bap-logo
Urban Life

“ကျည်ဆံရာ၊ သွေးညှီနံတွေနဲ့ စစ်တလင်းထဲက အညတရ သူရဲကောင်းတွေ”

eT1pviegbMPVN8jhrs3kq-image

လွန်ခဲ့သော ၃ လ က

ဇွန် ၂၄။

 

ဒီမြို့လေးထဲ ဝင်လိုက်ပြီဆိုတာနဲ့ ဒီနေရာကို မြို့ခံအားလုံးက သိနေကြပါတယ်။ ထပ်အမြင့်ရှိတဲ့တိုက်၊ တစ်မြို့လုံးမှာ တစ်ခုတည်းသော အမြင့်ဆုံး နေရာလည်း ဖြစ်ပါတယ်။

 

အရင်ကတော့ ဒီနေရာကို ဟိုတယ်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုင်ရှင်တွေကဆောက်ခဲ့တာဖြစ်ပြီး ဆေးသုတ်လို့မပြီးခင်မှာပဲ ရပ်တန့်သွားပါတော့တယ်။

 

လက်ရှိအချိန်မှာတော့ ဘေးပတ်ပတ်လည် နေရာတစ်ခုလုံးလက်နက်ကြီးထိလို့ ပျက်စီးသွားတဲ့ အဆောက် အဦတွေ၊ မီးလောင်တဲ့အပိုင်းအစတွေကြားမှာ ဒီတိုက်ကတော့ ကျည်ဆံရာအပြည့်နဲ့ ကျန်ရစ်နေခဲ့ပါတယ်။

 

တိုက်ထဲကိုစဝင်ဝင်ချင်း သံတံခါးပေါက်မှာ မရေမတွက်နိုင်အောင်များပြားတဲ့ ကျည်ဆံရာတွေ၊ သေနတ် ပစ်ခတ်ခံထားရလို့ မှန်မရှိတဲ့ပြတင်းပေါက်တွေ၊ အုတ်နံရံမှာ ဆေးရောင်နဲ့ရေးထားတဲ့ တော်လှန်ရေး စာသားတွေကို တွေ့ရပါတယ်။

 

မှန်ကွဲစတွေ အများအပြားကလည်း နေရာအနှံမှာ ပြန့်ကျဲနေပြီး လက်နက်ကြီးကျည်ခွံတွေကလည်း အချို့နေရာတွေမှာ ရှိနေပါသေးတယ်။

 

သံတံခါးဟာ ဇကာပေါက်ဖြစ်နေလို့ အထဲကိုဝင်တာနဲ့ ဖြာထွက်နေတဲ့ အလင်းပျောက်တွေ၊ အုတ်နံရံမှာ ရေးဆွဲထားတဲ့ တော်လှန်ရေးသင်္ကေတတွေ၊ ရှုပ်ပွနေတဲ့ အသုံးဆောင်ပစ္စည်းအချို့ကို မြင်ရပါတယ်။

 

အောက်ဆုံးထပ်ရဲ့ အရှေ့ဘက်အခန်းထဲမှာတော့ ဆေးပစ္စည်းအချို့၊ သွေးပေါင်ချိန်စက် အပျက်တစ်ခုနဲ့ သွေးစွန်းနေတဲ့ အဝတ်အစားအချို့ ရှိနေပါတယ်။

 

အောက်ထပ်ကနေ အပေါ်ကိုတက်တဲ့ နေရာမှာတော့ သွေးညှီနံ့တွေရနေပြီး အလုံပိတ်အခန်းမျိုး ဖြစ်နေတာကြောင့် စကားပြောလိုက်ရင် ပြန်ကြားရတဲ့ ပဲ့တင်သံက ဝင်သွားတဲ့သူတွေကို ခြောက်ခြားသလို ခံစားရစေပါတယ်။

 

ဒီနှစ် ဇန်နဝါရီလ ၂၂ ရက်ကစပြီး မတ်လကုန်အထိ ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက တစ်ဖက်၊ ပအိုဝ်းလွတ်မြောက်ရေး တပ်မတော် (PNLA)နဲ့ မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့တွေက တဖက် တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

 

ဒီ ထပ်တိုက် အဆောက်အဦက ဆီဆိုင်မြို့လယ် စျေးအနီးမှာရှိတဲ့ အထပ်မြင့်တစ်ခုပါ။

 

အပေါ်ထပ်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတစ်ခုက ထွက်လာတဲ့ အနံ့ကြောင့် သွားကြည့်ခဲ့သူတွေ ပျို့အန်ခဲ့ရတယ်၊ ကလေးတွေ အများကြီး ကျဆုံးခဲ့တဲ့နေရာ၊ သွေးညှီနံ့တွေ ခုထိအနံ့ရနေသးတဲ့နေရာ အပေါ်ထပ်ထိ ဆက်မတက်ခဲ့ရဘူး

 

 

RC တိုက်အမျိုးအစားဖြစ်တာရယ်၊ မြင့်မားတဲ့အဆောက်အဦး ဖြစ်လို့ မြို့တစ်မြို့လုံးကို အပေါ်စီးကနေ မြင်ရတဲ့ မြင်ကွင်းအနေအထားတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချနေထိုင်ခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

 

ဒီတိုက်မှာ နေထိုင်ခဲ့တဲ့ တော်လှန်ရေးတပ်သားအချို့ရဲ့ ရုပ်အလောင်း အချို့ကို တိုက်ပွဲရပ်ချိန် မတ်လကုန်ပိုင်းက မြို့ထဲပြန်ဝင်ခဲ့တဲ့ ပြည်သူအချို့ မြင်တွေ့ခဲ့ရပါတယ်။

 

"ဖျာတွေနဲ့ပတ်ထားတဲ့ ရုပ်အလောင်းတစ်ခုရယ်၊ အပေါ်ထပ်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတစ်ခုက ထွက်လာတဲ့ အနံ့ကြောင့် သွားကြည့်ခဲ့သူတွေ ပျို့အန်ခဲ့ရတယ်၊ ကလေးတွေ အများကြီး ကျဆုံးခဲ့တဲ့နေရာ၊ သွေးညှီနံ့တွေ ခုထိအနံ့ရနေသးတဲ့နေရာ အပေါ်ထပ်ထိ ဆက်မတက်ခဲ့ရဘူး" လို့ ဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးက သူမြင်တွေ့ခဲ့ရတဲ့ အခြေနေကို ပြောပြပါတယ်။

 

ဇန်နဝါရီလကုန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ချိန်တုန်းက PNLA နဲ့ မဟာမိတ်တပ်တွေ မြို့တစ်ခုလုံးကို ထိန်းချုပ် ထားနိုင်ခဲ့ပြီး ဒီ ထပ်တိုက်အဆောက်အဦးဟာ တော်လှန်ရေးတပ်သားတွေရဲ့ ဆေးကုရာနေရာ၊ စနိုက်ပါလက်ဖြောင့် တပ်သားတွေ နေခဲ့ရတဲ့ နေရာတစ်ခုဖြစ်ခဲ့တာပါ။

 

စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်က ဆီဆိုင်မြို့ကို ပြန်လည်ရရှိဖို့ လေကြောင်းနဲ့ရော သံချပ်ကာကားတွေပါ သုံးပြီး ဆီဆိုင်မြို့နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ ဆိုက်ခေါင်မြို့ကနေ လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

 

တော်လှန်ရေးတပ်သားတွေ ရှိနိုင်မယ့်နေရာတွေကို လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့လို့ ဆီဆိုင်မြို့ တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရပါတယ်။

 

မတ်လအတွင်းမှာတော့ နှစ်ဖက်တိုက်ပွဲ အရှိန်အနည်းငယ် ရပ်တန့်နေတဲ့ အနေအထားရယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ထဲမှာ အနည်းငယ်သာရှိနေတဲ့အချိန် စစ်တပ်က အင်အားအများအပြားနဲ့ ဝင်ရောက်လာခဲ့ပါတယ်။

 

ဒီ ထပ်တိုက်မှာ နောက်ဆုံးကျန်ရှိနေခဲ့တဲ့ တော်လှန်ရေးသမား စနိုက်ပါတပ်သား ဦးလောက်သာ ကင်းစောင့်သဘောနဲ့ ကျန်ခဲ့တဲ့ချိန် စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့က ဝိုင်းဝန်းတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

 

ကျန်ရှိနေသူတွေကို လက်နက်ချဖို့ စစ်တပ်က ပြောဆိုခဲ့ပေမယ့် လူငယ်တွေဟာ နောက်ဆုံးအချိန် ကျည်ကုန်တဲ့အထိ တိုက်ပွဲဝင်သွားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့နဲ့ အတူရှိခဲ့ဖူးသူ အမျိုးသမီးတစ်ဦးက အဖြစ်ပျက်ကို ပြန်ပြောပြပါတယ်။

 

တိုက်အောက်ခြေကနေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးရဲဘော်တွေက ဗုံးတွေကျဲချ သေနတ်နဲ့ပစ်ခဲ့လို့ စစ်ကောင်စီကလည်း အသေအပျောက်တွေရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

 

ကျည်ကုန်အောင်ပစ်ပြီးချိန်ထိ အဖမ်းမခံခဲ့လို့ တော်လှန်ရေးရဲဘော်နှစ်ဦး သေဆုံးပြီး၊ နှစ်ဦးက ထပ်တိုက်ပေါ်ကနေ ခုန်ချခဲ့တာတွေရှိခဲ့တယ်လို့ ဖြစ်စဉ်ကို သိသူအမျိုးသမီးက ပြောပြပါတယ်။

 

"အဲ့တိုက်ပွဲမှာ ဒဏ်ရာတွေ ရခဲ့တဲ့ PDF ကလေးနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်၊ သူတို့ကို ကယ်ထုတ်ဖို့ ကာပစ်ပေးခဲ့သူ နှစ်ဦးကတော့ ကျသွားတယ်၊ နှစ်ဦးက ရန်သူလက်ထဲပါသွားတော့ သေလားရှင်လား မသိရတော့ဘူး"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိခင်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

 

ဧပြီလ ရက်မှာတော့ ဆီဆိုင်မြို့ခံ အများအပြားဟာ နေအိမ်တွေပြန်လည်ရှင်းလင်းတာ၊ မီးလောင်ပြင်က သံတိုသံစကောက်သူတွေနဲ့ နေအိမ်အပျက်အစီးတွေ ပြန်လည်ရောင်းချသူတွေနဲ့ မြို့ဟာ ပြန်လည်အသက်ဝင်စ ပြုလာတာကို တွေ့ခဲ့ရပါတယ်။

 

"ကျွန်တော်တို့တစ်အိမ်လုံး မီးထဲ ပြာကျသွားပြီ၊ ဘာမှမကျန်တော့ဘူး၊ မီးလောင်ပြင်မှာ အလောင်းအချို့ မြုပ်ထားတာတွေလည်း တွေ့ခဲ့ရတယ်"လို့ ဆီဆိုင်မြို့ကို ပြန်လည်ရောက်ရှိခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

တိုက်ပွဲစတင်ချိန် ၂၀၂၄ ခုနှစ်ကစပြီး ဇွန်လလယ်ပိုင်းအချိန်ထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့ဝင် ၄၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး နီးပါးကို ဖမ်းဆီးရရှိခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

 

ကျွန်တော်တို့တစ်အိမ်လုံး မီးထဲ ပြာကျသွားပြီ၊ ဘာမှမကျန်တော့ဘူး၊ မီးလောင်ပြင်မှာ အလောင်းအချို့ မြုပ်ထားတာတွေလည်း တွေ့ခဲ့ရတယ်

 

 

တိုက်ပွဲအတွင်း PNLA ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို ဖော်ပြမထားပေမယ့် ဆီတိုင်တိုက်ပွဲမှာ PNLA နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောဆိုထားပါတယ်။

 

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ လေယာဉ်တွေကို အဆမတန် အသုံးပြုခဲ့တာကြောင့် ဆီဆိုင်မြို့နေသူတွေအပြင် ကရင်နီပြည်နယ်ကနေ စစ်ဘေးရှောင်လာရတဲ့ ပြည်သူ တစ်သိန်းကျော်လည်း တိမ်းရှောင်ခဲ့ရပါတယ်။

 

မတ်လကုန် ဧပြီလဆန်းကစပြီး ဆီဆိုင်ဒေသခံအများအပြား ပြန်လည်ဝင်ရောက်လာကြပါပြီ။

 

ကျည်ဆံရာအပြည့်နဲ့ ပျက်စီးနေတဲ့ အခြားအထပ်မြင့် အဆောက်အဦတွေထက် ဟိုတယ်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ဒီ ထပ်တိုက်အဆောက်အဦကိုသာ လူအများအပြား စိတ်ဝင်စားခဲ့ကြပါတယ်။

 

"ဒီနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝိညာဉ်တွေရှိတယ်၊ မေ့လို့မရတဲ့နေရာအဖြစ် သမိုင်းမှာ ကျန်နေမှာပါ"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ အကိုဖြစ်သူက ပြောပါတယ်။

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ပြည်သူ ၆၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၂၀ ကျော် အပါအဝင် နေအိမ် ၆၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါသေးတယ်။

 

ဆီဆိုင်မြို့ကို ပြန်လည်နေထိုင်သူတွေကတော့ ဒီအဆောက်အဦးဟာ မြို့ရဲ့တစ်ခုတည်းသော ကျည်ဆံရာ အပြည့် တိုက်ပွဲရဲ့ အမှတ်အသားဖြစ်ခဲ့တဲ့နေရာမို့ ဝင်ကြည့်ကြပေမယ့် တိုက်အပေါ်ထပ်ထိတော့ မတက်ရောက် နိုင်ခဲ့ပါဘူး။

 

"ဝင်ကြည့်ပြီး ပထမထပ်ရောက်တဲ့ချိန် ဘယ်လိုမှမခံနိုင်တဲ့ အနံ့တွေရတယ်၊ ကျောချမ်းလာလို့ ပြန်ပြေးဆင်းခဲ့ရတယ်"လို့ ဧပြီလအတွင်း သွားရောက်ခဲ့တဲ့ ဆီဆိုင်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

 

မိုးရွာပြီးစအချိန် မြေကြီးထဲက ထွက်လာတဲ့ အနံ့တွေကလည်း လေနဲ့အတူ လွင့်ပျံလာပါတယ်။

 

ဒီနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝိညာဉ်တွေရှိတယ်၊ မေ့လို့မရတဲ့နေရာအဖြစ် သမိုင်းမှာ ကျန်နေမှာပါ

 

 

စစ်ဒဏ် အလူးအလဲခံခဲ့ရတဲ့ ဒီအဆောက်အဦကတော့ တိုက်ပွဲသာမဖြစ်ခဲ့ရင် "အမည်"ဟိုတယ်ရယ်လို့ ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာမှာ ဖြစ်ပေမယ့် အခုချိန်မှာတော့ အဆောက်အအုံ သစ်တစ်ခုလုံးဟာ ကျည်ဆံရာဗလပွနဲ့ ရုပ်ဆိုးအကျည်းတန်နေပါတယ်။

 

အဲဒီဆောက်လက်စ အသစ်စက်စက် ဟိုတယ်တစ်လုံးလိုပါပဲ၊ အညွန့်တလူလူနဲ့ အနာဂတ်တွေ သစ်လွင်တောက်ပနေတဲ့ လူငယ်တစ်စုဟာလည်း ဒီနေရာမှာပဲ စစ်မီးကြောင့် သူတို့ရဲ့နုပျိုခြင်းတွေ နိဂုံးချုပ်ခဲ့ရပါတယ်။

 

Burma Associated Press

စစ်တပ်
ဆီဆိုင်မြို့
လူငယ်

Share With
bap-logo