Urban Life
ပြည်သူမလုံတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့
လွန်ခဲ့သော ၂ လ က
BAP၊ စက်တင်ဘာ ၂၉။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့မယ်ဆိုကတည်း ဒေါ်ညို (အမည်လွှဲ) တို့ မိသားစု မလုံခြုံတော့ပါ။ စိုးရိမ်မှုကြောင့် ညတွေပင် အိပ်မပျော်တော့ပေ။
စစ်ကောင်စီက လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းပြီး ရှေ့တန်းစစ်မျက်နှာတွေကို ပို့နေတာကြောင့် ဒေါ်ညိုဟာ သူရဲ့ အသက် ၂၀နဲ့ ၃၀ကြား သားသုံးဦးအတွက် စိုးရိမ်သောကကြီးစွာရောက်နေရတာပါ။ အခုတော့ အသက် ၅၀ အရွယ် ခင်ပွန်းသည်အတွက်ပါ ရတက်ပွေနေရပြီ ဖြစ်ပါတယ်။
“ကျွန်မ ညညဆို အိပ်မပျော်ဘူး။ ခွေးဟောင်သံကြားတိုင်း ထထကြည့်နေရတာ။ အရင်က သားတွေအတွက်ပဲ ပူရတာ။ အခု ယောင်္ကျားအတွက်ပါ ထပ်ပူနေရပြန်ပြီ” လို့ ဒေါ်ညိုက သူမရဲ့ စိုးရိမ်မှုကို ဖွင့်ဟပါတယ်။ ဒေါ်ညိုကတော့ ရန်ကုန်တိုင်းထဲ က မြို့နယ်တစ်ခုမှာ နေထိုင်သူဖြစ်ပါတယ်။
အခုလို စိတ်ပူပင် သောက ရောက်နေရတာကတော့ ဒေါ်ညိုတို့ မိသားစုတစ်ခုတည်းမဟုတ်။ နိုင်ငံတစ်ဝန်းက အရွယ်ရောက်တဲ့ သားသမီးရှိတဲ့ မိဘတွေ၊ အသက် ၆၅ နှစ်အထိ အမျိုးသားတွေရှိနေတဲ့ ဇနီးသည်တွေ၊ မိသားစုတွေ အားလုံးပူပန်နေကြရတာပါ။
ဒီကိစ္စတွေဟာ စစ်ကောင်စီ စစ်ရှုံးရာကနေ အကြောင်းခံလာတာပါ။
သမိုင်းတလျှောက် အဆိုးရွားဆုံးစစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မြို့ ၈၀နီးပါး လက်လွှတ်ဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို လက်လွှတ်လိုက်ရပြီး မကြာမီမှာပဲ ပင်စင်စားတွေကိုပါ စစ်ဘောင်ထဲဆွဲသွင်းမယ့် ပြည်သူ့ လုံခြုံရေးအဖွဲ့ကို ဖွဲ့ဖို့လုပ်လာပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ ၁၇ ရက်မှာ စစ်ကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။
ဒီအဖွဲ့ကို စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောက်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကိုလေးနဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီတို့နှစ်ဦးက ဒုတိယဥက္ကဋ္ဌ အဖြစ်ပါဝင်ပါတယ်။
ဒီအဖွဲ့ကို တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကွပ်ကဲမှုအဖွဲ့တွေဖွဲ့စည်းပြီး ရပ်ကွက်၊ ကျေးရွာအဆင့်လိုက် တိုက်ပွဲနဲ့ ကိုက်ညီတဲ့ လက်နက်တပ်ဆင်တာ၊ ပြုန်းတီးအင်အားတွေကို ပြည်လည်ဖြည့်တင်းတာ ထိရောက်တဲ့ တိုက်ပွဲ ဝင်နိုင်မယ့် နည်းဗျူဟာတွေ လေ့ကျင့်ပေးတာနဲ့ ရိပ်က္ခာအချိန်မီဖြည့်တင်းဖို့ စီစဉ်တာတွေကို ကွပ်ကဲရမယ်လို့ ဗဟိုအဖွဲ့လုပ်ငန်းတာတွေမှာ ဖော်ပြထားပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့ကနေ ဆင့်ခေါ်ခံရတဲ့ အရပ်သားတွေဟာ စစ်သင်တန်း အနည်းဆုံး ၂ လ တက်ရမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်
တပ်သားပြုန်းတီးမှုတွေကို ကျားကန်ဖို့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်တွေကို အဓမ္မ စစ်မှု့ထမ်းဖို့ စတင်ခေါ်ယူခဲ့ပြီး လေးလခန့်အကြာမှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်ထိ အမျိုးသားတွေကို ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့လို့ ခေါင်းစဉ်တပ်ပြီး လက်ကိုင်တုတ် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုအဖြစ် စစ်ကောင်စီက ဖန်တီးနေတာဖြစ်ပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့ကနေ ဆင့်ခေါ်ခံရတဲ့ အရပ်သားတွေဟာ စစ်သင်တန်း အနည်းဆုံး ၂ လ တက်ရမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခေါ်လို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်လူရွယ်တချို့ ပြည်ပနိုင်ငံထွက်ခွာတာနဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲဝင်ရောက်ပြီး စစ်မှုထမ်းဥပဒေကို ရှောင်ရှားနေကြစဉ်မှာပဲ ပင်စင်စား သက်ကြီးပိုင်းတွေအထိပါ စစ်ကောင်စီက ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်ညိုတို့လို့ ပြည်သူတွေကတော့ သားသုံးဦးအတွက် ပူပန်နေရချိန်မှာပဲ ခင်ပွန်းသည်အတွက် အပူပါ ထပ်လောင်လာပြန်ပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လိုမြို့ကြီးတွေမှာပါ စစ်မှုထမ်းဖို့နဲ့ ပြည်သူ့စစ်ထဲဝင်ဖို့ စာရင်းကောက်တာ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ သားရှင်၊ သမီးရှင် မိဘတွေနဲ့ ယောင်္ကျားသားရှိတဲ့ အိမ်တိုင်း စိုးရိမ်စိတ်တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရကြရပါတယ်။
“ဒီကာလ ငွေပိုငွေလျှံ မရှိဘူး။ စားဖို့လောက်ငှအောင် မနည်းရှာနေရတော့ သူများတွေလို နိုင်ငံခြားလည်း မလွှတ်နိုင်ဘူး။ ကလေးတွေကိုလည်း ရပ်ကွက်ထဲမှာ ဟော့ဟော့ရမ်းရမ်း မနေဖို့ မှာထားတယ်။ အုပ်ကြီး (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ကိုတော့ မျက်နှာချိုသွေးရတာပေါ့” လို့ ဒေါ်ညိုက ပြောပါတယ်။
ဒေါ်ညိုလိုပဲ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကြောင့် စိုးရိမ်နေသူထဲမှာ မကွေးတိုင်း ချောက်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးသက်မောင် (အမည်လွှဲ) လည်း ပါဝင်ပါတယ်။
စစ်မှုထမ်းဥပဒေအရ အသက်ကန့်သတ်ချက်ကြောင့် လွတ်ခဲ့ပေမယ့် ဒီတစ်ကြိမ် ပြည်သူ့လုံခြုံရေးအဖွဲ့ကိုတော့ ရှောင်လွှဲမရတဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
“ပြည်တွင်းမှာ စစ်မတိုက်ချင်တဲ့ပြည်သူကို အတင်းအဓမ္မ စစ်တိုက်ခိုင်းနေတာ။ အသက် အာမခံချက်လည်း မရှိဘူး။ ကိုယ့်ဘဝ ရှင်သန်ရေး၊ လုံခြုံရေးအတွက် ပြည်ပနိုင်ငံပဲ အားကိုးစရာရှိတော့တယ်။ ပြည်ပနိုင်ငံသွားဖို့ ပြင်ဆင်နေတယ်” လို့ သူက ဆက်လက်ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက ပြည်ပထွက်ခွာသူတွေကို ကန့်သတ်ပိတ်ပင်တာတွေလုပ်နေလို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို အောက်လမ်း (တရားမဝင်) ကနေ သွားရောက်ဖို့ စီစဉ်နေတယ်လို့ ဦးသက်မောင်က ရှင်းပြပါတယ်။
ထိုင်းနိုင်ငံကို အောက်လမ်းက သွားရင် ကျပ်ငွေ သိန်း ၅၀ နီးပါးကုန်ကျနိုင်တာကြောင့် ငွေကြေးစုဆောင်းနေဆဲ ဖြစ်ပြီး ပြည်ပမထွက်ဖြစ်ရင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုခုကို သွားရောက်ခိုလှုံဖို့ စဉ်းစားထားတယ်လို့ သူက ဆက်လက် ပြောပြပါတယ်။
ဦးသက်မောင်တို့နေထိုင်တဲ့ ချောက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း လူငယ် ၂၀၀ ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
အသက်အရွယ်အရ ပြည်ပနိုင်ငံကို မသွားနိုင်သလို တော်လှန်ရေးအင်အားစုတွေဆီလည်း မသွားနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ အဲ့ဒီအထဲမှာ ရန်ကုန်က အငှားယာဉ်မောင်း အသက် ၆၄နှစ်အရွယ် ဦးဝင်းဖေ (အမည်လွှဲ) လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
“နိုင်ငံခြားသွားဖို့ကျတော့ အခုအသက်က ၆၀ ကျော်ပြီလေ။ နိုင်ငံခြားသွားတော့လည်း ဘာသွားလုပ်စားမလဲ။ မြန်မာပြည်မှာပဲ နေမယ်။ သူတို့ (စစ်ကောင်စီ) လက်ခုပ်ထဲကရေ ဘဝပဲ။ သွန်ချင်သွန်မှောက်ချင်မှောက်ပေါ့” ဟု သူက ပြောပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့ ဂယက်က ပြည်တွင်းမှာ နေထိုင်သူတွေအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကိုပါ စိုးရိမ်သောကတွေ ပေးနိုင်ပါတယ်။
ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော် (နာမည်လွှဲ) တစ်ယောက် မြန်မာနိုင်ငံကို မကြာခဏ ပြန်လာလေ့ရှိပေမယ့် ဒီတစ်ကြိမ်တော့ မွေးရပ်မြေကို ပြန်လာဖြစ်တော့မှာ မဟုတ်ဘူး လို့ သူက ဆိုပါတယ်။
“အခုဆိုရင် ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး (အသက်) ၃၅-၆၅ နှစ်အထိ ခေါ်တာတွေရှိလာပြီ။ ဒီကောင်တွေက (စစ်ကောင်စီ) စရိုက်ဆန်ဆန် လုပ်မှာပဲ။ အုပ်ချုပ်ရေးမှူးအဆင့်လောက်ရှိတဲ့ကောင်ကလည်း ဆရာကြီးဖြစ်ပြီး အိမ်ပေါ် အထိဆွဲခေါ်မှာ။ အခုလည်းပေါ်တာဆွဲနေတာပဲလေ” လို့ သူကပြောပါတယ်။
ပြည်သူတွေ ပူပန်နေချိန်မှာပဲ စစ်ကောင်စီကတော့ သူတို့ရဲ့အစီအစဉ်ကို လက်ပူတိုက်ပြီး စတင်အကောာင်အထည်ဖော်နေပါပြီ။
ဩဂုတ်လ ၂၅ ရက်က စတင်ပြီး ဧရာဝတီတိုင်းမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသ လုံခြုံရေးအတွက် စစ်မှုထမ်းသင်တန်းတက်ရမယ်ဆိုပြီး အသက်၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်အထိ အမျိုးသား တွေကို တစ်ရွာ နှစ်ယောက်နှုန်းနဲ့ စာရင်းကောက်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆီကနေ သိရှိရပါတယ်
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ ဧရာဝတီတိုင်းတွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အမျိုးသားများကို စစ်သင်တန်းတက်ရန် စာရင်းကောက် ယူခဲ့ပါတယ်။
ဩဂုတ်လ ၂၅ ရက်က စတင်ပြီး ဧရာဝတီတိုင်းမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသ လုံခြုံရေးအတွက် စစ်မှုထမ်းသင်တန်းတက်ရမယ်ဆိုပြီး အသက်၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်အထိ အမျိုးသား တွေကို တစ်ရွာ နှစ်ယောက်နှုန်းနဲ့ စာရင်းကောက်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆီကနေ သိရှိရပါတယ်။
ဧရာဝတီတိုင်းမှာ ရေကြည်၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဗိုလ်ကလေး၊ ပုသိမ်၊ ငါးသိုင်းချောင်း၊ မြန်အောင်၊ သာပေါင်း စတဲ့မြို့တွေမှာ အဓိကထား စာရင်းကောက် နေတာဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်ဖို့ ဆက်တိုက်ဆိုသလို ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးနေပါတယ်။ ဒီလိုဖိအားပေးတာကြောင့် အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ဖြစ်စဉ်လည်းရှိလာပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ ကန်ကြီးထောင်မြို့နယ် အောက်တံခွန်တိုင်ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး အောင်နိုင် ဆိုသူကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်ဖို့ စာရင်းသွင်းခံရတဲ့ တစ်ရွာတည်းနေသူက ဓားနဲ့ ဝင်ခုတ်တဲ့အတွက် သေဆုံးခဲ့တာပါ။
ပြည်သူ့လုံခြုံရေးအဖွဲ့ သင်တန်းအပတ်စဉ် (၁) ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) နဲ့ စစ်ကိုင်းတိုင်းမှာ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ DVB သတင်းမှာ ဖော်ပြထားပါတယ်။
ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်းစစ်ဌာ (တသခ) ၊မိုင်းယောင်းတပ်နယ် ခမ၇(၃၁၁) မှာသင်တန်းပေးခဲ့ တာဖြစ်ပြီး ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝ ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်မှာ ဦးဝါသဝ သင်တန်းကျောင်းမှာပဲ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီသင်တန်းက ၁၄ ရက်ကြာမြင့်ပြီး မြို့နယ်အတွက် သင်တန်းပေးတာဖြစ်လို့ သင်တန်းဆင်းတွေက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ထပ်ဆင့်သင်တန်းပေးရမှာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောစကားကို ကိုးကားပြီး DVB သတင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။
အရပ်သားပြည်သူတွေကို လက်နက်တပ်ဆင်ပြီး စစ်တပ်ရဲ့အရံတပ်ဖွဲ့ဝင်သဖွယ် အသုံးချဖို့ကြိုးပန်းတာတွေက ၁၉၅၅ ခုနှစ်အောက်တိုဘာလမှာ ဝန်ကြီးချုပ်ဦးနု ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ အမျိုးသားကာကွယ်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းခဲ့တာရှိပါတယ်။ သောင်းကျန်းသူတွေကို နှိမ်နင်းရေးဆိုတဲ့ စစ်ဆင်ရေး တွေမှာ ကူညီဖို့ ပျူစောထီး (အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့) အရံတပ်တွေကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းလက်ထက် မြန်မာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တွေကို နှိမ်နင်းဖို့ ပြည်သူ့ စစ်မဟာဗျူဟာကို ကျင့်သုံးပြီး မြို့၊ ရွာတိုင်းမှာ ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါသေးတယ်။
လက်ရှိစစ်ကောင်စီလက်ထက်၂၀၂၁ ခုနှစ်မှာ အမျိုးသား ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေပါဝင်တဲ့ ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပြည်သူ့စစ်လိုအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးခဲ့သလို ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတာဖြစ်ပါတယ်။
ထပ်မံပြီး အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့လို့ ခေါင်းစဉ်ပေးကာ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအဖြစ် စစ်ကောင်စီက ထပ်မံဖန်တီးနေတာဖြစ်ပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီအချက်ကို BBC သတင်းဌာနသို့ ဖြေကြားရာမှာ ဝန်ခံထားတာတွေ့ရပါတယ်။
“မြို့ပေါ်တွေကို အဓိကထားပေမယ့်လို့ တချို့ကျေးရွာတွေမှာလည်း ဖွဲ့ချင်နေတာတွေရှိပါတယ်။ ရပ်ကွက်၊ ကျေးရွာတွေမှာ PDF အကြမ်းဖက်သောင်းကျန်းသူတွေ စိမ့်ဝင်တာရှိတယ်။ ဖောက်ခွဲဖျက်ဆီးတာတွေ အပြစ်မဲ့ ပြည်သူလူထုကို သတ်ဖြတ်တာတွေ ဖမ်းဆီးတာတွေ ရာဇဝတ်မှု ကျူးလွန်တာတွေရှိပါတယ်။ ဒါတွေကို ကိုင်တွယ်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီလုံခြုံရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီဟာ ပြည်သူတရက်လုံးကို လူသားဒိုင်းအဖြစ် အသုံးချနေပြီးဖြစ်လို့ နည်းလမ်းပေါင်းစုံနဲ့ ခုခံဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း သူတို့စိုးမိုးနယ်မြေတွေမှာ လာရောက်ခိုလှုံနိုင်လို့ ကမ်းလှမ်း တာတွေရှိလည်း ရှိလာပါတယ်။
“ကျွန်တော်တို့ကတော့ အသက် ၁၈ နှစ်နဲ့အထက်ပေါ့လေ။ လုပ်နိုင်ကိုင်နိုင် တော်လှန်ရေးတာဝန်ကို ထမ်းဆောင် နိုင်တဲ့ သူတို့ရဲ့အားသာချက်တွေအထိ လက်ခံပေးပါတယ်ဗျ။ တကယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ကို မထမ်း ဆောင်နိုင်ဘဲ ရိုးရိုးလာရောက် ခိုလှုံတာမျိုးတွေလည်းရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ လက်ခံပါတယ်” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ပြောပါတယ်။
စစ်ကောင်စီ အာဏာဆက်လက်တည်မြဲဖို့ ပြည်တွင်းမှာရှိတဲ့ ကြီး၊ ငယ်၊ လတ် အရွယ်စုံ အမျိုးသားတွေနဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေကိုပါ လူသားဒိုင်းအဖြစ် အသုံးချတွေက ပိုမိုးဆိုးရွားလာနေပါတယ်။
ဒီလိုအခြေအနေမှာ ဦးသက်မောင်လို ပြည်ပသို့မဟုတ် လွတ်မြောက်နယ်မြေမှာ ခိုလှုံဖို့ စိတ်ပိုင်းဖြတ်ထား နိုင်သူတွေရှိသလို ဒေါ်ညိုတို့လို ကမ်းမမြင် လမ်းမမြင်ဖြစ်နေသူတွေလည်းရှိနေပါတယ်။ နောက်တစ်ခါ ဦးဝင်းဖေကို ရွေးစရာလမ်းမရှိသူတွေလည်း တစ်ပုံတစ်ပင်။
ထိုင်းမှာနေထိုင်ပြီး မြန်မာနိုင်ငံကို မကြာခဏ ပြန်လာလေ့ရှိပေမယ့် လုံခြုံရေးအဖွဲ့ဂယက်ကြောင့် ပြန်လာဖို့ မဖြစ်နိုင်တော့တဲ့ ကိုကျော်ကျော်ကတော့ အခုလို ပြောဆိုပါတယ်။
“တစ်နိုင်ငံလုံးမှ ပြည်ပ မထွက်နိုင်တာ။ နောက်ဆုံးဗျာ ရွေးစရာက နှစ်ခုပဲရှိတယ်။ ဒီကောင်တွေ (စစ်ကောင်စီ)ရဲ့ အသုံးချခံဖြစ်မလား။ PDF (ပြည်သူ့ကာကွယ်ရေးတပ်) ထဲဝင်မလား”
Burma Associated Press