bap-logo
Politics

တရုတ်ကာကွယ်ရေးဝန်ကြီး ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ ထောက်ခံသည့်အနေဖြင့် သွားရောက်မည်

jAn1iTtO769mNS5-DLP8Z-image

လွန်ခဲ့သော တစ်နှစ် က

ယူကရိန်းကို ကျူးကျော်သည့်အတွက် အနောက်နိုင်ငံများက ဝိုင်းပယ်ထားသော်လည်း ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က အားပေးထောက်ခံသည့်အနေဖြင့် သွားရောက်မည်ဖြစ်သည်။

 

၎င်းသည် ခြောက်ရက်တာ ခရီးစဉ်အတွက် တနင်္လာနေ့က စတင်ထွက်ခွာသွားပြီး မော်စကိုတွင် ကျင်းပမည့် နိုင်ငံတကာ လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ရုရှားနှင့် အခြားနိုင်ငံများမှ ကာကွယ်ရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ လူမှုမီဒီယာတွင် ဖော်ပြထားသည်ကို ပြောခွင့်ရပုဂ္ဂိုလ် Col. Wu Qian က ကိုးကားဖော်ပြသည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက "ပုံစံအသစ် နိုင်ငံစုံအသင်းများ ခိုင်မာအားကောင်းအောင်ပြုလုပ်ခြင်းအပါအဝင် အနောက်နိုင်ငံယန္တရားများပြင်ပမှ ကမ္ဘာ့အဓိကနိုင်ငံများ ဖွံ့ဖြိုးမှုနည်းလမ်းများရှာဖွေခြင်း"ဟူသည့် အကြောင်းအရာကို ညီလာခံတွင်ပြောကြားမည်ဖြစ်သည်ဟု ရုရှားသတင်းအေဂျင်စီ TASS က ဖော်ပြထားသည်။

 

၎င်းဖော်ပြချက်တွင် နိုင်ငံပေါင်း ၁၀၀ ခန့်မှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈ ခုကို ဖိတ်ကြားထားသည်ဟု ဆိုသည်။

 

"နိုင်ငံစုံကမ္ဘာ့အစီအစဉ်တည်ထောင်မှုတွင် မတူညီသည့် လုံခြုံရေးရှုထောင့်များ၊ ယူရို-အတ္တလန်တိတ်ရေပေါ်ဆီများက ကမ္ဘာကိုလွှမ်းမိုးရေးအတွက် ရန်လိုသည့် တောင်းဆိုမှုများအကြား အပြုသဘောဆောင်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပြန်လည်ရယူရန် နည်းလမ်းများကို ဆွေးနွေးသွားမည်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကား၍ ဖော်ပြထားသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin ကို ခရီးစဉ်အကြောင်း မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကိုသာ ပြန်လည် ရည်ညွှန်းခဲ့သည်။ သို့သော် တရုတ်နှင့် ရုရှားခေါင်းဆောင်များသည် "အရေးကိစ္စမျိုးစုံအတွက် မဟာဗျူဟာဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်” ဟု ဖြည့်စွက်ဖြေကြားသည်။

 

နှစ်ဘက်လုံးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပူးတွဲစိုးရိမ်စရာအရေးတွေအပါအဝင် ကျယ်ပြန့်တဲ့အကြောင်းအရာတွေအပေါ် အဆင့်မြင့်အရာရှိတွေရဲ့ အမြင်တွေဖလှယ်မှုတွေ စနစ်တကျ လုပ်ဆောင်နေပါတယ်။”

 

နှစ်နိုင်ငံလုံးဟာ ခေတ်သစ်မှာ ကျယ်ပြန့်တဲ့ တရုတ်-ရုရှား မဟာဗျူဟာ ပူးပေါင်းမိတ်ဖက်မှုကို ဆက်လက်အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ဟု သူက ပြောသည်။ ၎င်းပြောဆိုမှုမှာ ယမန်နှစ်က ရုရှား၏ ဖေဖော်ဝါရီကျူးကျော်မှုမတိုင်ခင် "အကန့်အသတ်မဲ့ ရင်းနှီးချစ်ကြည်မှု"ဟု ကြေညာခဲ့သည့် ရုရှားသမ္မတ Vladimir Putin နှင့် တရုတ်သမ္မတ Xi Jinping တို့၏ ပူးတွဲကြေငြာချက်အပေါ် ထင်ရှားသော ရည်ညွှန်းခြင်းပင်ဖြစ်သည်။

 

တရုတ်သမ္မတ Xi  မတ်လအတွင်းက မော်စကိုခရီးစဉ်သည် ယူကရိန်းကို တိုက်ခိုက်သည့်အတွက် မော်စကိုကို ဝိုင်းပယ်ရန် အနောက်နိုင်ငံတို့၏ အားထုတ်မှုသည် အရာမရောက်ကြောင်း အချက်ပေးခြင်းပင်ဖြစ်သည်။

 

Li ၏ ညီလာခံတက်ရောက်မှုသည် အနောက်နိုင်ငံများဦးဆောင်သော လစ်ဘရယ်-ဒီမိုကရေစီ ကမ္ဘာ့အစီအစဉ်ကို ချေဖျက်ရန် တရုတ်နှင့် ရုရှားတို့၏ နိုင်ငံခြားရေးမူဝါဒများ တည့်မတ်ချိန်ညှိရေး အလေးပေးရန်ဖြစ်သည်။

 

ဆက်လက်၍ ယမန်နှစ်ကျူးကျော်မှုတွင် နိုင်ငံနယ်နိမိတ်အချို့ အသုံးပြုခဲ့သော ရုရှားနိုင်ငံ၏ နီးကပ်သော မဟာမိတ် ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

 

တရုတ်က ပဋိပက္ခတွင် ကြားနေသည်ဟု ဆိုသော်လည်း ရုရှားကို သွေးထိုးလှုံ့ဆော်ကြောင်း၊ မော်စကိုနှင့် ခိုင်မာသော စီးပွားရေး၊ သံတမန်ရေးနှင့် ကုန်သွယ်ရေး ချည်နှောင်မှုများ ဆက်လက်ထားရှိကြောင်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက စွပ်စွဲပြောဆိုထားသည်။

 

နိုင်ငံတကာဖိုရမ်များ၌ ယူကရိန်းကိုကျူးကျော်မှုအရေး အမေရိကန်နိုင်ငံက ပစ်တင်ရှုတ်ချမှုများတွင် တရုတ်က ရုရှားကို ထောက်ခံအားပေးခဲ့သော်လည်း စစ်ပွဲတွင် မည်သူ့ကိုမျှ လက်နက် မထောက်ပံ့ခဲ့ဟု ဆိုထားသည်။

 

ကိုးကား - AP

ပုံစာ ဧပြီလ ၁၆ ရက် ၂၀၂၃ ခုနှစ် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Li Shangfu နှင့် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu တို့ အစည်းအဝေးတစ်ခုတွင် တွေ့ဆုံစကားပြောနေစဉ်။ (Photo: Pavel Bednyakov, Sputnik, Kremlin Pool Photo via AP, File )

 

Burma Associated Press

တရုတ်
ရုရှား
ဘီဘာရုစ်

Share With
bap-logo