bap-logo
Urban Life

“ဆီလား . . . တန်းစီပါ”

vrorWoHfsZ9RnLYojm7JS-image

လွန်ခဲ့သော တစ်လ က

BAP၊ သြဂုတ် ၂၀။

 

"လမ်းသူလမ်းသားများ ဆီတုံကင်ကတ်လာယူလို့ရပါပြီ" ဆိုတဲ့ လမ်းထဲက ထွက်ပေါ်လာတဲ့ အသံအကျယ်ကြီး ကြောင့် အမျိုးသား၊ အမျိုးသမီးအရွယ်စုံဟာ စာအုပ်တွေ၊ ရေသန့်ဘူးခွံအလွတ်တွေကို စီကိုင်ရင်း နေထိုင်ရာ နေရာတွေထဲက အမြန်ထွက်လာကြပါတယ်။

 

လမ်းထိပ်က လူမူကူညီရေးအသင်းရုံးရှိရာနေရာကို ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ လှမ်းနေကြတာပါ။

 

သူတို့ယူလာတဲ့စာအုပ်ဟာ ဧည့်စာရင်းတိုင်ထားတဲ့ ယာယီသန်းခေါင်စာရင်း စာအုပ်ပါ။ ဒီစာအုပ်နဲ့ စားအုန်းဆီ ၅၀ ကျပ်သား ဝယ်ယူလို့ရတဲ့ ဆီတုံကင်ကတ်ပေးရာနေရာကို ထုတ်ဖို့ သွားနေကြတာပါ။

 

"အခု စားအုန်းဆီ ၅၀ သားရဖို့ ဧည့်စာရင်းတိုင်ထားတဲ့စာအုပ် မဟုတ်ရင် သန်းခေါင်စာရင်းပြမှ ဝယ်လို့ရတာ၊ ကတ်ရဖို့တစ်ခါ ဆီရဖို့ကတစ်ခါ တန်းစီနေရတယ်၊ အခြေခံလူတန်းစားတွေရဲ့ဘဝက ဘာမှမတတ်နိုင်ပါဘူး" လို့ ရန်ကုန်မြို့က ဆီတန်းစီ ဝယ်ယူသူတစ်ဦးက ပြောပါတယ်။

 

 

ဆီတုံကင်ပေးတဲ့နေရာမှာ လူ ၅၀ ကျော်လောက်ရှိနေပါတယ်။

 

ဧည့်စာရင်းစာအုပ်ပြကာ တစ်ပတ်ကို ဆီတုံကင်ကတ်တစ်ခု၊ တုံကင်မှာပါတဲ့ နာမည်အတိုင်း ဆီအရောင်း ဆိုင်တွေမှာ တပိဿာ ၆,၅၀၀ ကျပ် သတ်မှတ်ရောင်းချထားတဲ့ စျေးနဲ့ ဝယ်ယူခွင့်ရဖို့ တန်းစီနေကြရတာပါ။

 

"ကတ်ရပြီဆိုရင် ရောင်းမယ့်ဆိုင်မှာထုတ်ဖို့ အလျင်မီပြေးရသေးတယ်၊ ဒါလေးရဖို့ လမ်းအလိုက် သတ်မှတ် ထားတဲ့နေ့မှ ဝယ်ရတာ၊ စားအုန်းဆီတောင် အပြင်ဝယ်မစားနိုင်တဲ့ အခြေနေမို့ စီနေရတာ" လို့ သာကေတမြို့နယ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် အခြေခံလူတန်းစားတွေ အသုံးပြုနေရတဲ့ စားအုန်းဆီ တစ်ပိဿာကို ၁၇,၀၀၀ ကျပ်အထိ မြင့်တက်နေတာပါ။

 

ဒီလိုမြင့်တက်နေတဲ့ အခြေနေတွေကြောင့် သတ်မှတ်နူန်းနဲ့ ရောင်းချတဲ့နေရာတွေမှာ ဝယ်ယူခွင့်ရဖို့ ပြည်သူတွေ ဟာ တုံကင်ပေးမယ့်ရက်ကို စောင့်ဆိုင်းနေကြရပါတယ်။

 

မစုစုတစ်ယောက် သူ့အသက် ၄၀ ကျော်အရွယ်ထိ ခုလို ဆီတန်းစီပြီးဝယ်ရမယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။

 

သူရော အမျိုးသားပါ အလုပ်အကိုင် ပုံမှန်ဝင်ငွေအသင့်အတင့်ရှိသူမို့ ဆီဆိုရင် ပဲဆီအလတ်စား ဝယ်စားနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

 

ပဲဆီတစ်ပိဿာကို နှစ်သောင်းခွဲကျပ်နီးပါးထိ စျေးမြင့်တက်လာတာတွေကြောင့် ကုန်ကျစားရိတ် သက်သာဖို့ စားအုန်းဆီကတ်ယူကာ ဝယ်ဖို့ဆုံးဖြတ်လိုက်ရတာလို့ မစုစုက ပြောပါတယ်။

 

"တစ်ပတ်ကို ဆီ ၅၀ သား ကုန်တယ်၊ ပဲဆီဆို တစ်သောင်းလောက် ကုန်ကျနေတော့ စားအုန်းဆီ ပြောင်းသုံးဖို့ ဆုံးဖြတ်လိုက်ရတာ၊ စားအုန်းဆီကလည်း တစ်သောင်းခွဲ ဆိုတော့ ဧည့်စာရင်းစာအုပ်နဲ့ ဆီတုံကင်က ၅၀ သားရတော့ အဲလိုပဲတန်းစီဖို့ဖြစ်လာတယ်၊ အစက ရှက်ပေမယ့် ပဲဆီစားဖို့မဖြစ်နိုင်တော့တဲ့ အခြေနေမို့ပါ" လို့ သူက ပြောပါတယ်။

 

ဒီလပိုင်းတွေမှာ ကုန်စျေးနူန်းမြင့်တက်လာတာတွေကြောင့် ရတဲ့ဝင်ငွေနဲ့ ကုန်ကျစရိတ် သက်သာဖို့ စားအုန်းဆီကတ်ယူပြီး တန်းစီဝယ်ဖို့ လူလတ်တန်းစားမိသားစုတွေပင် စိတ်ဝင်စားလာကြတယ်လို့ ဆိုကြပါတယ်။

 

ရန်ကုန်မြို့က မြို့နယ်တွေမှာ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ် အရောင်းဆိုင်တွေမှာ ဆီငါးဆယ်ကျပ်သားဝယ်ယူဖို့ ဧည့်စာရင်း တိုင်ကြားထားတဲ့ စာအုပ်နဲ့ တုံကင် ယူနေရတာဖြစ်ပါတယ်။

 

အရင်ကတော့ စာအုပ်မပြဘဲ တန်းစီဝယ်ယူလို့ရခဲ့ပါတယ်။

 

ရာနဲ့ချီတဲ့ လူအုပ်စုဟာ စားအုန်းဆီ အရောင်းဆိုင်တွေမှာ တန်းစီပြီး အလုအယက်ဝယ်နေကြလို့ တုံကင်ပေးပြီး ဝယ်ရတဲ့စနစ်ပြောင်းလိုက်တာလို့ အရောင်းဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

 

"ရပ်ကွက်က လမ်းအလိုက် တုံကင်ပေးထားတော့ ကြိုက်တဲ့ချိန် ဝယ်လို့ရတယ်၊ အရင်လိုလူတန်းရှည်ကြီး မမြင်ရတော့ဘူး၊ အသင်းက သတ်မှတ်စျေးနဲ့ တစ်လကို နှစ်ကြိမ်ရောင်းပေးပါတယ်" လို့ စားသုံးဆီ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

စစ်တပ်အာဏာမသိမ်းခင်အချိန် စားအုန်းဆီ တစ်ပိဿာကို ၂,၂၀၀ ကျပ်သာ ရှိခဲ့တာပါ။

 

ရန်ကုန်တိုင်းအတွင်း စားအုန်းဆီ တစ်ပိဿာကျပ် ၇,၂၀၀ ကျော်နဲ့ အိမ်ထောင်စုတစ်စုကို တစ်လတစ်ကြိမ် နှစ်ပိသာနဲ့ အိမ်တိုင်ရာရောက် ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဇူလိုင်လ ၃၁ ရက်က အသိပေး ကြေညာထားပါတယ်။

 

"ဝယ်ယူဖို့ အထောက်အထားအနေနဲ့ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာပဲ လိုပါတယ်။ အိမ်လိပ်စာတစ်ခုကို တစ်လ တစ်ကြိမ်ပို့ခကတော့ မြို့နယ်အပေါ်မူတည်ပြီး ကွာခြားသွားမှာ ဖြစ်တယ်" လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဝင် တစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မြို့က မြို့နယ်အချို့မှာတော့ ဆီတန်းစီဝယ်ဖို့ ကတ်တွေကို တံဆိပ်တုံး ထုပေးတာမျိုးလုပ်ပြီး ရပ်ကွက်ရုံးနဲ့ နီးစပ်သူအချို့ကတော့ ဝယ်ယူခွင့်ကတ် ငါးကတ်ထိ ရတာမျိုးရှိနေတယ်လို့ ပြည်သူအချို့က ဝေဖန်ကြပါတယ်။

 

"သူတို့မိသားစုတွေကျတော့ ကတ် သုံးခုလောက် ရတယ်၊ ရပ်ကွက်ထဲက ဆင်းရဲသားတွေကျတော့ တစ်ကတ် ရဖို့တောင် မနည်းယူရတယ်၊ တန်းစီနေရင်းနဲ့ တုံကင်ကတ်ကုန်ပြီဆို ဘာမှပြောလို့မရဘဲ လှည့်ပြန်ရတာ၊ တကယ့်မလွယ်ကူတဲ့ ဘဝတွေ"လို့ ရန်ကုန်မြို့ လှိုင်သာယာမြို့နေသူတစ်ဦးက ပြောပါတယ်။

 

Burma Associated Press

 

ရန်ကုန်

Share With
bap-logo