပြောဆိုပြီး ဖြစ်နေတဲ့ပြဿနာတွေပြီးသွားအောင် ဖြေရှင်းတာမျိုး လုပ်ကောင်းလုပ်နိုင်ပါတယ်။ တပ်အနေနဲ့ အတော်လေးတော့ ကြီးကြီးမားမားစွန့်လွှတ်ရနိုင်တယ်။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ သူတို့ အမှန်တကယ် လိုအပ်ရင် MNDAA ကို အထူးလိုက် လျောမှုတစ်ခုပေးခြင်းအားဖြင့် သွေးထွက်သံယိုမှုတွေကို ရပ်တန့်လို့ရမယ်လို့တော့ ကျွန်တော်ထင်တယ်ဟု မိုက်ကယ်ကဆိုသည်။

 

ထို့ပြင် မတူကွဲပြားသည့်ရည်ရွယ်ချက်များဖြင့် အချင်းချင်းကြားတွင်လည်း ပဋိပက္ခဖြစ်လေ့ရှိသည့် ဆီးရီးယား၏ ပြည်တွင်းစစ်နှင့် မတူသည်မှာ မြန်မာရှိ စစ်တပ်တော်လှန်သည့်အဖွဲ့အစည်းများအကြား အချင်းချင်းတိုက်ခိုက်မှု ရှိမနေကြခြင်းပင်ဖြစ်သည်။

 

အဖွဲ့အစည်းတွေကြားမှာ စစ်အုပ်စုကို ဖြုတ်ချဖို့၊ ဒါမှမဟုတ် ဖြိုဖျက်ဖို့ ဒါမှမဟုတ် စွမ်းရည်ကို ပြင်းပြင်းထန်ထန် ယုတ်လျော့စေဖို့ ဆိုတဲ့ တူညီပန်းတိုင်တွေ ရှိကြတယ်ဆိုတာကို အလေးထားဖို့ အရေးကြီး ပါတယ်။ဟု မိုက်ကယ်ကဆိုသည်။

 

မြန်မာစစ်ဗိုလ်ကို အေပီသတင်းဌာနက စတင်မေးမြန်းခဲ့သည့်အချိန်မှာ နိုဝင်ဘာ ၁၅ ရက်ကဖြစ်သည်။ ထိုအချိန်၌သူသည် မဟာမိတ်အဖွဲ့၏ ဦးစားပေးပစ်မှတ်များထဲက တစ်ခုဖြစ်သည့် မုံးကိုးနယ်စပ်မြို့လေးအနီးက သူ၏စခန်းကိုစွန့်ခွာပြီး တောထဲတွင် ရှောင်ပြေးနေရသည်။

 

ထို့နောက်သူသည် အခြားစစ်တပ်အဖွဲ့များနှင့် အချိတ်အဆက်ရသဖြင့ပူးပေါင်းသွားခဲ့ပြီး စစ်ကြောင်း တစ်ကြောင်းကို ဦးဆောင်၍ မုံးကိုးဒေသရှိ တပ်စခန်းတစ်ခုကို ဦးဆောင်တာဝန်ယူရန် နိုဝင်ဘာ ၂၂ ရက်တွင်ပြန်လာသည်။ ထိုအချိန်အတောအတွင်း၌ သူသည် သူ၏ အဆင်မပြေလှသည့် အခြေအနေများအား အေပီကို သုံးသပ်ပြခဲ့လေသည်။

 

ရန်သူတွေက ကျွန်တော်တို့ကို ဝိုင်းထားတယ်ဟု ၎င်းကပြောပြီး စစ်တပ်လက်အောက်က ဒေသပြည်သူ့စစ် အဖွဲ့များကပင် ယုံကြည်ချင်စရာအခြေအနေတွင်ရှိမနေဟု ဆိုသည်။

 

ဒီမှာက ဘယ်သူက ရန်သူ၊ ဘယ်သူကမိတ်ဆွေဆိုတာကို ခွဲခြားဖို့တော်တော်ခက်တယ်ဟု ၎င်းကဆိုသည်။

 

မီဒီယာနှင့်စကားပြောသဖြင့် သူနှင့် သူ့မိသားစု၏ အပေါ် တုံ့ပြန်မှုရှိလာပြီး လုံခြုံရေးထိခိုက်မည်ကိုစိုးရိမ်သဖြင့် အမည်ဖော်ပြခွင့်မပြုသည့် ထိုစစ်ဗိုလ်က ရှေ့တန်း၌ ထမင်းစားဖို့ရန်ပင်အချိန်မရဟု ပြောပြသည်။

 

ကျွန်တော်တို့ စစ်တိုက်မယ့်အနေအထားမှာပဲ အမြဲအသင့်ရှိနေရတယ်ဟု ထိုစစ်ဗိုလ်က နောက်ကွယ်တွင်ထွက်ပေါ်နေသည့် သေနတ်သံနှင့် ပေါက်ကွဲသံများအကြားမှ ဆိုသည်။

 

ကျွန်တော် ဆက်ပြောလို့မရတော့ဘူး။ သူတို့ လာတိုက်နေပြီဟု ထိုစစ်ဗိုလ်က အလျင်စလိုပင် ပြောပြသွားခဲ့လေသည်။

 

တရုတ်၏ အခန်းကဏ္ဍ

 

နယ်စပ်တလျှောက် ရာဇဝတ်ဂိုဏ်းများ၏လှုပ်ရှားမှုများအပေါ် စိတ်မချမ်းမမြေ့ဖြစ်နေသည့် တရုတ်၏ စိတ်ခံစားချက်ကို သတိထားမိသည့်အလျောက် မြောက်ပိုင်းညီနောင်သုံးဖွဲ့ကလည်းမြန်မာအတွင်းပျံ့နှံ့လာသည့် ကျယ်ပြန်သည့် အွန်လိုင်းလောင်းကစားလိမ်လည်မှုများကို တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စစ်ဆင်ရေးဆင်နွှဲနေချိန်တွင် အလေးပေးပြောဆိုခဲ့သည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ထိုစစ်ဆင်ရေးကို မူးယစ်ဆေးဝါးကုန်သွယ်မှုက အထောက်အပံ့ပြု ထားသည်ဟု ပြောခြင်းအားဖြင့် စစ်ဆင်ရေး၏ရည်ရွယ်ချက်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

 

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအများအပြားတည်ရှိရာ လောက်ကိုင်မြို့သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ချဉ်းကပ် လာနိုင်သည်နှင့်အမျှ ထိုလုပ်ငန်းများတကွဲတပြားဖြစ်သွားခဲ့ပြီး အဓိက သံသယ ပုဂ္ဂိုလ်များလည်းအဖမ်းခံရကာ တရုတ်သို့လွှဲပြောင်းခံနေရသည်။

 

တရုတ်၏ ညီနောင်မဟာမိတ်များနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသည့် သမိုင်းကြောင်းနှင့် ကိုင်စွဲထားသည့် ဩဇာအာဏာကို သိရှိထားသည့်အလျောက် မြန်မာစစ်ဗိုလ်ချုပ်များကိုထောက်ခံသူများကလည်း တရုတ်သည် လက်နက်ကိုင်တပ်ဖွဲ့များကို ကူညီပေးနေသည်ဟုစွပ်စွဲကာ ရန်ကုန်ရှိတရုတ်သံရုံးရှေ့အပါအဝင်မြို့ကြီးများတွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသည်။

 

အဆိုပါစွပ်စွဲချက်များနှင့်ပတ်သက်၍ ယခုသီတင်းပတ်အတွင်း မေးခွန်းထုတ်ခံရသည့်အခါ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ Wang Wenbin က ပေကျင်းအနေဖြင့်မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊တည်တံ့ခိုင်မြဲရေးအပေါ်လေးစားပါသည်ဟူ၍သာ အဓိကမေးခွန်းကို ရှောင်ပြီး သတင်းထောက်များကို ဖြေကြားခဲ့သည်။

 

သို့သော်လည်း တရုတ်၏ပြောဆိုချက်ထက် လုပ်ဆောင်ချက်ကသာလျှင် ပိုအရေးကြီးသည်ဟု ဟိုဆေးက ဆိုသည်။

 

တကယ်လို့ တရုတ်က အပစ်အခတ်ရပ်စဲတာကို အမှန်တကယ် လိုချင်တယ်ဆိုရင် သူတို့မှာ မဟာမိတ် အဖွဲ့တွေကို ဖိအားပေးဖို့ ဩဇာအရှိန်အဝါရှိသလို လုပ်ရင်လည်းခရီးပေါက်နေလောက်ပြီ။ သူတို့ ဘာမှမလုပ်ရသေးဘူး။ ဒါကြောင့် အပြောပဲရှိတာပါ။ ဟု သူကပြောသည်။

 

စစ်ဗိုလ်၏ သေဆုံးမှု

-

ရှမ်းပြည်နယ်တွင် တိုက်ခိုက်နေသည့် ထိုစစ်ဗိုလ်နှင့် အေပီသတင်းဌာနတို့နောက်ဆုံးစကားပြောခဲ့သည့်ရက်မှာ နိုဝင်ဘာလ ၂၃ ရက်ဖြစ်သည်။ ဖုန်းခေါ်မှုမှာမှာကား တိုတောင်း၏။

 

ကျွန်တာ်မှာ စခန်းအတွက်ပြင်ဆင်စရာတချို့ရှိနေတယ်။ ကျွန်တော် ပြီးမှပြန်ခေါ်လိုက်မယ်ဟု သူက အလောတကြီးဆိုသည်။

 

ထို့နောက် နိုဝင်ဘာ ၂၅ ရက်တွင် ထိုစစ်ဗိုလ်၏ဆွေမျိုးထံမှ ဖုန်းဝင်လာသည်။ သူ၏စခန်းကို ညပိုင်း၌လာရောက်စီးနင်းမှုပြုကြရာ ထိုစစ်ဗိုလ် အသတ်ခံလိုက်ရပြီး သူသေဆုံးသည့်နေရာတဝိုက်မှာပင် သူ့ကိုမြှုပ်နှံခဲ့ပြီးဖြစ်သည်ဟု သတင်းရရှိကြောင်း ထိုဆွေမျိုးကပြန်ပြောပြသည်။

 

ထိုစခန်း၏ တည်နေရာကိုတော့ တိတိကျကျ၊ ရှင်းရှင်းလင်းလင်းမသိရချေ။ သို့သော် ထိုဒေသအတွင်း ထိုနေ့ညက တိုက်ပွဲဖြစ်ပွားကြောင်း သတင်းထွက်သည့်နေရာကား တစ်ခုသာရှိလေသည်။

 

ထိုညတွင် TNLA က လားရှိုးရှိ စစ်ကောင်စီတပ်စခန်းအကြီးတစ်ခုကို တိုက်ခိုက်ခဲ့ပြီး ညသန်းခေါင်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း နောက်ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

TNLA ၏ထုတ်ပြန်ချက်တွင်တော့ ဟောက်ဝင်ဇာတစ်ခု၊ လက်နက် ၇၈လက်၊ ကျည်မျိုးစုံကိုသိမ်းဆည်းရမိခဲ့ပြီး ရန်သူစစ်သား ၅၀ကျော်ကို မြှုပ်နှံထားသည့်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုထားလေသည်။

 

(အေပီသတင်းဌာန၏ ‘Myanmar’s military is losing ground against coordinated nationwide attacks, buoying opposition hopes’ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)

 

Photo - AP/The Kokang

 

Burma Associated Press

မြန်မာ
စစ်တပ်
အာဏာသိမ်းမှု
ရှမ်းပြည်နယ်မြောက်ပိုင်း
၁၀၂၇ စစ်ဆင်ရေး

Share With
bap-logo