bap-logo
International

အနောက်ဘက်ကမ်းရှိ အစ္စရေးစစ်တပ် ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၁ ဦးသေဆုံး

f_ndImI7nSM4aAyp7jYBB-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၃

 

ဗုဒ္ဓဟူးနေ့က အစ္စရေးတို့သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသ နာ့ဘလပ်စ်မြို့ကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်းလူမျိုး ၁၁ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရရရှိခဲ့သည်။

 

အစ္စရေးတပ်ဖွဲ့များက နာ့ဘလပ်စ်မြို့တွင်း သံချပ်ကာကား ဒါဇင်ချီ၊ အထူးတပ်ဖွဲ့များနှင့် ဝင်ရောက်လာပြီး မကြာမီ နှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

ပါလက်စတိုင်း တိုက်ခိုက်ရေးသမားနှစ်ဦးဖြစ်သည့် ဟော့စမ်အိုင်လီနှင့် မိုဟာမက် အဗ္ဗဒူဂါနီတို့ ခိုလှုံနေသည့် အိမ်တစ်အိမ်ကို အစ္စရေးစစ်တပ်ဘက်က ဝိုင်း၍ ၎င်းတို့နှစ်ဦးအား မသတ်ဖြတ်မီ မြို့အဝင်အထွက် လမ်းများအားလုံးကို ပိတ်ချခဲ့သည်။

 

ခြင်္သေ့ဂူ (Lions’ Den) လက်နက်ကိုင်အဖွဲ့ ဝင်ရောက်စီးနင်းမှုအတွင်း မကြာသေးမီက ဖွဲ့စည်းထားသည့် ဘလာတာတပ်ပေါင်းစုနှင့်အတူ အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားပြီး အဓိကရုဏ်းအတွင်း ပါလက်စတိုင်းလူငယ်များကလည်း အစ္စရေးသံချပ်ကာ ကားများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

 

နာ့ဘလပ်စ်မြို့ ဝင်ရောက်စီးနင်းမှုအတွင်း အစ္စရေးစစ်သားများက ရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

 

"အစ္စရေးတပ်ဖွဲ့ဝင်တွေက အနီးအနားက လူတွေ၊ အိမ်တွေ၊ လမ်းသွားလာလာတွေကိုပါ ပစ်ခတ်နေတယ် ဆိုတာမျိုးလည်း ကြားနေရတယ်။ အစ္စရေးဘက်က အခုလိုလုပ်နေတာဟာ သူတို့လုပ်ရပ်အတွက် တာဝန်ခံစရာ မလိုတာရယ် ပါလက်စတိုင်းတွေဆိုရင် စိတ်လွတ်ကိုယ်လွတ် သတ်ဖြတ်ခွင့်ပေးထားတာကြောင့်လို့ ပါလက်စ် တိုင်းတွေက ပြောနေကြတယ်" ဟု နာ့ဘလပ်စ်မြို့တွင် သတင်းယူနေသူ အယ်လ်ဂျာဇီးရားသတင်းထောက် နီဒါအီဘရာဟင် (Nida Ibrahim) က ပြောသည်။

 

အနောက်ဘက်ကမ်းဒေသရှိ နာ့ဘလပ်စ်နှင့် ဂျနီးမြို့များသည် ပါလက်စ်တိုင်းတော်လှန်ရေး ပိုမို အားကောင်းလာ ပြီး အစ္စရေးတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ်အတွင်းအဆိုပါမြို့များကို ယခင်ထက်ပို အကြမ်းဖက်ဝင်ရောက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

 

အစ္စရေး၏ ဝင်‌ရောက်စီးနင်းမှုကို တုံ့ပြန်သည့်အနေဖြင့် ရမ်မယ်လာနှင့် နာ့ဘလပ်စ်မြို့နေ ပါလက်စတိုင်း ပြည်သူများ လမ်းပေါ်ထွက်၍ အထွေထွေသပိတ်ဆင်နွှဲပြီး အစ္စရေးစစ်တပ် စစ်ဆေးရေးဂိတ်များတွင် ဆန္ဒ ထုတ်ဖော်ကြရန် ပါလက်စတိုင်းနိုင်ငံရေးပါတီများက ဗုဒ္ဓဟူးနေ့တွင် ဆော်ဩခဲ့သည်။

 

၂၀၂၃ ခုနှစ်အတွင်း ကျူးကျော်နယ်မြေများရှိ အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေး ၁၃ ဦး အပါအဝင် ပါလက်စတိုင်းလူမျိုး ၆၁ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

 

Source – Al Jazeera/Reuters

ပုံစာ။ နာ့ဘလပ်စ်မြို့ရှိ အစ္စရေးတပ်ဖွဲ့နှင့် ပါလက်စတိုင်းလူမျိုးများကြား အဓိကရုဏ်းမြင်ကွင်းတစ်ခု။

 

Burma Associated Press

ပါလက်စတိုင်း
အစ္စရေး
အဓိကရုဏ်း

Share With
bap-logo