bap-logo
Urban Life

လက်ဖက်ရည်တခွက် အသားဟင်းတနပ်ထက် မငတ်အောင်စား၊ မသေရုံ အသက်မွေးရင်း အုတ်ခဲ ပိနေသူတွေ

a2yVBuJ6D2oY8ndnjxUMO-image

လွန်ခဲ့သော ၁၄ ရက် က

BAP၊ ဇူလိုင် ၂၇။

 

မနက် ၉ နာရီမထိုးခင်မှာဘဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင်မယ့် အမျိုးသမီးတချို့ဟာ ခေါင်းပေါ်မှာ အုတ်နီခဲ၊ လက်ထဲမှာ သဲပုံးကိုကိုင်ပြီး အလုပ်စတင်နေကြရပါပြီ။

 

ရှပ်အင်္ကျီလက်ရှည်၊ ဆောက်လုပ်ရေးလုံခြုံရေးဦးထုပ်၊ ဖိနပ်အရှည်တွေစီးထားကြတဲ့ သူတို့တွေဟာ အုတ်နီခဲတွေခေါင်းပေါ်ရွက်ပြီး ဆောက်လက်စအဆောက်အဦကြီးရဲ့ ဒုတိယအထပ်ကို သွားဖို့ ပြင်ဆင်နေ ကြတာပါ။

 

အိမ်လခ၊ ဆန်ဈေး၊ ဟင်းသီးဟင်းရွက်သားငါးဈေးနဲ့ ကလေးစရိတ်တွေက အမျိုးသားတယောက်တည်းရဲ့ ဝင်ငွေနဲ့ မလုံလောက်တော့တာကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ထဲကို နေ့စားအလုပ်ကြမ်းသမားဘဝနဲ့ ဝင်ရောက်လုပ်ကိုင်လာကြရပါတယ်။

 

အသက် ၄၀ နှစ်အရွယ် မမြင့်မြင့်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ် ကြမ်းသမား တယောက် လုပ်ရမယ်လို့ သူ့ဘဝမှာ တခါမှမတွေးခဲ့ဖူးပါဘူး။

 

အရင်က ပဲရွေး၊ နှမ်းရွေး၊ ရေဘူးဆေးစတဲ့ အလုပ်တွေလုပ်ကိုင်ခဲ့ရပေမယ့် ပုံမှန်ဝင်ငွေရတဲ့ အလုပ် မဟုတ်တာကြောင့် ပုံမှန်ဝင်ငွရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အုတ်သယ်၊ကျောက်သယ် အလုပ် ကြမ်းသမားဘဝကို ရွေးချယ်လိုက်ရတယ်လို့ သူကပြောပါတယ်။

 

ဧရာဝတီတိုင်းဖက်ကနေ စစ်ဘေးရှောင်ရင်း ရန်ကုန်ကို ရွှေ့ပြောင်းလာတဲ့ မမြင့်မြင့်ရဲ့ အမျိုးသား ဟာလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ လက်သမား တဦးဖြစ်ပါတယ်။

 

"အိမ်မှာ သက်ကြီးရွယ်အိုရော ကလေးပါရှိတော့ အုတ်ခဲသယ်ရတာထက် လက်ရှိမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ စားရေးသောက်ရေးဝန်ထုပ်ဝန်ပိုးက ပိုလေးလံတယ်"လို့ မျက်စိရှေ့မှာရှိ‌နေတဲ့ အုတ်ပုံကို ကြည့်ရင်း သူက ခပ်အေးအေးပြောပါတယ်။

 

"မနေ့ကဆို လက်ထဲငွေမကျန်တော့လို့ ကြိုတင်ငွေထုတ်ထားရတယ်၊ဆီဆိုလည်း ဈေးအပေါဆုံး၊ ဆန်ဆိုလည်း ဆန်ကြမ်းပဲစားတာကိုမလောက်ငှဘူးဖြစ်နေတယ်"လို့ ဝမ်းနည်းတဲ့အမူအရာနဲ့ မျက်ရည် သုတ်ရင်း သူက ပြောပါတယ် ။

 

လက်ရှိ ပြည်တွင်းဈေးကွက်ထဲမှာ အခြေခံလူတန်းစားတွေ အားပြုစားနေရတဲ့ ကြက်ဥတလုံး ၇၀၀ ကျပ် အထိ ဈေးမြင့်တက်နေတာ၊ စားအုန်းဆီတပိဿာ ၂၀,၀၀၀ ကျပ်၊ ဆန်ကြမ်းတစ်ပြည် ၄,၅၀၀ ကျပ်ဝန်း ကျင်ထိ မြင့်တက်နေတာပါ။

 

စစ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်- WFP ရဲ့ နောက်ဆုံးအစီရင် ခံစာအရ ၂၀၂၁ ခုနှစ်အစပိုင်းနဲ့ နှိုင်းယှဉ်ရင် လေးဆနီးပါး မြင့်တက်လာခဲ့ပါတယ်။

 

အဲဒီအခြေအနေတွေကြောင့် အသားဟင်းကို တပတ်တကြိမ်တောင် မစားနိုင်တော့ဘူးလို့ နေ့စား လုပ်သားတွေက ဆိုပါတယ်။

 

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမျိုးသမီးအလုပ်ကြမ်းသမားအဖြစ် အလုပ်လုပ်ပါက တစ်နေ့ကို ၁၅,၀၀၀ ကျပ် ရပြီး ပုံမှန်အလုပ်ရှိတာကြောင့်ရွေးချယ်ခဲ့ရတယ်လို့ နဖူးပေါ်စီးကျလာတဲ့ ချွေးတွေကို လက်ကသုတ်ပြီး မမြင့်မြင့်က ပြောပါတယ်။

 

"ကလေးကျောင်းမထားနိုင်သေးဘူး၊ လင်မယားနှစ်ယောက်စလုံးက အလုပ်လုပ်နေတော့ ကလေးကို အပို့အကြိုမလုပ်နိုင်သေးဘူးလေ၊ တောမှာကျတော့ ကြည့်ပေးဖို့မလိုဘူးလေ၊ မြို့မှာကျတော့ အမေ ကလည်းမသွားတတ်မလာတတ်မို့ ဒီတိုင်းနေနေရတယ်" လို့ လက်ရှိအနေထားကို ပြောပါတယ်။

 

စားဖို့ ရုန်းကန်နေရတာနဲ့ ဒီလို အကျပ်အတည်းကြုံနေရတာက မမြင့်မြင့် တယောက်တည်းမဟုတ်ပါဘူး။

 

အမေဖျားတဲ့လကဆို လင်မယားနှစ်ယာက်လုံးရတာအကုန်ကုန်တယ်၊ တယောက်ထဲ လုပ်စာက ဘယ်လိုမှ မလောက်လို့ အကြွေးတင်တဲ့လတွေတောင်ရှိတယ်

 

အလားတူ အခက်အခဲကို. အခြေခံလူတန်းစားနေ့စားအလုပ်သမားတွေ အများစုကြုံနေကြရတာပါ။

 

မိသားစုဝင်များပြီး စားဝတ်နေရေးကို ရုန်းကန်နေရတဲ့ အိမ်ထောင်စုတွေသာ မဟုတ်ပါဘူး။

 

ကလေးမရှိသေးတဲ့ အိမ်ထောင်သည်လင်မယားတွေအတွက်လည်း နေ့စဉ်အသုံးစရိတ်နဲ့ အိမ်ငှားခက နှစ်ယောက်ပေါင်းဝင်ငွေကို ဖိအားပေးနေပါတယ်။

 

အသက် ၂၀ ဝန်းကျင်အရွယ် မမူမူရဲ့ မျက်နှာမှာ ဘိလပ်မြေမှုန့်တွေ ကပ်နေပြီး လုပ်ငန်းသုံး အဝတ်အစား တွေနဲ့ အုတ်သယ်နေတဲ့ပုံက သူ့ဘဝရဲ့ ခက်ခဲမှုကို ဖော်ပြနေပါတယ်။

 

ရန်ကုန်မြို့ကို အလုပ်မဝင်ခင်ကတော့ သူတို့ဟာ ဧရာဝတီတိုင်းဒသကြီးက ရွာတရွာမှာ ထင်းခုတ်၊ ဝါးခုတ်အလုပ်လုပ်ရပါတယ်။

 

ဝါးခုတ်ထင်းခုတ်ရတဲ့အလုပ်က ပုံမှန်မရှိသလို နှစ်ယောက်ပေါင်းဝင်ငွေ နှစ်သောင်းကျပ်သာ အများဆုံး ရတတ်တာလို့ သူကပြောပါတယ်။

 

ရန်ကုန်မြို့ကိုတက်လာစအချိန်မှာ နှစ်ယောက်စလုံး အလုပ်လုပ်တဲ့အခါ လောက်ငှရုံရှိပေမယ့် နှစ်ဖက်မိဘတွေကိုလည်း ထောက်ပံ့ရတာကြောင့် အလုပ်မနားရဲဘူးလို သူကအခြေအနေကို ရှင်းပြပါတယ်။

 

"အမေဖျားတဲ့လကဆို လင်မယားနှစ်ယာက်လုံးရတာအကုန်ကုန်တယ်၊ တယောက်ထဲ လုပ်စာက ဘယ်လိုမှ မလောက်လို့ အကြွေးတင်တဲ့လတွေတောင်ရှိတယ်"လို့ ပြောရင်း လက်မှာကပ်နေတဲ့ ဘိလပ် မြေမှုန့်တွေကို ဖယ်လိုက်ပါတယ်။

 

သူတို့လင်မယားနှစ်ယောက်ဟာ တပတ်တကြိမ်သာ နားရက်ယူပြီး၊ နားရက်နေ့ရောက်မှသာ ကြက်သား၊ ငါး စတဲ့ အသားဟင်းကို ငါးထောင်ကျပ်ဖိုး ဝယ်ချက်စားကြတယ်လို့ဆိုပါတယ်။

 

ကလေးတော့မယူရဲသေးဘူး၊ နှစ်ယောက်လုံးဝင်ငွေရှိတာတောင် ငွေကမပိုဘူးလေ၊ အလုပ်တောင် လုံးဝ မထနိုင်တဲ့နေ့မှ နားရတာ” လို့သူက ပြောပါတယ်။

 

ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး၊ ၂၀၁၇ ခုနှစ်က ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့တဲ့ အခြေအနေထက် သိသိသာသာ မြင့်မားလာတယ်လို့ ဆိုပါတယ်။

 

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လထုတ် Myanmar Economic Monitor အရ မြန်မာ့စီးပွားရေးဟာ ပြန်လည်တည်ငြိမ်လာတဲ့လက္ခဏာအချို့ရှိနေပေမယ့် လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေး ဖောင်းပွမှုနဲ့ ပြည်တွင်းပဋိပက္ခတွေရဲ့ သက်ရောက်မှုကြောင့် အိမ်ထောင်စုတွေရဲ့ ဝင်ငွေနဲ့ငွေကြေး သုံးစွဲနိုင်စွမ်းက ဆက်လက်ကျဆင်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

 

မမြင့်မြင့်တို့ မမူမူတို့နဲ့ အလုပ်ဆိုက်တဆိုက်ထဲမှာ အတူတူ လုပ်ကိုင်နေတဲ့အသက် ၄၀ အရွယ် မုဆိုးမ မညွှန့်ဟာ ကလေးသုံးယောက်ကို တကိုယ်ထဲ ပြုစုနေရတဲ့ အိမ်ထောင်ဦးစီး အမျိုးသမီး တဦးဖြစ်ပါတယ်။

သားကြီးက အိမ်ထောင်ကျပြီး သားလတ်က နယ်ဝေးမှာ အလုပ်လုပ်နေပါတယ်။ အငယ်ဆုံး ၆ နှစ် အရွယ်သားကိုတော့ ကျောင်းမထားနိုင်သေးပါဘူး။

 

ဝင်ငွေမလုံလောက်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေ့စားအလုပ် ကြမ်းသမားအဖြစ် လုပ်ကိုင်နေရပါတယ်။

 

ဒါကြောင့် မညွှန့်ဟာ အိမ်ထောင်ဦးစီး အမျိုးသမီးတယောက်အဖြစ် ပုံမှန်ဝင်ငွေရတဲ့ ဆောက်လုပ်ရေး နေ့စားအလုပ်ကြမ်းသမားတယောက် အဖြစ် လုပ်ကိုင်နေရတာပါ။

 

တယောက်ထဲလုပ်စားနေရတာပါ၊ ကလေးကိုအဆောင်မှာထားခဲ့ရတယ်၊ ယောက်ကျားမှမရှိတာ ကိုယ်လုပ်မှကိုယ်စားရမှာလေ၊ လုပ်အားခနဲ့ ကုန်စျေးနူန်းက တရက်နဲ့တရက် လောက်အောင် မနည်း ချွေစားနေရတယ်၊ ကုန်ဈေးနူန်းအကြာင်းမကြားချင်ဘူး သွေးတက်တယ်၊ အလုပ်ရှိရင်တော့ တော်သေး တာပေါ့”လို့ သူက ဝမ်းနည်းတဲ့ အမူအရာနဲ့ အသံကို ခပ်တိုးတိုးနဲ့ပြောပါတယ်။

 

မမြင့်မြင့်တို့ မညွှန့်တို့လို အလုပ်ကြမ်းသမားတွေ အလုပ်လုပ်ရတဲ့နေရာ ရန်ကုန်မြို့တွင်း နေရာတခု ဖြစ်ပါတယ်။

 

ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ စက်သံ၊ သံဖြတ်သံတွေနဲ့ ဆူညံနေပေမယ့် သူတို့အတွက်တော့ အဲဒီအသံတွေက ဝမ်းရေးဖြေရှင်းပေးတဲ့ အသံတွေ ဖြစ်နေပါတယ်။

 

ဒီလုပ်ငန်းခွင်ကို သတ်မှတ်ထားတဲ့ မနက် ၈ နာရီခွဲအချိန် ရောက်ဖို့ အလုပ် ကြမ်းသမားအများစုဟာ သူတို့နေတဲ့ လှိုင်သာယာမြို့နယ်ကနေ ၂ နာရီဝန်းကျင်ခန့် လိုင်းကားစီးပြီး လာကြရပါတယ်။

 

အအေးတဘူး တထောင်ငါးရာကျပ်၊ လက်ဖက်ရည်တခွက် အနည်းဆုံး နှစ်ထောင်ကျပ်က သူတို့အတွက် မတတ်နိုင်တဲ့ အခြေနေကြောင့် တပတ်တခါပင် မသောက်နိုင်တော့ဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အမျိုးသမီးတွေက ညည်းတွားကြပါတယ်

 

ကားနှစ်ဆင့်စီးရင် ၈၀၀ ကျပ်၊ အသွားအပြန်ကားခ ၁,၆၀၀ ကျပ် ဝန်းကျင် ကုန်ကျစရိတ်ရှိနေပါတယ်။

 

အအေးတဘူး တထောင်ငါးရာကျပ်၊ လက်ဖက်ရည်တခွက် အနည်းဆုံး နှစ်ထောင်ကျပ်က သူတို့အတွက် မတတ်နိုင်တဲ့ အခြေနေကြောင့် တပတ်တခါပင် မသောက်နိုင်တော့ဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အမျိုးသမီးတွေက ညည်းတွားကြပါတယ်။

 

ကလေးအတွက်ဦးစားပေးနေရတဲ့ အခြေအနေမို့ အပိုကုန်ကျမယ့်အအေးဖိုးကအစ ချွေတာနေရတယ်၊ အလကားရတဲ့ရေကိုပဲ အအေးအဖြစ်အဝသောက်နေရတယ်” လို့ မညွှန့်က ပြောပါတယ်။

 

လိုင်းခန်းငှားနေကြတဲ့ သူတို့လို နေ့စားအလုပ်သမားမိသားစုနေဖို့ အခန်းက တစ်သိန်းခွဲကျပ်ကနေ နှစ်သိန်ကျော်အထိ မြင့်တက်နေပါတယ်။

 

ကျောင်းနေအရွယ်ကလေးရှိသူတွေအတွက် မိသားစုဝင်ငွေနဲ့ထွက်ငွေ ညီမျှအောင် ရုန်းကန်နေ ကြရတာ ကြောင့် တရက်မှအလုပ်မနားရဲဘူးလို့ သူတို့ရဲ့ လက်ရှိအခြေနေကို ရှင်းပြကြပါတယ်။

 

အလုပ်ကနားပေမယ့် ဗိုက်ကရပ်ထားလို့မရဘူးလေ၊ တပတ်ဆယ်ရက်တခါ နားဖို့တောင် မနည်း စဉ်းစား‌နေရတာ၊ စားဝတ်နေ‌ရေးအတွက် ရုန်းရတယ် ပင်ပန်းတာကအရေးမကြီးဘူး အလုပ်ရှိနေဖို့သာ လိုတာပါ” လို့ မညွှန့်က အုတ်ခဲရွက်ဖို့ပြင်နေရင်းက လှမ်းပြောပါတယ်။

 

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အချက်အလက်အရ မြန်မာနိုင်ငံမှာ လစဉ်ဝင်ငွေ ကျပ် ၂ သိန်းကနေ ၃ သိန်း ကြားရရှိသူ အများဆုံးဖြစ်ပါတယ်။ အဲဒီထက် နေ့စားလုပ်အားခ ပိုရနိုင်တဲ့အတွက် ဆောက်လုပ်ရေး အလုပ်ကို ရွေးချယ်လာကြတာလို့ လုပ်သားတွေက ပြောပါတယ်။

 

အခြေခံစားသောက်ကုန်တမျိုးရဲ့ဈေးနှုန်း အချိန်တိုအတွင်း တက်လာတာဟာ ငွေကြေးဖောင်းပွမှု သာမက စစ်တပ်ရဲ့ အမေရိကန်ဒေါ်လာ ထိန်းချုပ်တဲ့မူဝါဒ၊ သွင်းကုန်လိုင်စင် တင်းကျပ်ထားတာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်လို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ကြပါတယ်။

 

အလုပ်သမားတွေပုံမှန် ဝင်ငွေနဲ့ အလုပ်ရှိဖို့ အုပ်ချုပ်သူတွေအနေနဲ့ စီမံကိန်း‌ တွေဖော်ဆောင်ပြီး အလုပ်ဝင်ငွေရဖို့နည်းလမ်းတွေရှာပေးရမယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက သူ့အမြင်ကို ပြောပါတယ်။

 

ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တွေနဲ့ ကန်ထရိုက်တွေကတော့ ဒီနှစ်ပိုင်းအတွင်း သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးလုပ်သားတွေ အရင်ကထက် ဝင်ရောက်လုပ်ကိုင်တာ တိုးလာ တယ်လို့ ဆိုပါတယ်။

 

အရင်ကဆို လုပ်ငန်းခွင်တွေမှာ အမျိုးသား အယောက် ၁၀၀ မှာ အမျိုးသမီး ၅ ဦး လောက်သာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ဒီထက်မက များပြားလာတယ်လို့ ဆောက်လုပ်ရေး ကန်ထရိုက်အချို့က ပြောပါတယ်။

 

ဝင်ငွေပုံမှန်ရနိုင်တဲ့ အလုပ်ကို ရွေးချယ်လာတဲ့သဘောပေါ့၊ သူတို့လုပ်နေကျအလုပ်တွေက ရှိတလှည့် မရှိတလှည့်ဆိုတော့လေ၊ ဒါက ဆင်းတဲ့ရက်တိုင်းဝင်ငွေရတဲ့အလုပ်မို့ ပိုအဆင်ပြေနိုင်မယ့် သဘောလို့ ယူဆထားကြတာ” လို့ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအုပ်ချုပ်သူတဦးက သူ့အမြင်ကို ပြောပါတယ်။

 

လူငယ်အများစု ထိုင်းနဲ့မလေးရှားနိုင်ငံကိုထွက်ပြီး အလုပ်လုပ်ကြတာများလာလို့လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေအရင်ကထက် ပိုပြီးပါဝင်လာကြတာလို့ လုပ်ငန်းရှင်အချို့က ပြောပါတယ်။

 

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ အမျိုးသမီးလုပ်သားတွေ ပိုမိုဝင်ရောက်လာသလို လုပ်ငန်းရှင်တွေ အတွက်လည်း လက်ရှိကာလမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

 

ဆောက်လုပ်ရေးပစ္စည်းတွေ ၆ လ အတွင်း ၃ ဆနီးပါး ဈေးနှုန်းမြင့်တက်လာမှု၊ လုပ်ငန်းလည် ပတ်စရိတ်များလာမှုနဲ့ ကျွမ်းကျင်လုပ်သားရှားပါးလာမှုတွေကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ ရုန်းကန်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

 

အမျိုးသား အမျိုးသမီးလုပ်သားဆိုတာထက် လုပ်ငန်းကျွမ်းကျင်ရင်ရပါပြီ၊ အုတ်သယ် ဘိလပ်မြေ သယ်တဲ့သူ အလုပ်ကြမ်းသမားတွေအရင်ကထက် လုပ်ငန်းခွင်ထဲရောက်လာပါတယ် ဒါကတော့ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို အပြတ်ပေးထားတော့ သူတို့အပိုင်းမို့ ဝင်မစွက်ဖက်ဘူး” လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

 

ဆောက်လုပ်ရေးကုန်‌ပစ္စည်း‌ဈေးနှုန်း အဆမတန် မြင့်တက်တဲ့အခြေအနေတွေကြောင့် အထပ်မြင့် တိုက်ခန်း ဆောက်လုပ်သူအချို့ လုပ်ငန်းရပ်နား ထားရတာ၊ အချို့တွေ လုပ်ငန်းပြောင်း လုပ်တာမျိုးတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

 

အချို့ဆို ဆက်မဆောက်နိုင်လို့ ရပ်ထားရတာ၊ အပ်ထားတဲ့ လုပ်ငန်းရှင်တွေဆီက ထပ်ပြီးတိုး တောင်းလို့မရတော့ ခေတ္တ ရပ်လိုက်ရတယ်၊ သတ်မှတ်ကာလအတွင်းမပြီးနိုင်လို့ စည်ပင်ကို ဒဏ် ကြေး ပေးပြီးလုပ်ငန်းရပ်ထားတာတွေ များနေတယ်” လို့ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါ တယ်။

 

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အခြေခံအကျဆုံးလုပ်သား အမျိုးသမီးတဦးကို အနည်းဆုံး ကျပ် တသောင်းငါးထောင်နဲ့ အမျိုးသားတဦးကို နှစ်သောင်းဝန်းကျင်ထိ ပေးရတယ်လို့ ရှင်းပြကြပါတယ်။

 

သူတို့ရဲ့အလုပ်ချိန်ဟာ တရက်ကို ၈ နာရီ ရှိပါတယ်။

 

နေ့လယ်ထမင်းစားနားချိန် တနာရီရပြီး နားချိန်တွေမှာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဖြစ်နေမှု၊ မိသားစု အိမ်တွင်းရေး အခြနေတွေကို အပြန်အလှန် ဖလှယ်လေ့ရှိကြပါတယ်။

 

နာမည်ရဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရပါက လုပ်ငန်းရှင်ဖက်က အပြည့်အဝတာဝန်ယူပေမယ့် လုပ်ငန်းခွင်ပြင်ပဖြစ်တဲ့အခြေအနေတွေကို သူ့တို့ကိုယ်တိုင် ဖြေရှင်းကြရ ပါတယ်။

 

စစ်မှုထမ်းအတွက် လစဉ်ကြေး နှစ်သောင်းကျပ်ကနေ ငါးသောင်းကျပ်အထိ ထည့်ဝင်နေရတာက သူတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ အလုပ်ကြမ်းလုပ်သူ အိမ်ထောင်ရှင်အမျိုးသမီးတဦးက ပြောပါ တယ်။

 

အရင်ကထက်ကုန်ကျစရိတ်ပိုလာတဲ့အချက်တခုက စစ်မှုထမ်းလစဉ်ကြေးပေးရတာလို့ သူတို့က ပြောကြပါတယ်။

 

စစ်မှုထမ်းအတွက် လစဉ်ကြေး နှစ်သောင်းကျပ်ကနေ ငါးသောင်းကျပ်အထိ ထည့်ဝင်နေရတာက သူတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ အလုပ်ကြမ်းလုပ်သူ အိမ်ထောင်ရှင်အမျိုးသမီးတဦးက ပြောပါ တယ်။

 

ရွာမှာက သန်းခေါင်စားရင်းနဲ့မို့ တလ ငါးသောင်းထည့်ဝင်ရတယ်၊ ရန်ကုန်က ဧည့်စာရင်းနဲ့နေလို့ တလ နှစ်သောင်းထည့်ရတာ၊ စားဖို့ထဲကအငတ်ခံပြီးထည့်ရတာ" လို့သူက ပြောပါတယ်။

 

နေ့စားအလုပ်သမားတွေကို ၇ ရက် တပတ်နှုန်းနဲ့ ငွေရှင်းပေးရပြီး အချို့က တပတ်တရက် အလုပ်နား ကြပါတယ်။

 

အခုချိန်က အလုပ်သမားကလည်းရှားပါး လူခေါ်ရခက်တော့ သူတို့အတွက်တနှစ်ပတ်လုံး အလုပ်ရ နိုင်အောင် အလုပ်ဆိုက်တွေ အများအပြားလက်ခံထားရတယ်၊ ကုန်ဈေးနူန်းကတက်တာ သူတို့မပြောနဲ့ ကျနော်တို့လို လုပ်ငန်းရှင်တွေတောင် လိုက်မမီလို့ မနည်းရုန်းနေရတာ၊ လုပ်ခရှင်းရမယ့်ရက်နီးရင် ရှိတာထုတ်ရောင်းပြီး ဖြေရှင်းနေရတဲ့ကာလ” လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကန်ထရိုက်တာ တဦးက ပြောပါတယ်။

 

ဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြားဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်တာတွေလုပ်နေတယ်လို့ စစ်တပ်ခန့် ပြောရေးဆိုခွင့်ရှိသူ က ပြောထားပါတယ်။

 

စစ်တပ်ရဲ့ ရည်ညွှန်းဈေးနဲ့ ရောင်းချပေးနေတယ်လို့ ပြောထားပေမယ့် ဧည့်စာရင်းမရှိတဲ့ အခြေခံ လူတန်းစားအများစုက ပြင်ပဈေးကွက်မှာ ဈေးမြင့်ပေးဝယ်နေရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။

 

ရပ်ကွက်ထဲမှာဧည့်စာရင်းနဲ့နေတဲ့လူတွေကို ခွဲတန်းမပေးဘူး၊ အဲ့လူတွေကဆီမစားပဲနေရမှာလား၊ ရန်ကုန်မှာနေသူအများစုက ဧည့်စာရင်းနဲ့နေကြတာ” လို့ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်နေသူ အိမ်ရှင်မတဦးက ပြောပါတယ်။

 

မမြင့်မြင့်တို့လို နေ့စားအလုပ်ကြမ်းသမားတွေအဖို့ ကျန်းမာရေးကိစ္စပေါ်လာပါက ဆေးရုံဆေးခန်း မသွားနိုင်ပဲ စပ်ဆေးတွေကို ကြုံသလို ဝယ်သောက်ကြရတာပါ။

 

ရပ်ကွက်အတွင်းဖွင့်ထားတဲ့ သာမန်ဆေးခန်းကို တခါသွားပြရင် အနည်းဆုံး သုံးသောင်းကျပ် ဝန်းကျင် အထိ ကုန်ကျစရိတ်ရှိနေပါတယ်။

 

အမျိုးသားအလုပ်မလုပ်နိုင်ရင်ပိုခက်ခဲတယ်၊ ရန်ကုန်မှာနေတာလွယ်တာမဟုတ်တော့ အလုပ်ပုံမှန်ရှိဖို့နဲ့ မဖျားမနာဖို့သာ ဆုတောင်းနေရတယ်” လို့ကသူပြောပါတယ်။

 

ညနေ ၅ နာရီ ထိုးပါတော့မယ်။

 

မမြင့်မြင့်တို့ အမျိုးသမီးအလုပ်ကြမ်းသမားတွေဟာ ခေါင်းပေါ်က ဦးထုပ်တွေကိုချွတ်၊ ဘိလပ်မြေ မှုန့်တွေ၊ လုပ်ငန်းခွင်ကကပ်ပါလာတဲ့ ရွှံ့ဗွက်တွေပေနေတဲ့ အရောင်လွင့်ပြီး နွမ်းစပြုနေတဲ့ အပေါ်ထပ် အင်္ကျီတွေကို ချွတ်လိုက်ပါတယ်။

 

ခြေထောက်မှာပေကပ်နေတဲ့ ဗွက်တွေကို ရေဆေးပြီး မနက်ကပါလာတဲ့ ခြေညှပ်ဖိနပ်တွေနဲ့ လှဲလှယ်လိုက်ပါတယ်။

 

ညနေအလုပ်သိမ်းချိန်မှာ သူတို့ဟာ ဘိလပ်မြေမှုန့်တွေကပ်နေတဲ့ မျက်နှာ၊ အဝတ်အစားတွေနဲ့ အိမ်ပြန်ကြရပါတယ်။

 

ဒါပေမယ့် မနက်ဖြန်အတွက် စားဝတ်နေရေးကို ဖြည့်ဆည်းဖို့ နောက်တစ်နေ့မှာလည်း ဒီလုပ်ငန်းခွင်ထဲ ပြန်လာရဦးမယ်ဆိုတာကို သူတို့ သိနေကြတယ်။

 

သူတို့ ခေါင်းပေါ်မှာ အုတ်ခဲတွေသာ မဟုတ်ဘဲ မိသားစုတစုရဲ့ မျှော်လင့်ချက်တွေကို ထမ်းထားရတာပါ။

 

Burma Associated Press

ရန်ကုန်
အမျိုးသမီးများ
မြန်မာ
ဆောက်လုပ်ရေးလုပ်ငန်း

Share With
bap-logo