bap-logo
Politics

Niger အာဏာသိမ်းမှုအရေး ဆွေးနွေးမည့် အစည်းအဝေးကို အနောက်အာဖရိကနိုင်ငံများ အဖွဲ့အစည်း ဖျက်သိမ်း

emtw6Nd5saJOBnFJrrugN-image

လွန်ခဲ့သော တစ်နှစ် က

အနောက်အာဖရိကနိုင်ငံများက Niger နိုင်ငံအာဏာသိမ်းမှုအတွက် အရေးပေါ်အစည်းအဝေးကျင်းပရန် အစီ အစဉ်ကို အထိန်းသိမ်းခံထားရသည့် သမ္မတMohammed Bazoum ၏ ကျန်းမာရေးစိုးရိမ်ရမှုများ မြင့်တက်လာသည့်အတွက် ရက်အကန့်အသတ်မရှိ ဖျက်သိမ်းလိုက်သည်။

 

အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Economic Cooperation of West African Nations (ECOWAS) ၏ အဖွဲ့ဝင်များက အခြေခံဥပဒေအစီအစဉ် ပြန်လည်တည်မြဲစေရန်အတွက် ၎င်းတို့၏ တပ်ဖွဲ့များ အသင့်ပြင်နေရာချထားရန် အတည်ပြုပြီးနောက် Ghana နိုင်ငံမြို့တော် Accra တွင် စနေနေ့၌ Niger အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေး တွေ့ဆုံရန် စီစဉ်သတ်မှတ်ထားခြင်းဖြစ်သည်။

 

သို့သော် "ပညာရပ်ဆိုင်ရာ အကြောင်းပြချက်များ” အရ အစည်းအဝေးကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်သည်။ အစည်းအဝေးတွင် အဖွဲ့အစည်း၏ခေါင်းဆောင်များထံ စစ်တပ်ဖွဲ့တစ်ခု နေရာချထား သက်ဝင်စေရန်အတွက် "အကောင်းဆုံး ရွေးချယ်စရာများ” တင်ပြသတင်းပေးရန် ကနဦးသတ်မှတ်ချက် ချထားသည်ဟု သတင်းအရင်းအမြစ်များက ပြောကြားသည်။

 

“ECOWAS ရဲ့ စစ်ရေးရွေးချယ်မှုကနေ အလေးအနက် ရည်ရွယ်ချက်တာဟာ Niger နိုင်ငံနဲ့ ပြည်သူတွေကို တိုက်ခိုက်မယ့် စစ်ပွဲမဟုတ်ကြောင်း၊ ဓားစာခံဖမ်းဆီးသူတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေအတွက် ရဲလုပ်ငန်းစစ်ဆင်ရေးသာ ဖြစ်ကြောင်း Niger နိုင်ငံခြားရေးဝန်ကြီး Hassoumi Massaoudou က ပြောသည်။

 

ECOWAS သည် ကုန်းတွင်းပိတ် Niger နိုင်ငံကို ဘဏ္ဍာရေးလွှဲပြောင်းမှုများနှင့် လျှပ်စစ်ဓာတ်အားပေးသွင်းမှု ဖြတ်တောက်ခြင်းနှင့် နယ်စပ်ပိတ်ဆို့ခြင်းစသည့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအတွက် အလိုအပ်ဆုံး တင်သွင်းမှုများကို ပိတ်ဆို့ခြင်းဖြင့် ဒေသတွင်း၌ သုံးနှစ်တာကာလအတွင်း ခြောက်ကြိမ်မြောက် စစ်တပ်အာဏာသိမ်းမှုကို တားဆီးရန် ဆုံးဖြတ်ထားသည်။

 

ပြီးခဲ့သည့်အပတ်က ထိပ်သီးအစည်းအဝေးတွင် ECOWAS သည် စစ်ရေးကြားဝင်ဆောင်ရွက်နိုင်ကြောင်း၊ ဩဂုတ်လ ၆ ရက်နေ့နောက်ဆုံးထား၍ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန်နှင့် Bazoum ကို လွှတ်ပေးရန် သတိပေးခဲ့သည်။ သို့ရာတွင် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်ခဲ့သော်လည်း စစ်ရေး အရေးယူမှုများ ဆောင်ရွက်ခြင်း မရှိခဲ့ပေ။

 

အာဏာသိမ်းခေါင်းဆောင်က ကတ်ဘိနက်အဖွဲ့ဝင် ၂၁ ဦးကို အမည်တင်သွင်းခဲ့ပြီး သောကြာနေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

 

လူမဆန်မှုနှင့် အရှက်ရစေမှု

 

ယင်းအခြေအနေတွင် ဖြုတ်ချခံရသည့် သမ္မတ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာခဲ့သည်။ Bazoum နှင့် သူ၏ မိသားစုတို့ကို ဩဂုတ်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စကားပြောခဲ့ရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့Human Rights Watch(HRW) ၏ အာဖရိကဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Carine Kaneza Nantulya က ပြောကြားသည်။

 

ဒီနေ့ ဆရာဝန်နဲ့ တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျွန်မတို့ သိရပါတယ်။ ဒါပေမယ့် အခြေအနေက စိုးရိမ်စရာကောင်းဆဲပါပဲ။” ဟု Al Jazeera ကို Nantulya က ပြောသည်။ ဖမ်းဆီးခံသူများသည် ဩဂုတ်လ ၂ ရက်နေ့ကတည်းက လျှပ်စစ်မရရှိကြောင်းနှင့် ပြင်ပကမ္ဘာနှင့် ဩဂုတ်လ ၄ ရက်နေ့ကတည်းက အဆက်အသွယ်မရရှိကြောင်းလည်း ၎င်းက ပြောသည်။

 

မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက လျှပ်စစ်မရှိတဲ့အတွက် အစာခြောက်များသာ စားသုံးနေရတယ်လို့လည်း ပြောပါတယ်။” ဟု ဖြည့်စွက်ပြောကြားသည်။

 

စိုးရိမ်စရာအကောင်းဆုံး အခြေအနေမှာ သမ္မတ၏ သားဖြစ်သူသည် ကျန်းမာရေးပြဿနာရှိနေပြီး ဆရာဝန်ပြသရန် လိုအပ်နေသည်ဟု Nantulya က ပြောသည်။

 

ကျွန်တော့်သားက နေမကောင်းပါဘူး။ ပြင်းထန်အရေးကြီးတဲ့ နှလုံးရောဂါလည်း ရှိပါတယ်။ ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။ သူတို့က ဆေးကုသဖို့ သူ့ကို ခွင့်မပြုကြဘူး။” ဟု Bazoum က HRW ကို ပြောသည်။

 

ဥရောပသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့က အခြားသူတို့နှင့် ပူးပေါင်းကာ Bazoum အတွက် သတိပေးချက်များ သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

 

ကုလသမဂ္ဂ အခွင့်အရေးဆိုင်ရာအကြီးအကဲVolker Turk က Bazoum ကို ထိန်းသိမ်းထားမှုအခြေအနေသည် "နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်ပြီး လူမဆန်ဘဲ အရှက်ရစေသည့် ဆက်ဆံမှုဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က Bazoum သို့မဟုတ် ၎င်း၏ မိသားစုတွင်"တစုံတရာဖြစ်ပွားခဲ့ပါက အာဏာသိမ်းရန် ကြံစည်စီစဉ်သူများသည် ပြင်းထန်သော အကျိုးဆက်များ ရင်ဆိုင်ရမည်ဖြစ်ကြောင်း” သတိပေးခဲ့သည်။

 

အမေရိကန်သံတမန် Antony Blinken က Bazoum ၏ မိသားစုကို “စိတ်ဆန္ဒကောင်း ပြသသည့်အနေဖြင့်” လွှတ်ပေးရန် စစ်တပ်က ငြင်းဆန်မှုအပေါ်"တုန်လှုပ်ခြောက်ချားမိကြောင်း” ပြောကြားခဲ့သည်။

 

Bazoum နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက "သူ အဆင်ပြေပါတယ်။ ဒါပေမယ့် အခြေအနေက အလွန်ခက်ခဲပါတယ်။” ဟု ပြောသည်။ အာဏာသိမ်းခေါင်းဆောင်က စစ်ရေးကြားဝင်ဆောင်ရွက်ပါက ၎င်းကို တိုက်ခိုက်ရန် ခြိမ်းခြောက်ထားသည်။

 

ECOWAS အလိုမရှိ

 

အနောက်အာဖရိကအဖွဲ့ကို ဆန့်ကျင်သူများက မြို့တော် Niamey ၏ မြို့စွန်တွင်ရှိသော ပြင်သင်စစ်အခြေစိုက်စခန်းအနီးတွင် စုဝေးကာ "ပြင်သစ် အလိုမရှိ၊ ECOWAS အလိုမရှိ” ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။

 

ဆန္ဒပြသူအများအပြားက ရုရှားနှင့် Niger အလံများ ဝှေ့ယမ်းကာ ၎င်းတို့နိုင်ငံ၏ အာဏာရှင်အသစ် ဗိုလ်ချုပ် Abdourahamane Tchiani ကိုထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြသည်။

 

ပြင်သစ်သည် ၎င်း၏ ကိုလိုနီပိုင်နက်ဖြစ်ခဲ့ပြီး ခိုင်မာသည့် နီးစပ်မှုရှိခဲ့သော Niger နိုင်ငံတွင် ပြင်သစ်စစ်သား ၁၀၀၀ မှ ၁၅၀၀ အကြားကို ရှစ်နှစ်ကြာ သူပုန်ထမှုများအတွက် တိုက်ခိုက်ရန် တပ်ဖွဲ့များအဖြစ် ချထားသည်။

 

သို့သော် အာဏာသိမ်းခေါင်းဆောင်က စစ်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ငါးခုကို ရုပ်သိမ်းခဲ့ပြီး ပြင်သစ်နိုင်ငံတကာသတင်းဌာနများဖြစ်သော France 24 နှင့် RFI တို့ကို ထုတ်လွှတ်ခွင့် ရပ်ဆိုင်းခဲ့သည်။

 

ကျွန်တော်တို့ ပြင်သစ်တွေ ထွက်သွားအောင် လုပ်မယ်။ ECOWAS က လွတ်လပ်တဲ့ အဖွဲ့မဟုတ်ဘူး။ သူတို့ကို ပြင်သစ်က ခြယ်လှယ်နေတယ်။ ဟု ဆန္ဒပြသူ Aziz Rabeh Ali က ပြောသည်။

 

ကိုးကား - Al Jazeera

ပုံစာ မြို့တော် Niamey ရှိ ပြင်သစ်စစ်အခြေစိုက်စခန်းရှေ့တွင် Niger စစ်အစိုးရကို ထောက်ခံသူများ ဆန္ဒပြနေကြစဉ်။ (File: Mahamadou Hamidou/Reuters )

 

Burma Associated Press

အာဏာသိမ်းမှု
Niger

Share With
bap-logo