Politics
ထိုင်ဝမ်နိုင်ငံအတွက် ဒေါ်လာ ၃၄၅ သန်း တန်ဖိုးရှိ စစ်ရေးအထောက်အကူ အမေရိကန်ပေးမည်
လွန်ခဲ့သော တစ်နှစ် က
တရုတ်ကို တန်ပြန်ရာ၌ ထိုင်ဝမ်ကို အကူအညီပေးရန် ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်ရေးအထောက်အကူပြုမှုများကို အမေရိကန်နိုင်ငံ၏ သိုလှောင်သိမ်းဆည်းမှုများမှ ဘိုင်ဒန်၏ စီမံအုပ်ချုပ်မှုက ပထမဆုံးအသုတ်အဖြစ် ထုတ်ယူ၍ ပေးအပ် သွားမည်ဟု ကြေညာလိုက်သည်။
ထိုင်ဝမ်နိုင်ငံသားတို့အတွက် အထောက်အကူများတွင် ကာကွယ်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေးတို့ ပါဝင်မည်ဟု အိမ်ဖြူ တော်က သောကြာနေ့တွင် ပြောကြားသည်။ လူဖြင့် သယ်ယူနိုင်သည့် လေကြောင်းကာကွယ်ရေးစနစ်များ Man-portable air-defense systems (MANPADS or MPADS)၊ ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးစွမ်းဆောင်မှုများ၊ သေနတ်များ၊ ဒုံးကျည်များကို ဝါရှင်တန်က ပေးပို့သွားမည်ဟု အရေးကြီးအကြောင်းအရာများဖြစ်သည့်အတွက် အမည်မဖော်လိုပဲ ပြောကြားသည့် အမေရိကန် အရာရှိ နှစ်ဦး၏ အဆိုအရ သိရသည်။
အမေရိကန် လွှတ်တော်အမတ်များက ပင်တဂွန်နှင့် အိမ်ဖြူတော်တို့ကို ထိုင်ဝမ်သို့ လက်နက်များ အလျင်အမြန်ပို့ရန် ဖိအားပေးလျက်ရှိသည်။ တရုတ်က အလွယ်တကူ မကျူးကျော်နိုင်စေရန် ထိုင်ပေအတွက် လုံလောက်သော လက်နက်များ ထောက်ပံ့ခြင်းဖြင့် တရုတ်ကို တန်ပြန်ရန်နှင့် တရုတ်၏ တိုက်ခိုက်လိုမှုများကို ဟန့်တားရန် ရည်ရွယ်သည်။
တရုတ်သံတမန်များက ၎င်းလှုပ်ရှားမှုများကို ကန့်ကွက်ကြသော်လည်း အမေရိကန်နိုင်ငံမှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးက လက်နက်နှင့် အခြားပစ္စည်းများ ပေးအပ်ရန် ဆုံးဖြတ်မှုသည် “ထိုင်ဝမ်၏ မိမိကိုယ်ကို ကာကွယ်ရန် အထောက်အကူ ပြုသော အရေးကြီးကိရိယာများ” ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထုတ်ပြန်ချက်တွင် “ထိုင်ဝမ်ရေလက်ကြား တစ်လျှောက် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် လက်ရှိအခြေအနေကို ထိန်းသိမ်းထားမှု”တို့ ဆက်လက်တည်မြဲရန် အမေရိကန်ပြည်ထောက်စုနှင့် အတူတကွ လုပ်ဆောင်သွားရန် ကတိပြုထားသည်။
ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကလည်း “ထိုင်ဝမ်လုံခြုံရေးအတွက် အမေရိကန်၏ ခိုင်မာသည့် လုပ်ဆောင် ချက်” ကို ကျေးဇူးတင်သည့် ကြေညာချက်တွင် ၎င်းတို့၏ အသိအမှတ်ပြု ဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။
ထိုင်ဝမ်အတွက် ဒေါ်လာ ၁၉ ဘီလီယံနီးပါး တန်ဖိုးရှိ F-16 များနှင့် အခြား အဓိက လက်နက်စနစ်များပါဝင်သော စစ်ဘက် ဆိုင်ရာ ရောင်းချမှုကို အမေရိကန်က ခွင့်ပြုခဲ့ပြီး ယခု အထောက်အကူပြုမှုအစီအစဉ်သည် ထပ်တိုး ထောက်ပံ့ခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကျရောက်နေစဉ်အတွင်း ကုန်ပစ္စည်းပေးသွင်းမှုလုပ်ငန်းစဉ်များ နှောင့်နှေးခြင်းနှင့် ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးပစ္စည်းလုပ်ငန်းများအခြေခံသည့် ဖိအားများ ပိုမို ဆိုးရွားလာမှုတို့ကြောင့် ၎င်းလက်နက်များ ပေးပို့ရန် နှောင့်နှေးနေခဲ့သည်။
စစ်လက်နက်ရောင်းချမှုနှင့် ယခုအထောက်အကူပြုမှု၏ ကွာခြားချက်မှာ ယခုအထောက်အကူပြုအစီအစဉ်သည် အမေရိကန် စစ်တပ်၏ သိုလှောင်သိမ်းဆည်းထားမှုများမှ လက်နက်များ ထုတ်ယူရန် ယမန်နှစ်က လွှတ်တော်ခွင့်ပြုချက် ရရှိခဲ့သော သမ္မတ၏ လုပ်ပိုင်ခွင့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်အတွက် ထိုင်ဝမ်သည် စစ်ရေးထုတ်လုပ်မှုများနှင့် ရောင်းချမှုများကို စောင့်ဆိုင်းနေရန် မလိုအပ်ပေ။
ပင်တဂွန်သည်လည်း ယူကရိန်းအတွက် ဒေါ်လာဘီလီယံချီသည့် ကျည်များ ရရှိရန် ယခုအစီအစဉ်နှင့် ဆင်တူသော အခွင့် အာဏာကို အသုံးပြုခဲ့သည်။
ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း တရုတ်မှ ခွဲထွက်ခဲ့သည်။ တရုတ်သမ္မတ Xi Jinping က ကိုယ်ပိုင် အုပ်ချုပ်မှုအောက်မှ ထိုင်ဝမ်ကျွန်းကို ရယူရန်၊ လိုအပ်လျှင် အင်အားသုံးရန် တရုတ်၏ ရပိုင်ခွင့်ဟု ဆုပ်ကိုင်ထားသည်။ တရုတ်က အမေရိကန်သည် ဒေါ်လာဘီလီယံချီသည့် လက်နက်များ ရောင်းချမည်ဟု ကတိပြုခြင်းဖြင့် ထိုင်ဝမ်ကို “ယမ်းပုံ” အဖြစ်ပြောင်းလဲနေသည်ဟု စွပ်စွဲထားသည်။
အမေရိကန်သည် ထိုင်ဝမ်ကို လွတ်လပ်သည့် နိုင်ငံအဖြစ် အသိအမှတ် မပြုသည့် “တရုတ်နိုင်ငံ တစ်ခုတည်း” မူဝါဒကို ထိန်းသိမ်းထားပြီး ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်သွယ်ရေးလည်း မထားရှိပါ။ သို့ရာတွင် အမေရိကန်ဥပဒေအရ ထိုင်ဝမ်အတွက် လုံလောက်သော ကာကွယ်မှုလိုအပ်ပြီး ထိုင်ဝမ်အတွက် ခြိမ်းခြောက်မှုအားလုံးသည် “အထူး စိုးရိမ်ဖွယ်” အဖြစ် သတ်မှတ်သည်။
ထိုင်ဝမ်ကို တိုက်ခိုက်ခြင်း မခံရမီ လက်နက်များ ပေးပို့ရေးသည် ယူကရိန်းကို ရုရှားတို့ကျူးကျော်မှုမှ ရရှိခဲ့သည့် သင်ခန်းစာဖြစ်သည်ဟု ပင်တဂွန် ကာကွယ်ရေး ဒုဝန်ကြီး Kathleen Hicks က Associated Press ကို ယခုနှစ် အစောပိုင်းက ပြောကြားထားသည်။
ယူကရိန်းသည် “အထနှေးသည့် ချဉ်းကပ်မှုဘက်သို့ ပိုမိုခဲ့ပြီး ထိုင်ဝမ်ကို စီစဉ်ပြင်ဆင်ထားသည့် ချဉ်းကပ်မှုဖြင့် လုပ်ဆောင်နေကြောင်း၊ ၎င်းသင်ခန်းစာများကို အသုံးချသွားမည်ဖြစ်ကြောင်း” Hicks က ပြောကြားခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွားပြီးမှ လက်နက်များတင်ပို့ရန်လျှင် ထိုင်ဝမ်သည် ကျွန်းနိုင်ငံတစ်ခုဖြစ်သည့်အတွက် ခက်ခဲရှုပ်ထွေးမှာဖြစ်ကြောင်း သူမက ပြောကြားသည်။
ထိုင်ဝမ်လူဦးရေ ၂၃ သန်းနှင့် စစ်ရေးစွမ်းဆောင်မှုများကို ခြိမ်းခြောက်ရန်အတွက် တရုတ်သည် ထိုင်ဝမ်ရေလက်ကြားမှ နှစ်ဘက် ကြားခံနယ်မြေဖြစ်သည့် အလယ်လမ်းကြောင်းတစ်လျှောက်သာမက ထိုင်ဝမ်လေကြာင်း ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ စစ်သင်္ဘောများနှင့် လေယာဉ်များ စေလွှတ်ခြင်း ပုံမှန် ပြုလုပ်နေသည်။
ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောခွင့်ရ Liu Pengyu က ထုတ်ပြန်ချက်တစ်စောင်တွင် ဘေဂျင်းသည် အမေရိကန်၏ ထိုင်ဝမ်နှင့် စစ်ရေးပူးပေါင်းမှုကို “အခိုင်အမာ ဆန့်ကျင်ကြောင်း”၊ အမေရိကန်သည် “ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုများ ရပ်တန်သင့်ကြောင်း” နှင့် “ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ ဖြစ်ပွားစေမည့် အကြောင်းရင်းများ ဖန်တီးခြင်းမှ ရပ်တန့်သင့်ကြောင်း” Liu ဖော်ပြခဲ့သည်။
ပုံစာ - ဂျူလိုင်လ ၂၇ ရက် ၂၀၂၃ ခုနှစ်တွင် စစ်ရေးလေ့ကျင့်နေသည့် ထိုင်ဝမ်စစ်တပ်။ (AP Photo/Chiang Ying-ying, File)
ကိုးကား - AP