bap-logo
Urban Life

ပြည်သူတွေအခက် အုပ်ချုပ်ရေးမှူးတွေ အကွက်

6C6mqdi13f6_htt4YCJoo-image

လွန်ခဲ့သော ၂ လ က

ဩဂုတ် ၁။

 

အလုပ်လျှောက်ဖို့ ထောက်ခံစာလုပ်ချင်လို့ပါရှင့်"

 

အမျိုးသမီးတစ်ဦးက ရပ်ကွက်ရုံးတစ်ခုထဲက လူကြီးဖြစ်ဟန်တူတဲ့ အမျိုးသားတစ်ဦးကို မေးလိုက်တာပါ။

 

"ရတယ်၊ ခဏထိုင်စောင့်ပါ" အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြန်ပြောပါတယ်။

 

"မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူပေး" လို့ လှမ်းတောင်းပြီး စားပွဲတစ်ခုမှာထိုင်နေတဲ့ စာရေးမ တစ်ဦးကို စာရွက် လှမ်းပေးလိုက်ပါတယ်။

 

စာရေးမဆိုသူ လူလတ်ပိုင်းအရွယ် အမျိုးသမီးက စာရွက်ပိုင်းတစ်ခုမှာ အချက်အလက် ဖြည့် လိုက်ပါတယ်။ ပြီးတာနဲ့ အုပ်ချုပ်ရေးမှူးဖြစ်ဟန်တူသူက လက်မှတ်ထိုးကာ စာရွက်ကို စာရေးမက ပြန်ယူလာပါတယ်။

 

အုပ်ချုပ်ရေးမှူးလက်မှတ်ထိုးပြီးတာနဲ့ ခုနကထောက်ခံစာယူမယ့် အမျိုးသမီးနာမည်ကိုခေါ်ပြီး ,၀၀၀ ကျပ် ကျပါတယ်လို့ အသံ ခပ်ခပ်အေးအေးနဲ့ တောင်းပါတယ်။

 

စစ်အာဏာသိမ်းပြီး လုံခြုံရေးတင်းကြပ်မှုတွေလုပ်လာပြီးနောက် ရန်ကုန်မြို့က အုပ်ချုပ်ရေးမှူးတွေဟာ နေ့စဥ်ရုံးတွေဖွင့်ကာ ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံမှုတွေကို ပေါ်ပေါ်တင်တင် လုပ်လာကြ တာပါ။

 

အာဏာသိမ်းပြီးစ လအတော်ကြာတဲ့ထိ မဖွင့်ရဲဘဲ ပိတ်ခဲ့ရတဲ့ ရန်ကုန်မြို့က အုပ်ချုပ်ရေးမှူးရုံးတွေဟာ ယခုဆိုရင် ပြန်လည်ဖွင့်ပြီး အသက်ဝင်လှုပ်ရှားလာပါတယ်။

 

ဒီလို ပြန်ဖွင့်နေတာ ရုံးကိုလာရောက်သူတွေဆီကနေ အကြောင်း အမျိုးမျိုးပြပြီး ငွေတောင်းဖို့အတွက်လို့ နေထိုင်သူတွေကပြောပါတယ်။

 

ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်ထဲက မြို့နယ်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ငွေတောင်း ကြမ်းနေကြတာပါ။

 

ဧည့်စာရင်း တစ်လတစ်ခါ သို့မဟုတ် နှစ်ပတ်တစ်ကြိမ် တိုင်သူတွေကို ငွေ ,၀၀၀ ကနေ ,၀၀၀ ကျပ်၊ အလုပ်လျှောက်ဖို့၊ နယ်ပြောင်းဖို့ စတာတွေလုပ်ပါက ၁၀,၀၀၀ ကျပ်အထိ ပေးနေရတာပါ။

 

ဒါ့အပြင် အရစ်ကျနဲ့ ဖုန်းဝယ်ယူဖို့၊ ကျောင်းအပ်ဖို့၊ ခရီးသွားဖို့၊ အိမ်ပြောင်းဖို့၊ မှတ်ပုံတင်လုပ်ဖို့၊ မွေးစာရင်းလုပ်ဖို့ စတဲ့ကိစ္စတွေကအစ ရပ်ကွက်မှာ ထောက်ခံစာယူနေရတဲ့ကာလမှာ အုပ်ချုပ်ရေးမှူးတွေ အတွက်တော့ ငွေညှစ်ဖို့အခွင့်အရေး ပိုရလာပါတယ်။

 

ဟိုဘက်ရပ်ကွက်ကနေ ဒီဘက်ရပ်ကွက်ပြောင်းလို့ ဧည့်စာရင်း စာအုပ်လုပ်တာ ရပ်ကွက်ကို အလှူငွေ ၁၀,၀၀၀ ကျပ် ထည့်ရမယ်တဲ့

 

 

အိမ်ဂရမ်လုပ်ဖို့၊ အိမ်ရှင်အိမ်ငှား အိမ်အရောင်းအဝယ် လုပ်တာမျိုးတွေဆို သိန်းဂဏန်းထိ ပေးနေရတယ်လို့ သိရပါတယ်။

 

"ဟိုဘက်ရပ်ကွက်ကနေ ဒီဘက်ရပ်ကွက်ပြောင်းလို့ ဧည့်စာရင်းစာအုပ်လုပ်တာ ရပ်ကွက်ကို အလှူငွေ ၁၀,၀၀၀ ကျပ် ထည့်ရမယ်တဲ့၊ ပေါ်တင်တောင်းတာ" လို့ တာမွေမြို့နယ်၊ ရပ်ကွက်တစ်ခုမှာ နေသူတစ်ဦးက ပြောပါတယ်။

 

ရပ်ကွက်ရုံးတွေမှာ စာရေးမတွေ ခန့်ထားတာ၊ လမ်းအပိုင်းလိုက် ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ ခန့်ပြီး သန်းခေါင်စာရင်းမရှိသူတွေကို ဧည့်စာရင်းစာအုပ်နဲ့ အချို့နေရာမှာ စာရွက်တွေလုပ်ခိုင်းပြီး ဧည့်စာရင်းတိုင်တိုင်း ငွေကြေးပေးနေရတာပါ။

 

အချို့ရပ်ကွက်ရုံးတွေက ဖလားတစ်ခုချထားပြီး စေတနာရှိသလောက် ထည့်လို့ပြောသလို အများစု ကတော့ ငွေကြေးဘယ်လောက်ဆိုပြီး ပုံသေသတ်မှတ်ထားပါတယ်။

 

ဒါ့အပြင် ရပ်ကွက်ထဲမှာ တနေကုန်နီးပါးရှိနိုင်တဲ့ ဆိုက်ကားနင်းသူ၊ ဘေးတွဲဆိုင်ကယ်ကယ်ရီ ဆွဲသူတွေကို ဆယ်အိမ်မှူးတွေခန့်ထားတာ များကြတယ်လို့ သာကေတမြို့နေထိုင်သူတွေက ပြောကြပါတယ်။

 

အိမ်မှာဧည့်စာရင်းတိုင်ဖို့ လူထပ်ဖြည့်ပါက ဆယ်အိမ်မှူးဆိုသူလက်မှတ်ပါမှ ရုံးမှာ ဧည့်စာရင်းတိုင်ဖို့ ခွင့်ပြုထားတယ်လို့ သာကေတမြို့နယ်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

"ရခိုင်က အမျိုးတွေ စစ်လာရှောင်ကြတယ်၊ ဧည့်စာရင်းတိုင်ဖို့ လမ်းမှူးလက်မှတ်လိုတယ်ဆိုလို့ လက်မှတ်ထိုးခိုင်းတာ၊ လမ်းမှူးကို ,၀၀၀ မုန့်ဖိုးပေးရတယ်၊ ရုံးရောက်တော့လည်း အလှူငွေဆိုပြီး ထပ်တောင်းလို့ ပေးရသေးတယ်၊ သူတို့ပဲ စီးပွားဖြစ်နေကြတာ"လို့ သာကေတမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

 

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် ကာလအတွင်း အုပ်ချုပ်ရေးမှူး ၇၃၂ ဦး အသက်ဆုံးရှုံးခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောထားတာရှိပါတယ်။

 

ဒါကြောင့် အချို့သော မြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရပ်ကွက်ရုံးမှာမနေရဲ၊ ပေါ်ပေါ် တင်တင်မလုပ်ရဲတဲ့ကာလမှာ ရန်ကုန်မြို့စည်ပင်နယ်နမိတ်ထဲက ရပ်ကွက်ရုံးတွေမှာ ပေါ်ပေါ်တင်တင် ငွေကြေး တောင်းခံလာနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ဧည့်စာရင်းတိုင်တိုင်း အလှူငွေဆိုပြီး အိမ်တွေထက် ပိုထည့်ရတယ်၊ ပေါ်ပေါ်တင်တင်ကို တောင်းတာ ဘယ်ထောက်ခံစာယူရင် ဘယ်လောက်ဆိုတာ သူတို့က သတ်မှတ်ပြီးသား

 

 

"ဧည့်စာရင်းတိုင်တိုင်း အလှူငွေဆိုပြီး အိမ်တွေထက် ပိုထည့်ရတယ်၊ ပေါ်ပေါ်တင်တင်ကို တောင်းတာ ဘယ်ထောက်ခံစာယူရင် ဘယ်လောက်ဆိုတာ သူတို့က သတ်မှတ်ပြီးသား" လို့ ကမာရွတ်မြို့နယ် နေသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဖက်က စစ်ရှောင်လာသူတွေ ဧည့်စာရင်းတိုင်ပါက တင်းကြပ်နေပြီး ရပ်ကွက်ရုံးမှာ အလှူငွေသဘောနဲ့ ငွေကြေးထည့်ဝင်နေရတာလည်း ရှိနေတယ်လို့ ရန်ကုန်မြို့ ပြည်သူအချို့က ပြောပါတယ်။

 

ရပ်ကွက်တိုင်းမှာ လမ်းမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးစတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရှိနေပြီး ရပ်ကွက်ရုံး ကိုတော့ နေ့လယ် နာရီကနေ နာရီဝန်းကျင်အထိသာ ဖွင့်ထားပါတယ်။

 

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဟာ လစာမရှိတာကြောင့် ဧည့်စာရင်းတိုင်တာ၊ ထောက်ခံစာ လုပ်တာ တွေကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေတဆင့် လုပ်ပေးရပြီး ရလာတဲ့ငွေကြေးကို ရပ်ကွက်ကို ပြန်မပေး ရဘူးလို့ ပြောကြပါတယ်။

 

"မလုပ်ချင်လည်း လုပ်ပေးရတယ်၊ ရပ်ကွက်ထဲနေနေတာကြာတော့ လုပ်ပေးဆိုရင် ငြင်းလို့မှမရတာ၊ ကျွန်တော်ကတော့ ကိုယ့်လမ်းထဲကလူတွေ ဧည့်စာရင်းတိုင်တာ၊ အလုပ်ဘာညာ ထောက်ခံစာယူပေးရင် သူတို့ဆီ မတောင်းပါဘူး၊ သူတို့စေတနာရှိသလောက် ပေးတာယူထားလိုက်တာပဲ " လို့ ရာအိမ်မှူး တစ်ဦးက ပြောပါတယ်။

 

လူဦးရေ သန်းကျော် နေထိုင်တဲ့ ရန်ကုန်မြို့မှာ သန်းခေါင်စာရင်းနဲ့ နေသူတွေထက် အခြားပြည်နယ်နဲ့ တိုင်းတွေက ပြောင်းရွှေ့လာသူတွေက အဆမတန် များပြားနေတာပါ။

 

ရန်ကုန်မှာ အိမ်ပိုင်ဝယ်ထားသူ၊ တိုက်ခန်းဝယ်ထားသူတွေလည်း ရန်ကုန်သန်းခေါင်စာရင်းမရှိပါက ဧည့်စာရင်းတိုင်ပြီး ယာယီသန်းခေါင်စာရင်းနဲ့ နေကြရတာပါ။

 

ဧည့်စာရင်းတိုင်တိုင်း ငွေပေးနေရတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ နေ့စဥ် ဝင်ငွေ ရနေကြတယ်လို့ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းက ရပ်ကွက်တစ်ခုမှာ နေသူတစ်ဦးက ပြောပါတယ်။

 

" ညနေ နာရီဝန်းကျင် သွားကြည့်၊ လူတွေတန်းစီနေတာ၊ ထောက်ခံစာယူသူရော အခြား အကြောင်း အရာနဲ့ လာသူတွေဆီကရတဲ့ငွေက တစ်ရက် သိန်းလောက်က အသာလေးပဲ သူတို့ ဝင်ငွေ ကောင်းနေကြတယ် " လို့ ပြောပါတယ်။

 

လက်ရှိကာလ ဘယ်အလုပ် လျှောက်လျှောက်၊ ကျောင်းတက်ဖို့ဖြစ်ဖြစ် ရပ်ကွက်ထောက်ခံစာ မပါမဖြစ် ပါနေတာက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအတွက် အလွယ်တကူငွေရတဲ့ အလုပ်တစ်ခု ဖြစ်နေတာပါ။

 

ဒါကြောင့် ရပ်ကွက်ရုံးတွေ ပြန်လည်ဖွင့်လာကြတာလို့ ပြည်သူအချို့က ပြောပါတယ်။

 

Burma Associated Press

ရန်ကုန်
အာဏာသိမ်း
မြို့ပြ

Share With
bap-logo