Article
ဂြိုဟ်ပတ်လမ်းအတွင်းသို့ သူလျှိုဂြိုဟ်တုလွှင့်တင်ခဲ့ဟု မြောက်ကိုရီးယားပြော
လွန်ခဲ့သော တစ်နှစ် က
ဂြိုဟ်ပတ်လမ်းအတွင်း ၎င်းတို့၏ ပထမဦးဆုံး သူလျှိုဂြိုဟ်တုကို လွှတ်တင်ခဲ့ကြောင်းနှင့် ၎င်းတို့အဆို "ရန်သူ များ၏ အန္တရာယ်ရှိသော စစ်ရေးလှုပ်ရှားမှုများ" ကို ကာကွယ်ရန် ဆက်လက်လွှင့်တင်သွားရန် ကတိပြုသည်ဟု မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့က ပြောသည်။
ဆန်းစစ်အကဲဖြတ်သူများက အကယ်၍ ၎င်းအာကာသယာဉ် အလုပ်လုပ်ဆောင်နိုင်ပါက ပစ်မှတ်ထားသော ရန်သူ့တပ်ဖွဲ့များကို ပိုမိုတိကျစေနိုင်ခြင်းအပါအဝင် မြောက်ကိုရီးယား၏ စစ်ရေးစွမ်းဆောင်ရည်ကို သိသာ ထင်ရှားစွာ တိုးတက်စေမည်ဖြစ်ကြောင်း ပြောသည်။
"Maligyong-1" ဟု အမည်ရသည့် ဂြိုဟ်တုကို အင်္ဂါနေ့ နှောင်းပိုင်းက သယ်ဆောင်ရေးဒုံးပျံယာဉ်အသစ် "Chollima-1” က လွှတ်တင်ခဲ့သည်ဟု နိုင်ငံပိုင် Korean Central News Agency (KCNA) က တင်ပြခဲ့သည်။
“ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ခြင်းသည် မြောက်ကိုရီးယား၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ခိုင်မာအား ကောင်းစေသည့် တရားဝင်အခွင့်အရေးဖြစ်သည်။” ဟု KCNA က ဖော်ပြသည်။
မြောက်ကိုရီးယားနှင့် စစ်ရေးတင်းမာနေသော တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က မြောက် ကိုရီးယားဂြိုဟ်တု ဂြိုဟ်ပတ်လမ်းကြောင်းတွင်း ရောက်ရှိသွားခြင်း ရှိ မရှိ အတည်မပြုနိုင်ပေ။
သို့သော် ၎င်းလွှတ်တင်မှုသည် မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးနည်းပညာအသုံးပြုခြင်းမှ တားမြစ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို "ပြတ်သားစွာ ချိုးဖောက်ခြင်း" ဖြစ်သည်ဟု တောင်ကိုးရီးယား နိုင်ငံက ပြောဆိုလိုက်သည်။
နှစ်နိုင်ငံခြားထားသည့် စစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယား ကင်းထောက်၊ စောင့်ကြည့်ရေးလှုပ်ရှားမှုများကို ကန့်သတ်ထားသည့် မြောက်ကိုရီးယားနှင့် သဘောတူညီထားမှုကို တောင်ကိုရီးယားအစိုးရက ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့လိုက်သည်။
ဂြိုဟ်တုသယ်ဆောင်သွားသော ဒုံးကျည်သည် တောင်ဘက်သို့ ဦးတည်လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ အိုကီနာဝါပေါ်မှ ဖြတ်သန်းသွားပြီဟု ယုံကြည်ရသည်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ၎င်းလွှတ်တင်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဂျပန်နိုင်ငံမှ လူထုအတွက် "လုံခြုံရေးကို ထိခိုက်စေသော” "အရေးပါသည့် အခြေအနေ” တစ်ခုဟု ရည်ညွှန်းခဲ့ကာ ပြုံယမ်း၏ လွှတ်တင်မှုကို တုန့်ပြန်ရန် ၎င်းတို့၏ အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တစ်စောင်တွင် တောင်ကိုရီးယားစစ်တပ်က လွှတ်တင်မှုပြင်ဆင်ခြင်းကို အမေရိကန် နိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်း၍ ခြေရာခံစောင့်ကြည့်နေခဲ့သည်ဟု ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် တောင်ကိုရီးယား၊ အမေရိရန်နှင့် ဂျပန်မှ ကာကွယ်ထောက်ပံ့ရေးဖျက်သင်္ဘောများသည် လွှတ်တင်မှုကို ခြေရာခံရန်နှင့် ၎င်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကျယ်ပြန့်စွာ ဆန်းစစ်အကဲဖြတ်ရန် နေရာချထားခဲ့သည်ဟု ဖော်ပြထားသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး Hiroyuki Miyazawa က ၎င်း၏ နိုင်ငံသည် မြောက်ကိုရီးယားဂြိုဟ်တု ဂြိုဟ်ပတ် လမ်းတွင်း ရောက်ရှိခြင်း ရှိ မရှိ ဆုံးဖြတ်ရန် ကြိုးပမ်းနေသည်ဟု ပြောသည်။
တတိယမြောက် ဂြိုဟ်တုလွှတ်တင်ရန် ကြိုးပမ်းမှု
ပြုံယမ်း၏ မေလနှောင်းပိုင်းက ဂြိုဟ်ပတ်လမ်းအတွင်း ဂြိုဟ်တုလွှတ်တင်ရန် ပထမဆုံးကြိုးပမ်းမှုတွင် ဂြိုဟ်တု သယ်ဆောင်သည့် ဒုံးကျည်၏ ဒုတိယအဆင့် ချို့ယွင်းချက်ကြောင့် ပင်လယ်အတွင်း ပျက်ကျသွားခဲ့သည်။
KCNA က "အင်ဂျင်စနစ်အသစ်၏ စိတ်ချရမှုနှင့် တည်ငြိမ်မှု” မှာ "နိမ့်ကျ” သည့်အတွက်လည်းကောင်း အသုံးပြုသည့် လောင်စာ "မတည်ငြိမ်မှု”ကြောင့်လည်းကောင်း လွှတ်တင်ရေး မအောင်မြင်ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ဒုတိယမြောက် မအောင်မြင်ခြင်းမှာ ဩဂုတ်လတွင် ဖြစ်ပွားခဲ့ပြီး "တတိယ ပျံသန်းခြင်းအဆင့်တွင် အရေးပေါ် ပေါက်ကွဲမှုစနစ် ချို့ယွင်းချက်တစ်ခု” ကြောင့်ဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။
ဒုံးကျည်သည် ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ မကျရောက်မီ အစိတ်စိတ် အပိုင်းပိုင်းဖြစ်သွားသည်ဟု ဂျပန်တာဝန်ရှိသူများက ပြောသည်။
ဒုတိယအကြိမ် မအောင်မြင်သည့် လွှတ်တင်မှုအပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖီဆန်အံတုသည့်အနေဖြင့် မြောက်ကိုရီးယားသံအမတ် Kim Song က သူလျှိုဂြိုဟ်တုအစီအစဉ်ဖော်ဆောင်ခြင်းသည် နိုင်ငံ၏ "အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတစ်ခုအနေဖြင့် တရားဝင်အခွင့်အရေး” ဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ ၎င်းက မြောက်ကိုရီးက ဂြိုဟ်တုလွှတ်တင်ခြင်းဖြင့် ကမ္ဘာ့တိုက်ကြီးများအကြား ပဲ့ထိန်းဒုံးကျည် intercontinental ballistic missile (ICBM) နည်းပညာ ရရှိရန် ကြိုးပမ်းနေခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
အင်္ဂါ်နေ့ ညဘက် တတိယအကြိမ်ကြိုးပမ်းမှုကို ကျယ်ပြန့်စွာ မျှော်မှန်းထားကြကာ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ထပ်မံလွှတ်တင်ရန် ကတိပြုကြောင်း ပြုံယမ်းမှ ပြသခဲ့သည်။
မြောက်ကိုရီးယား အမျိုးသား အာကာသဖွံ့ဖြိုးမှု စီမံကွပ်ကဲရေးမှ "အချိန်တိုအတွင်း ထောက်လှမ်းရေးဂြိုဟ်တု အများအပြား ထပ်မံလွှတ်တင်ခြင်းဖြင့် တောင်ကိုရီးယားဒေသတွင် စစ်ဘက်ဆိုင်ရာ စူးစမ်းမှုစွမ်းဆောင်ရည် ခိုင်မာစေရေး” စီမံကိန်းတစ်ခု တင်ပြသွားဖွယ်ရှိသည်ဟု KCNA က ဖော်ပြသည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ အစဉ်အဆက် ရန်စမှုများကို တုန့်ပြန်ရန် ဂြိုဟ်တု လွှတ်တင်ခြင်းသည် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်သည်ဟု ပြုံယမ်းက ပြောသည်။
အမေရိကန်မှ ဂျပန်သို့ အဆင့်မြင့်ဒုံးကျည်များ ရောင်းချဖွယ်ရှိသည့်အတွက် မြောက်ကိုရီးယားက အမေရိကန် နိုင်ငံကို ယခုသီတင်းပတ်အစောပိုင်းတွင် ရှုတ်ချခဲ့ပြီး "အန္တရာယ်ရှိသော လုပ်ရပ်တစ်ခု” ဟု KCNA သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
တိုက်ခိုက်ရေး စစ်ဘက်ဆိုင်ရာကိရိယာများ မည်သည့်နေရာကို ချိန်ရွယ်သည်၊ မည်သူ့ကို တိုက်ခိုက်ရန် အသုံးပြုလိုသည်ဆိုသည်မှာ "သိသာပေါ်လွင်နေသည်” ဟု မြောက်ကိုရီးယားက ပြောသည်။
ပြုံယမ်း၏ စစ်ရေးမြှင့်တင်မှု
ဂြိုဟ်တုတစ်လုံး လမ်းကြောင်းအတွင်း လွှတ်တင်နိုင်မှုသည်ပင် မြောက်ကိုရီးယား၏ စစ်ရေးရပ်တည်မှုကို ကူညီပံ့ပိုးပေးသည်ဟု ဆန်းစစ်လေ့လာသူများက ပြောသည်။
ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများတွင် “အဲဒီဂြိုဟ်တု အလုပ်လုပ်နိုင်တယ်ဆိုရင် မြောက်ကိုရီးယားရဲ့ စစ်ရေး အမိန့်ပေးညွှန်ကြားမှု၊ ထိန်းချုပ်မှုနဲ့ ဆက်သွယ်ရေး ဒါမှမဟုတ် ထောက်လှမ်းရေးနဲ့ စောင့်ကြည့်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ မြောက်ကိုရီးယားရဲ့ တပ်တွေကို ညွှန်ကြားအမိန့်ပေးဖို့ တိုးတက်စေနိုင်ပါတယ်။” ဟု အမေရိကန် ပစိဖိတ် စစ်ဌာနချုပ် ပူးတွဲ ထောက်လှမ်းရေးစင်တာမှ စစ်ဆင်ရေး ညွှန်ကြားရေးမှူးဟောင်း Carl Schuster က ပြောသည်။
“ဂြိုဟ်တုက အရင်က အားနည်းခဲ့တဲ့ သူတို့အတွက် စစ်ရေးပစ်မှတ်ရှာဖွေရေးအတွက် အထောက်အကူ ပြုနိုင်ပါတယ်။ ထိခိုက်မှုအကဲဖြတ်ဖို့အတွက်လည်း သူတို့ကို အထောက်အကူပြုနိုင်ပါတယ်။” ဟု ကာနက်ဂျီ နိုင်ငံတကာ ငြိမ်းချမ်းရေး အထောက်အပံ့အဖွဲ့မှ နျူကလီးယားမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ Ankit Panda က ပြောသည်။
အင်္ဂါနေ့လွှတ်တင်မှုမှ ရရှိသည့် သင်ခန်းစာကို အနာဂတ်ဂြိုဟ်တုများ တီထွင်ထုတ်လုပ်မှုတွင် အသုံးပြု သွားနိုင်သည်ဟု Panda က ပြောသည်။
“အောင်မြင်တဲ့လွှတ်တင်မှုကနေ သူတို့ သင်ယူမယ်။ ထပ်မံလွှတ်တင်ရာမှာ အသုံးပြုမယ်။ ခံနိုင်ရည်ရှိပြီး ကမ္ဘာ ဂြိုဟ်ရဲ့ ကြယ်စုလေ့လာစူးစမ်းရေး ဂြိုဟ်တုတွေမလိုအပ်တော့အောင် ကြိုးပမ်းကြမယ်။ ဒါက သူတို့အတွက် ကြီးမားတဲ့ အခြေအနေအလိုက် သိရှိနိုင်စွမ်းနဲ့ ဆိုင်တဲ့ လွှမ်းခြုံတဲ့ မဟာဗျူဟာဆိုင်ရာ ခြားနားမှုပဲ။” ဟု ၎င်းက ပြောသည်။
သို့သော် ပြုံယမ်း၏ လွှတ်တင်မှုက အမှန်တကယ် စွမ်းဆောင်နိုင်မှုများကို တွေ့မြင်ရန် ကျန်ရှိနေသေးသည်ဟု အခြားသူများက သတိပေးကြသည်။ အချို့က မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ရာမှ ရရှိသည့် အကျိုး အမြတ်ထက် တောင်ကိုရီးယား၏ နယ်စပ်တစ်လျှောက် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်း ပြန်လည်စတင်လိုက်သည့်အတွက် ဆုံးရှုံးမှု ပိုနိုင်သည်ဟု ထောက်ပြကြသည်။
“မကြာခင် ပြုလုပ်ဖွယ်ရှိတဲ့ စစ်မဲ့ဇုန်တစ်လျှောက် တောင်ကိုရီးယားရဲ့ စောင့်ကြည့်ရေးဒရုန်းလှုပ်ရှားမှုက မြောက်ကိုရီးယားရဲ့ ဖွံ့ဖြိုးကာစ ဂြိုဟ်တုအစီအစဉ်ထက် ပိုပြီး အသုံးဝင်တဲ့ ထောက်လှမ်းရေး အချက်အလက် တွေ ရနိုင်တယ်။” ဆိုးလ်မြို့ Ewha တက္ကသိုလ်မှ ပါမောက္ခ Leif-Eric Easley က ပြောသည်။
ရုရှားနဲ့ အချိတ်ဆက်ရှိသလား?
မြောက်ကိုရီးယားသည် "ရုရှား၏ အကူအညီဖြင့်" ၎င်း၏ ဒုံးကျည်အင်ဂျင်ပြဿနာကို "ဖြေရှင်းပြီးလုနီးပါး" ရှိပြီဟု ယုံကြည်ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Shin Won-sik က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ပြောသည်။
၎င်းပြောကြားချက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ စက်တင်ဘာလအတွင်း ရုရှားသို့ သွား ရောက်ကာ သမ္မတပူတင်နှင့် ရုရှား အာကာသဒုံးပျံလွှတ်တင်ရေးစခန်းသို့ သွားရောက်မှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။
၎င်းတွေ့ဆုံမှုတွင် ပူတင်က မြောက်ကိုရီးယား၏ အာကာသနှင့် ဂြိုဟ်တုအစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်။
သို့သော် Panda က တတိယအကြိမ် အောင်မြင်စွာလွှတ်တင်နိုင်မတွင် ရုရှား၏ အကူအညီနှင့် အကြံဉာဏ်ကြောင့် ဖြစ်ကြောင်း ယူဆခြင်းကို သတိပြုရန် ပြောသည်။
“အချိန်ဇယားအရ မြောက်ကိုရီးယားက ရုရှားရဲ့ နည်းပညာအထောက်အကူ ရရှိပြီး၊ အကောင်အထည် ဖော်ပြီးသား ဖြစ်တယ်လို့ ကျွန်တော်တော့ မထင်ဘူး။” ဟု ၎င်းက ပြောသည်။
“မြောက်ကိုရီးယားက သူတို့ကိုယ်တိုင်လည်း ဒီအခြေအနေမှာ သိသိသာသာ စွမ်းဆောင်နိုင်ရည်ရှိတယ် ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။”
ကိုးကား - CNN
ပုံစာ - မြောက်ကိုရီယားနိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သော အင်္ဂါနေ့နှောင်းပိုင်းက ပထမဆုံး သူလျှိုဂြိုဟ်တု တင်ဆောင်သွားသည့် ဒုံးကျည်လွှတ်တင်မှု။ (Photo: Rodong Sinmun)
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၄ ရက် က
လွန်ခဲ့သော ၁၄ ရက် က