bap-logo
Urban Life

ဆက်ကြေးပေးမလား စစ်ထဲသွားမလား

m3XH-i9s6Kc6BhKzCuqfN-image

လွန်ခဲ့သော ၁၂ နာရီ က

BAP၊ ဇူလိုင် ၂၉။

 

လကုန်ရက်ရောက်တော့မယ်ဆိုရင် ဒေါ်သောင်းတို့လို တနေ့လုပ်တနေ့စားမိသားစုများတဲ့ ဘဝသမား အိမ်ထောင်ရှင်မတွေအတွက် ခါတိုင်းရက်တွေထက်ပိုပြီး သောကဝေနေကြရပါတယ်။

 

"လဆန်းတာနဲ့လာကောက်ပြီ၊ သူတို့လာကောက်တဲ့ချိန်​ မပေးန်ိုင်မှာ သေမတတ်ကြောက်နေရတာ၊ မပေးရင် စစ်မူထမ်းရမယ်ဆိုပြီးခေါ်သွားရင် ပြန်လမ်းမရှိတော့ဘူးလေ"လို့ ဒေါ်သောင်းက သူတို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေနေကို ပြောပြပါတယ်။

 

သူတို့ စိုးရိမ်တဲ့နေ့ရက်ရောက်လာဖို့ တပတ်အလိုလောက်ကတည်းက ငွေကြေး ကြိုတင်ရှာဖွေနေကြရ တာပါ။

 

မိသားစုများတဲ့ ဒေါ်သောင်းတို့အိမ်မှာ လက်ရှိကုန်စျေးနူန်းနဲ့ အိမ်ရှိလူကြီး လူကုန် အလုပ်လုပ် နေတာတောင် စားဖို့အတွက်မလုံလောက်ပါဘူး။ ဒါကြောင့် ငွေပိုငွေလျှံမရှိလို့ ချေးငှားသုံးရတာလည်း လတိုင်းနီးပါးပါပဲ။

 

"အိမ်မှာသားနှစ်ယောက်နဲ့ သားမက်တယောက်အတွက် ၃ယောက်စာပေးနေရတယ် ၊ အပိုကိစ္စ ဘာမှ မလုပ်နိုင်ဘူး။ ၈ တန်းအရွယ်မြေးတယောက်ကို ကျောင်းထုတ်ထားရတယ်၊ လက်ဖက်ရည်ဆိုင်မှာ စားရိတ်ငြိမ်းနဲ့ပို့ထားရတယ်၊ အိမ်လခကမှ မပေးနိုင်ရင်ရွှေ့ထားလို့ရတယ် ဒါကရွှေ့မရဘူး" လို့ သူက ညည်းတွား ပြောဆိုပါတယ်။

 

နိုင်ငံမတည်ငြိမ်မှုတွေကြားထဲက နေ့စဉ် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့အတူ ဒေါ်သောင်းတို့လို နေ့စားပျံကျအလုပ်သမား မိသားစုတွေအတွက် စားရေးအပြင် နေရေးအတွက်ပါမက လတိုင်းမဖြစ်မနေ ပေးနေရတဲ့"စစ်မူထမ်းထောက်ပံ့ကြေး"ငွေကြောင့် ပူပင်နေကြရပါတယ်။

 

ဒေါ်သောင်းတို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကပါ။ အခြေခံလူတန်းစားတွေ နေတဲ့ ရပ်ကွက်တွေမှာ လစဥ်ကောက်နေတဲ့ စစ်မူထမ်းထောက်ပံ့ကြေးငွေ ပေးရတာကြောင့် သူတို့ စိုးရိမ်ပူပန် နေရတာပါ။

 

ယောက်ကျားလေး ၃ ယောက်ရှိတဲ့ အိမ်ဆိုရင် ၃ ယောက်စာပေးနေရလို့ အခြေခံလူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတဲ့အခြေနေပါ

 

ရှမ်းပြည်နယ်တောင်ပိုင်း တခုလုံးက ရပ်ကွက်ကျေးရွာအနှံ့ စစ်မူထမ်းထောက်ပံ့ကြေးတွေ ပေးနေရပြီး အချို့နေရာတွေမှာ ရွာအလိုက် ပစ္စည်းတင်ဖို့ဆိုပြီး ကားတွေထောက်ပံ့ရတဲ့အထိ ဖြစ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

တောင်ကြီးမြို့ပေါ် ရပ်ကွက် ၂၂ ခု ရှိတဲ့အနက် အခြေခံလူတန်းစားတွေ အများအပြားနေတဲ့  ရွှေတောင် ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ရတနာသီရိရပ်ကွက်တွေဟာ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံတာ နာမည်ကြီတဲ့ ရပ်ကွက်တွေ ဖြစ်နေပါတယ်။

 

ငွေကြေးပြည့်စုံသူတွေ၊ လူလတ်တန်းစားတွေအတွက် လူတဦးကိုငွေကျပ်သောင်းဂဏန်း၊ သိန်းဂဏန်း လစဥ် ထောက်ပံ့ကြေးပေးနေရတာဟာ မသိသာပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ တပတ်နီးပါး အိမ်သုံးစားရိတ်နဲ့ညီမျှတဲ့ ပမဏာတခုဖြစ်နေပါတယ်။

 

တောင်ကြီးမြို့နယ်ထဲမှာဆိုရင် အိမ်ထောင်စုစားရင်းမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း အမျိုးသားရှိတဲ့အိမ်တိုင်း တဦးကို ၃ သောင်းကနေ၊ တသိန်းကျပ်အထိ ရပ်ကွက်နယ်မြေမှူးတွေကို လတိုင်းပေးနေကြရတာပါ။

 

ယောက်ကျားလေး ၃ ယောက်ရှိတဲ့ အိမ်ဆိုရင် ၃ ယောက်စာပေးနေရလို့ အခြေခံလူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတဲ့အခြေနေပါ။

 

အနိမ့်ဆုံးဆန်ကြမ်းတပြည်ကို ၅,၀၀၀ ကျပ်၊ စားအုန်းဆီတပိသာ ၁၀,၀၀၀ ကျပ်၊ ကြက်ဥတလုံး၅၀၀၊ ကန်စွန်းရွက်တစည်း ၁၀၀၀ ကျပ်ဈေးတွေက နေ့စားအလုပ်သမားတွေအတွက် ဝင်​ငွေနဲ့ထွက်ငွေ မညီမျှရတဲ့အထဲ  စစ်မူထမ်းထောက်ပံ့ငွေပေးနေရတာက သူတို့အတွက်ဝန်ထုပ်ဝန်ပိုးတခုလို ဖြစ်နေရ တာပါ။

 

သူတို့ ဒီလိုပေးနေရတာဟာ တနှစ်နီးပါးကြာမြင့်နေပြီး မပေးနိုင်တဲ့အခါ စစ်မူထမ်းထဲပါသွားမှာ စိုးရိမ်လို့ ထမင်းနပ်မှန်အောင်မစားရတဲ့နေ့ရက်တွေရှိလာပြီလို့ ရင်ဖွင့်ကြပါတယ်။

 

အိမ်ထောင်စုတခုထဲမှာ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူမပါရင် လစဥ် သောင်းဂဏန်းပေးရပြီး စစ်မူထမ်းစားရင်းအကြုံးဝင်သူရှိတဲ့ မိသားစုတိုင်းက လစဥ်သိန်းဂဏာန်း ပေးနေကြရတာပါ

 

တောင်ကြီးမြို့ အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်တခုက ဒေါ်မြင့်ဆိုရင် မိသားစုဝင် ၆ ယောက် ရှိပါတယ်၊ သူ့ရဲ့အိမ်ထောင်စုထဲမှာ အရွယ်ရောက်ပြီးဖြစ်တဲ့ သား ၃ ယောက်က စာရင်းထဲပါနေပါတယ်။

 

သူ့ခင်ပွန်းက ဆောက်လုပ်ရေးလုပ်ရင်းအမြင့်က ပြုတ်ကျတဲ့ဒဏ်ကြောင့် ခါးရိုးထိခိုက်ပြီး အလုပ်မလုပ် နိုင်တော့ပါဘူး။

 

အရက်သောက်တာများပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ သားတယောက်က နေအိမ်မှာနေနေရ တာကြောင့် နေ့စားအလုပ်သမားတွေဖြစ်တဲ့ အခြားသားနှစ်ယောက်ရဲ့ဝင်ငွေကိုသာ မှီခိုနေရတာပါ။

 

"ကျန်းမာရေးမကောင်းတဲ့သူပါလည်း ထောက်ပံ့ကြေးက ကောက်တယ်၊ တယောက် ၅ သောင်းနဲ့ ၃ ယောက်အတွက် ပေးရတာ လစဥ် သိန်းနဲ့ချီနေပြီ။ အိမ်ငှားခနဲ့ကျမတို့ ဘယ်လိုရှေ့ဆက်ရမယ် မသိတော့ဘူး။ ဘေးပတ်ဝန်းကျင်မှာလည်း သူလိုကိုယ်လိုတွေချည်းပဲ" လို့ ဒေါ်မြင့်က သူခံစားနေရတာ ကို ပြောပြပါတယ်။

 

တောင်ကြီးမြို့နယ်ထဲမှာဆိုရင် စစ်မှုထမ်း လစဥ်ထောက်ပံ့ကြေးအဖြစ် လုပ်ငန်းတွေဆီက လစဥ် ကောက်ခံပါတယ်။ ဒါ့အပြင် အိမ်ထောင်စုတခုထဲမှာ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူမပါရင် လစဥ် သောင်းဂဏန်းပေးရပြီး စစ်မူထမ်းစားရင်းအကြုံးဝင်သူရှိတဲ့ မိသားစုတိုင်းက လစဥ်သိန်းဂဏာန်း ပေးနေကြရတာပါ။

 

"လစဥ်စားရေးမကိုယ်တိုင် အိမ်ထိလာကောက်ကြတာ။ သူတို့လာမှာကို ကြောက်​နေရပြီ။ ထောက်ပံ့ ကြေး ဘာညာရတုန်းကတော့ နင်တို့က အိမ်ထောင်စုဒီရပ်ကွက်ကမဟုတ်ဘူးဆိုပြီး ပြောတာ၊   ခု စစ်မှုထမ်းကြတော့ အားလုံးနဲ့သက်ဆိုင်တယ်ဆိုပြီးဖြစ်ပြန်ရော သူတို့လက်ခုတ်ထဲက ရေဖြစ်နေရတာ" လို့ တောင်ကြီးမြို့၊ ရွှေသူဌေးကုန်းရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။

 

သူ့ကိုကြောက်တော့ တောင်းသလောက်ပေးနေရတယ်၊ ကျောင်းသားရှိတဲ့အိမ်လည်းပေးရတယ်၊ ထမင်းစားဖို့ အိမ်လခပေးဖို့ထက် စစ်မူထမ်းထောက်ပံ့ကြေးပေးဖို့က ပိုအရေးကြီးနေတာ၊ ပါသွားရင် လည်း အသေပဲ၊ ပြီးခဲ့တဲ့နှစ်ကပါသွားသူတွေတောင် သတင်းမကြားတော့ဘူး 

 

ပြီးခဲ့တဲ့ ၂၀၂၄ နှစ် ဖေဖော်ဝါရီ ၁၀ ရက်ကစလို့ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက် သွင်းခဲ့တာ အခုဆို​ရင် ၁ နှစ်နဲ့ ၅ လ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

 

လက်ရှိတနှစ်ကျော်အချိန်မှာ သောင်းနဲ့ချီတဲ့ လူငယ်တွေကို စစ်ကောင်စီက တပ်သားသစ် အဖြစ် စုဆောင်းကာ ရှေ့တန်းတွေကို ပို့ဆောင်တာခံနေကြတာပါ။

 

တောင်ကြီးမြို့က ရပ်ကွက်တွေမှာတော့ စစ်မှုထမ်းစာရင်း မဲမနိုက်တော့ဘဲ လစဥ်​ထောက်ပံ့ငွေ တောင်းနေကြတာပါ။

 

ဝင်ငွေနည်း ကျပန်းလုပ်သားအများစုတွေနေတဲ့ ရွှေသူဌေးကုန်းရပ်ကွက်၊ ဝါးပြရပ်၊ စိန်ပန်းရပ်၊ ရွှေတောင်ရပ်၊ ချမ်းမြသာစည်ရပ်၊ ရတနာသိရီရပ်၊ မြေဖြရပ်နဲ့ အေးသာယာမြို့သစ်တွေမှာ အိမ်ငှားနေသူတွေအဖို့ လစဉ်ပေးနေရတဲ့ ထောက်ပံ့ငွေက ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။

 

ငြင်းဆန်ခွင့်မရှိတဲ့ သူတို့အဖို့ လစဥ်ပေးဖို့အစစအရာရာ ချွေတာစုဆောင်းပြီး လကုန်ရက်ရောက်တိုင်း ရပ်ကွက်တာဝန်ရှိသူတွေကို ပေးနေရတယ်လို့ ရင်ဖွင့်ကြပါတယ်။

 

တောင်ကြီးမြို့က ထောက်ပံ့ကြေးကောက်တဲ့ငွေကို ကိုယ်စားစစ်မှုထမ်းပေးသူတွေကို ထောက်ပံ့တယ် ဆိုပြီး ရပ်ကွက်တာဝန်ရှိသူတွေက အကြောင်းပြထားပါတယ်။

 

"ဒီလိုမှမကောက်ရင် မဲနိုက်ရွေးရင်ပိုရှုပ်တယ်၊ ဒါကြောင့် ကိုယ်စားစစ်မှုထမ်းမယ့်သူကို ပေးဖို့ အိမ်ထောင်စုတွေဆီက ကောက်နေရတာ၊ မကောက်ရင် အလှည့်ကျသွားနေရရင်ပိုဆိုးမှာစိုးလို့ ကောက်နေကျရတာ"လို့​​ တောင်ကြီးမြို့ ရပ်ကွက်တာဝန်ရှိသူတဦးက ပြောပါတယ်။

 

တကယ်တန်း ထောက်ပံ့ကြေးကို ကိုယ်စားအစားထိုးသွားပေးသူတွေကို ပေးတာထက် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေ ယူတာက ပိုများနေတာလို့ တောင်ကြီးမြို့နေသူအချို့က တွက်ပြပါတယ်။

 

"ရပ်ကွက်ထဲ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ရင် ဘယ်သူတွေလဲ သွားကြည့်စရာမလိုဘူး၊ အုပ်ကြီးအမျိုးတွေ၊ စစ်မှုထမ်းမဲကျ သူတို့အမျိုးတွေ ပေါက်တာတခါမှ မကြားဖူးဘူး " လို့ တောင်ကြီးမြို့ ၊ရွှေတောင်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

 

အုပ်ချုပ်ရေးမူးနဲ့ နီးစပ်သူတွေ အိမ်ခြံမြေ ဝယ်ယူနေကြချိန် ဝင်ငွေနည်းအခြေခံလူတန်းစားတွေကတော့ စစ်မှုထမ်း ထောက်ပံကြေးငွေပေးတိုင်ဖို့ ရုန်းကန်နေရပါတယ်။

 

အခြေခံလူတန်းစားတွေဟာ နေမကောင်းဖြစ်ရင်လည်း ဆေးကုသမှု မလုပ်နိုင်တော့သလို လက်ရှိကုန်စျေးနူန်းကြောင့် ကြက်ဥတောင် မစားနိုင်တော့ဘူးလို့ ဒေါ်မြင့်က ပြောပါတယ်။

 

"သူတို့က ပြောတော့ ငွေကောက်တာဟာ ကိုယ်စားထိုးမယ့်သူပေးဖို့လိုပြောတာ၊ တကယ်သွားရမယ့် သူက ရမရမသိဘူး၊ သူတို့အုပ်ချုပ်ရေးမှူးအမျိုးတွေတော့ တိုက်ဆောက်ကားစီးနဲ့ ဟန်ကျနေတာပဲ" လို့ ဒေါ်မြင့်က သူ မြင်နေရတာကို ပြောပြပါတယ်။

 

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသားအသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ် မကျော်သေးသူ၊ အမျိုးသမီး အသက် ၁၈ နှစ်ပြည့်ပြီး ၂၇နှစ် မကျော်သေးသူ ဖြစ်ရမယ်လို့ ပါရှိပါတယ်။

 

ဒါ့အပြင်ကျွမ်းကျင်ပညာရှင်ဖြစ်ပါက အမျိုးသား အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းနဲ့အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိ အားလုံးစစ်မှုထမ်းဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

 

တောင်ကြီးမြို့နယ်ထဲမှာ စစ်မှုထမ်းဖို့လူလိုတဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမူးတွေက မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

 

"ကိုယ့်သားသမီးဘယ်လောက်ဆိုးဆိုးမိဘဆိုတာကတော့ မျက်စိအောက်မှာပဲနေစေချင်တာပဲ၊ ဆေး သမားလည်း လူသားတယောက်ပဲလေ၊ ဘယ်မိဘမှ မထည့်ချင်ဘူး၊  ပါသွားကြတာပဲ၊ လူလိုရင် သူတို့ပဲ ထည့်နေတာ"လို့ တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်မှာ နေထိုင်သူတဦးက လက်ရှိကြုံနေရ တာကို ပြောပြပါတယ်။

 

 

​ပြီးခဲ့တဲ့ ဇွန်လအတွင်းက တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်နဲ့ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်​​နေတယ်ဆိုပြီး  ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးက စစ်ဆေးတာရှိခဲ့ပါတယ်။

 

စစ်မှုထမ်းရှောင်နေသူကို လက်ခံထားတယ်ဆိုပြီး ကံကြီးရပ်ကွက်နေသူတဦးဆီကနေ ကျပ်သိန်း ၁၀၀ ငွေညှစ် တောင်းခံမှုနဲ့ သူတို့ နှစ်ဦး စစ်ဆေးခံနေရတာလို့ မြို့ခံတွေက ပြောပါတယ်။

 

စစ်ဆေးခံနေရသူထဲက တယောက်ဖြစ်တဲ့ ရွှေတောင်ရပ်ကွက်အုပ်ကြီးဟာ ပျူစောထီးခေါင်းဆောင် ဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့် ရထားသူ ဖြစ်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

 

"သူ့ကိုကြောက်တော့ တောင်းသလောက်ပေးနေရတယ်၊ ကျောင်းသားရှိတဲ့အိမ်လည်းပေးရတယ်၊ ထမင်းစားဖို့ အိမ်လခပေးဖို့ထက် စစ်မူထမ်းထောက်ပံ့ကြေးပေးဖို့က ပိုအရေးကြီးနေတာ၊ ပါသွားရင် လည်း အသေပဲ၊ ပြီးခဲ့တဲ့နှစ်ကပါသွားသူတွေတောင် သတင်းမကြားတော့ဘူး"လို့ ရွှေတောင်ရပ်ကွက် နေသူတဦးက ပြောပါတယ်။

 

 

စစ်ကောင်စီ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅ (က)မှာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဟာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့က တင်ပြလာတဲ့ ဆင့်ခေါ်ခြင်းခံရသူတွေရဲ့ လျှောက်လွှာတွေကို စိစစ်ရာမှာ ယာယီရွှေ့ဆိုင်းနိုင်မယ့် အခွင့်အရေးလည်း ရှိနေတယ်လို့ အသိပေးထားပါတယ်။

 

ယာယီရွှေ့ဆိုင်းခွင့်ရရှိနေသူတွေထဲမှာ ပညာသင်ကြားနေသူတွေ အခြားပြုစုစောင့်ရှောက်မယ့်သူမရှိတဲ့ မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးနေသူတွေ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူတွေ ပါရှိနေပါတယ်။

 

အဲဒီလို ယာယီကင်းလွတ်ခွင့်ရတဲ့ထဲပါဝင်နေပေမယ့် စစ်မူထမ်းဖို့ လူရွေးမဲနိုက်တဲ့ အချိန်မှာလည်း ပါခဲ့ပြီး လက်ရှိ စစ်မူထမ်းထောက်ပံ့ကြေး ပေးနေရသူတွေလည်း တောင်ကြီးမှာ ရှိနေပါတယ်။

 

အသက် ၃၀ ကျော်အရွယ် ကိုစိုင်းဆိုရင် တဦးတည်းသောသားဖြစ်ပြီး အသက်အရွယ်ကြီးနေတဲ့ မိဘတွေ ကို စောက်ရှောက်နေရသူပါ။

 

သူတို့ ရပ်ကွက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စစ်မူထမ်းဖို့ လူစာရင်းထဲပါလို့ မဲနိုက်ခဲ့ရဖူးပါတယ်။

 

"ကံကောင်းလို့ပေါက်မဲမကျပေမယ့် လတိုင်းထောက်ပံ့ကြေးပေးနေရတယ်၊ ဘာသတ်မှတ်ချက်မှမရှိဘူး၊ အခုလည်း စာရင်းထဲအကျုံးဝင်နေသူမို့ နိုင်ငံခြားထွက်ခွင့်မရှိဘူး၊ သူဆို့လိုတဲ့အချိန် ခေါ်လို့မရှိရင် မိဘတာဝန်ဆိုပြီး ခြိမ်းခြောက်ထားတော့ ဘယ်မှမသွားနိုင်ဖြစ်နေရတယ်"လို့ သူကပြောပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မရှိဆင်းရဲသားနင်းပြားတွေအတွက် ရွေးချယ်စရာ နည်းလမ်းမရှိပါဘူး။

 

နိုင်ငံခြားထွက် အလုပ်သွားလုပ်ဖို့တွေအတွက်လည်း စစ်ကောင်စီကပိတ်ထားလို့ သွားလို့မရသလို တရားမဝင်လမ်းက သွားပြန်ရင်လည်း ကုန်ကျငွေ သိန်း ၃၀ ကျပ်ဝန်းကျင်က သူတို့အတွက်မတတ်နိုင်တဲ့ ငွေကြေးပမာဏဖြစ်နေပါတယ်။

 

စစ်မူထမ်း စာရင်းပေါက်ထားပြီးသား လူငယ်အချို့ကလည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဆီ သွားရောက်ကြတာလဲရှိ​နေပါတယ်။

 

ဝင်ငွေနည်းတဲ့ နေ့စားအလုပ်သမားတွေကတော့ နေအိမ်က သက်ကြီးရွယ်အိုတွေ ပြုစုလုပ်ကျွေးဖို့ လူမရှိတာရယ်၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ချ်ိတ်ဆက်ဖို့မလုပ်နိုင်တာရယ်နဲ့ မိသားစုကို ရှာကျွေးဖို့ လူမရှိတာရယ် စတဲ့အကြောင်းပြချက်တွေနဲ့ ရှိရင်းစွဲနေရာမှာပဲ နေနေရပါတယ်။

 

လက်ရှိကာလအရ ဆောက်လုပ်ရေးလုပ်သားတွေ၊ ပန်းရန်လုပ်သား၊ ကုန်ထမ်းသူတွေ၊ ဆိုင်ကယ် ဘေးတွဲမောင်းသူ၊ ပလုံကောက်သူတွေရဲ့ ဝင်ငွေဟာ တရက်အများဆုံး တစ်သောင်းကျော်သာ ရနေတာပါ။

 

အိမ်လခ၊ နေ့စဥ်အသုံးစားရိတ်တွေနဲ့ စစ်မူထမ်းထောက်ပံ့ကြေးပေးဖို့ ရုန်းကန်နေရတယ်လို့ သူတို့က တွက်ပြကြပါတယ်။

 

အခုချိန်ဟာ မိုးရာသီဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားထားရပါတယ်။

 

အဲဒီအတွက် နေ့စားအလုပ်သမားတွေ နေ့စဥ် ဝင်ငွေမရှိတာတွေတဲ့အချိန် စစ်မှုထမ်း ထောက်ပံ့ကြေး ပေးရတဲ့ငွေပမာဏက သူတို့ဝင်ငွေရဲ့ ၅ ရက်စာနဲ့ ညီမျှနေပါတယ်။

 

တောင်ကြီးမြို့ညောင်ဖြူစခန်းရပ်ကွက်က နယ်မြေ (၇) ရာအိမ်မှုးအချို့ဟာ ဒီစစ်မှုထမ်းကြေးတွေကို တလကို သုံးသောင်းကျပ်ကနေ သိန်းဆယ်ချီကောက့်ခံနေပါတယ်ဆိုပြီး ရပ်ကွက်နေသူတွေက တောင်ကြီးမြို့နဲ့ဆိုင်ရာ လူမှုကွန်ရက်ဂရုတွေမှာ အသိပေးထားကြပါတယ်။

 

ရပ်ကွက်တာဝန်ရှိသူအချို့ဟာ စစ်မူထမ်းကြေးတေါကို တလစာ စောကောက်ခံပြီး နေ့ပြန်တိုး ပေးတာတွေ လုပ်နေတယ်ဆိုပြီး ပြောဆိုထားကြပါသေးတယ်။

 

မကြာခင် လကုန်ရက်က ရောက်လာတော့မှာပါ။

 

ဆောက်လုပ်ရေးလုပ်သားတွေဖြစ်တဲ့ ​ဒေါ်သောင်းရဲ့သားနဲ့ သမက်တွေက ရာသီဥတုအခြေနေကြောင့် ဒီတပတ်အတွင်း အလုပ်ဆင်းရက် နှစ်ရက်ပဲရှိနေတာကြောင့် သူ့ရဲ့အိပ်မ​ပျော်တဲ့ရက်တွေများ နေရပါပြီ။

 

"တခါတခါစဥ်းစားမိတယ်၊ ဒီအခြေနေတွေကနေကနေလွတ်မြောက်ဖို့ တအိမ်သားလုံးသေသွားကြရင် ကောင်းမှာပဲလို့ ဒါမှဘဝအသစ်ပြန်စနိုင်မှာ"

 

စစ်မှုထမ်းဥပဒေ
လူငယ်
မြန်မာ
အာဏာသိမ်း

Share With
bap-logo