bap-logo
Politics

အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရဟု မိုဒီက ကြေညာခဲ့သော်လည်း ညွန့်ပေါင်းမဟာမိတ်များဖြင့်သာ အစိုးရဖွဲ့ရမည်

d6NstdeYQbcnbJqTkC0a--image

လွန်ခဲ့သော ၃ လ က

 

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေငြာခဲ့ပြီး ၎င်းလုပ်ဆောင်မည့် အစီအစဉ်အတိုင်း ရှေ့ဆက်မည်ဟု ဆိုသော်လည်း ၎င်း၏ ပါတီသည် မျှော်လင့်ထားသည့်အတိုင်း လွှတ်တော် အမတ်နေရာများ မရရှိခဲ့ပေ။

 

ဒီနေ့ အောင်မြင်မှုဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ အောင်မြင်မှု ဖြစ်ပါတယ်။မိုဒီက ၎င်း၏ ရုံးချုပ်တွင် လူထုကို အင်္ဂါနေ့က ပြောသည်။ အိန္ဒိယ မဲပေးသူများက သူ၏ ပါတီနှင့် သူ၏ ညွန့်ပေါင်း မဟာမိတ် National Democratic Alliance ကိုပါ "ကြီးမားသည့် ယုံကြည်မှု ပြသခဲ့ကြောင်း၎င်းက ပြောသည်။

 

အိန္ဒိယရွေးကောက်ပွဲကော်မရှင်၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော တရားဝင်ရလဒ်များအရ NDA က ၂၉၄ နေရာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ရန် ရရှိရမည့် ၂၇၂ နေရာထက် သာလွန်ခဲ့သော်လည်း မျှော်လင့်သည်ထက် များစွာ လျော့နည်း အနိုင်ရရှိခဲ့သည်။

 

မိုဒီ၏ ဟိန္ဒူအမျိုးသားရေး Bharatiya Janata ပါတီက ၂၀၁၄ ခုနှစ်တွင် အလွယ်တကူ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ယခုနှစ်တွင် ၂၄၀ နေရာသာ အနိုင်ရရှိခဲ့သည့်အတွက် ပထမဆုံးအကြိမ်အဖြစ် အစိုးရဖွဲ့ရန် လုံလောက်သည့် နေရာ မရရှိခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်က ၃၀၃ နေရာ အနိုင်ရရှိခဲ့ခြင်းထက် များစွာ လျော့နည်းနေသည်။

 

ထို့အတွက် မိုဒီသည် ၎င်း၏ ညွန့်ပေါင်း မဟာမိတ်ပါတီများ၏ ထောက်ခံမှုလိုအပ်ကြောင်း ဖော်ပြနေပြီး သောင်ပြိုကမ်းပြိုအနိုင်ရရှိမည်ဟု မျှော်လင့်ထားသည့် ၎င်းအတွက် မျှော်လင့်မထားသော ထိုးနှက်ချက်ဖြစ်သည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း မိုဒီက ၎င်း၏ ပါတီသည် နေရာ ၃၇၀ ခန့် အနိုင်ရရှိမည်ဖြစ်ပြီး ၎င်း၏ မဟာမိတ်များက ၃၀ ခန့် အနိုင်ရရှိမည်ဟု ပြောခဲ့သည်။

 

မဲပေးသူတွေက အလုပ်အကိုင်နဲ့ စီးပွားရေး မျှော်မှန်းချက်တွေ အရေးကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြနေကြပါတယ်

 

 

ယခုအခါ ၎င်းသည် အဓိက မဟာမိတ်များဖြစ်သော ၁၆ နေရာ အနိုင်ရရှိခဲ့သည့် တောင်ပိုင်း Andhra Pradesh ပြည်နယ်မှ Telugu Desam ပါတီ၊ အရှေ့ဘက် Bihar ပြည်နယ်မှ ၁၂ နေရာ အနိုင်ရရှိခဲ့သည့် Janata Dal (United) ပါတီအပါအဝင် အခြား အဖွဲ့ငယ်များ၏ ထောက်ခံမှုပေါ် မှီခိုအားပြုနေရပြီဖြစ်သည်။

 

အိန္ဒိယ မဲပေးသူတွေကို ပုံသေ တွက်ထားလို့ မရပါဘူး။ဟု Times of India သတင်းစာ အယ်ဒီတာ အာဘော်တွေ ဖော်ပြထားသည်။ "မဲပေးသူတွေက အလုပ်အကိုင်နဲ့ စီးပွားရေး မျှော်မှန်းချက်တွေ အရေးကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြနေကြပါတယ်။ မဲရလဒ်ရဲ့ စီးပွားရေးဆိုင်ရာ သတင်းစကားကတော့ အလုပ်အကိုင်တွေက အရေးကြီးတယ်လို့ ပြောနေပါတယ်။

 

အိန္ဒိယညွန့်ပေါင်းအဖွဲ့၏ အတိုက်အခံတို့က စုစုပေါင်း ၂၃၂ နေရာ အနိုင်ရရှိခဲ့သည်။

 

BJPသည် ယခုအခါ "မဟာမိတ်တွေရဲ့ စိတ်ကောင်းစေတနာပေါ် အများကြီး တည်မှီနေရပြီ ဖြစ်ပါတယ်။ သူတို့က မူဝါဒချမှတ်မှုတွေ၊ အစိုးရဖွဲ့စည်းရေးတွေမှာ အရေးပါတဲ့ ပါဝင်လုပ်ဆောင်သူတွေ ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ဟု Carnegie Endowment for International Peace မှ တောင်အာရှ အစီအစဉ် ညွှန်ကြားရေးမှူး Milan Vaishnav က ပြောသည်။

 

အနည်းဆုံးတော့ မဲရလဒ်တွေက ဝန်ကြီးချုပ် မိုဒီရဲ့ အာဏာပူဖောင်းကို အပေါက်လေး ဖောက်လိုက်တာပဲ။ သူက ဒီရွေးကောက်ပွဲကို သူ့အရေးလို လုပ်ထားတာလေ။ဟု နိုင်ငံရေး ဝေဖန်မှတ်ချက်ပေးသူ Pratap Bhanu Mehta က ပြောသည်။ "လူထုရဲ့ ရွေးချယ် ဆုံးဖြတ်ချက်ကြောင့် ဒီနေ့တော့ သူလည်း သူလို ကိုယ်လို နိုင်ငံရေးသမား ဖြစ်သွားပြီ။ဟု ၎င်းက The Indian Express daily တွင် ရေးသားဖော်ပြထားသည်။

 

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီကျင့်သုံးသည့် အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကို ခြောက်ပတ်ကြာ ပြုလုပ်ခဲ့ကာ မဲပေါင်း သန်း ၆၄၀ ကျော် ရွေးချယ်ပေးအပ်ခဲ့သည်။

 

BJP ထောက်ခံမှု အံ့အားသင့်စဖွယ် လျော့နည်းခဲ့သည့်အတွက် ပြိုင်ဘက်များက ၎င်းတို့လည်း အနိုင်ရရှိခဲ့သည်ဟု အရေးဆိုကြသည်။ အဓိက အတိုက်အခံ Congress ပါတီက ရွေးကောက်ပွဲသည် မိုဒီအတွက် "စိတ်ဓာတ်ရေးရာနှင့် နိုင်ငံရေးအရ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်ဟု ဆိုသည်။

 

ဒါက လူထုရဲ့အောင်ပွဲ၊ ဒီမိုကရေစီရဲ့ အနိုင်ရရှိမှု တစ်ခု ဖြစ်ပါတယ်။ဟု Congress ပါတီ အကြီးအကဲ Mallikarjun Kharge က သတင်းထောက်များကို ပြောသည်။

 

မျှော်မှန်းမထားသည့် ထိုးနှက်ချက်များကြားမှပင် မိုဒီက အိန္ဒိယ၏ စီးပွားရေးကို လက်ရှိ ပဉ္စမနေရာမှ ကမ္ဘာ့တတိယအကြီးဆုံးဖြစ်အောင် ပြောင်းလဲမည်ဆိုသည့် ၎င်း၏ ရွေးကောက်ပွဲ ကတိကဝတ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ၎င်း၏အစီအစဉ်ကို အားထုတ်မှု လျော့ချသွားမည်မဟုတ်ကြောင်း ပြောသည်။

 

၎င်းက အိန္ဒိယ၏ ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုများကို အဆင့်တိုးမြှင့်ရေး၊ လူငယ်များအတွက် အလုပ်အကိုင်များ မြှင့်တင်ရေး၊ ပို့ကုန် မြှင့်တင်ရေး၊ လယ်သမားများကို ကူညီရေးတို့ကို အခြားအရာများနှင့်အတူ လုပ်ဆောင်သွားမည်ဟု ပြောသည်။

 

ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေရဲ့ အခန်းကဏ္ဍသစ်တစ်ခုကို ဒီနိုင်ငံက တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ဒါက မိုဒီ့ အာမခံချက်ဖြစ်ပါတယ်။ဟု ၎င်းက ပြောသည်။

 

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ၎င်း ချမှတ်ဖော်ဆောင်ခဲ့သော ဟိန္ဒူအမျိုးသားရေးမူဝါဒများက ဆက်လက် တည်မြဲနေဦးမည်ဖြစ်သည်။

 

အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူး နောက်ပိုင်း အိန္ဒိယခေါင်းဆောင်တစ်ဦး တတိယအကြိမ် အာဏာဆက်လက်ရရှိခြင်းမှာ မိုဒီ၏ ယခုအနိုင်ရရှိမှုအပါအဝင် နှစ်ကြိမ်သာ ရှိသေးသည်။ မိုဒီ အာဏာမရခင်က အိန္ဒိယသည် ညွန့်ပေါင်းအစိုးရအဖြစ် နှစ် ၃၀ ကြာမြင့်ခဲ့သည်။

 

မိုဒီကို ဒေသတွင်းနိုင်ငံများဖြစ်သော အိမ်နီးချင်း နီပေါနှင့် ဘူတန်တို့က ဂုဏ်ပြုချီးမွမ်းခဲ့ပြီး အိမ်ဖြူတော်ကလည်း အိန္ဒိယ၏ "ခိုင်မာ တက်ကြွသော ဒီမိုကရေစီ လုပ်ငန်းစဉ်များအတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။ အိန္ဒိယအစိုးရသည် တရုတ်နိုင်ငံလွှမ်းမိုးမှုကို ခုခံပေးမည့် အရေးကြီးသည့် အကာအကွယ်အဖြစ် အမေရိကန်အစိုးရက ရှုမြင်သော်လည်း တစ်ချိန်တည်းတွင်ပင် အိန္ဒိယသည် ရုရှားအစိုးရနှင့် နီးကပ်စွာ ဆက်ဆံနေဆဲဖြစ်သည်။ ရုရှား၏ ယူကရိန်းကို ကျူးကျော်မှု၊ အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများအကြားကပင် ရုရှား၏ ဈေးပေါသော ရေနံများကို အိန္ဒိယက လိုချင်တပ်မက်နေခဲ့သည်။

 

၎င်း၏ ၁၀ နှစ်တာ အာဏာရယူထားစဉ်အတွင်း မိုဒီသည် ရေပန်းမစားသော ဟိန္ဒူအမျိုးသားရေးကို ပင်မရေစီးအတွင်း ထည့်သွင်းသယ်ဆောင်လာခြင်းဖြင့် အိန္ဒိယ၏ နိုင်ငံရေးမြင်ကွင်းကို ပြောင်းလဲခဲ့ကာ နိုင်ငံအကွဲကွဲအပြားပြားဖြစ်မှု နက်ရှိုင်းစေခဲ့သည်။

 

၎င်းကို ထောက်ခံသူများက မိုဒီသည် အိန္ဒိယ၏ ကမ္ဘာ့အလယ် ရပ်တည်မှုကို မြှင့်တက်စေခဲ့သည့် ကိုယ်ထူးကိုယ်ချွန်၊ အားကောင်းသည့် ခေါင်းဆောင်အဖြစ် ရှုမြင်ကြသည်။ ၎င်းကို ဝေဖန်သူများနှင့် အတိုက်အခံများက ၎င်း၏ ဟိန္ဒူ ပထမ ဦးစားပေး နိုင်ငံရေးက ချုပ်ချယ်မှုကို ဖြစ်ပေါ်စေခဲ့ကာ ကမ္ဘာ့ အလျင်မြန်ဆုံး တိုးတက်နေသည့် နိုင်ငံ့ စီးပွားရေးကို မညီမျှမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

 

မြောက်ပိုင်း Lucknow မြို့တွင် နေထိုင်သူ Payal က ရွေးကောက်ပွဲသည် စီးပွားရေးအတွက်သာ ဖြစ်ကြောင်း၊ အိန္ဒိယ၏ လူဦးရေ အများအပြားမှာ ဆင်းရဲစွာ နေထိုင်နေရကြောင်း ပြောသည်။

 

လူထုက ဆင်းရဲဒုက္ခ ခံစားနေရတယ်။ အလုပ်အကိုင်တွေ မရှိဘူး။ ဒီလိုခံစားနေရတဲ့ လူတွေရဲ့ ကလေးတွေက မဖြစ်မနေ လမ်းဘေးမှာ လဘက်ရည် ဖျော်ရောင်းနေရတယ်။ဟု Payal က ပြောသည်။ "ဒါ ကျွန်တော်တို့အတွက် အရေးကြီးတယ်။ ကျွန်တော်တို့ အခုအချိန်မှ မနိုးထရင် ဘယ်တော့မှ နိုးထကြမှာလဲ။

 

မိုဒီက အဓိက မဲဆွယ်သူတင် မကဘူး။ ဒီရွေးကောက်ပွဲအတွက် တစ်ဦးတည်းသော မဲဆွယ်သူ ဖြစ်နေတယ်

 

 

အတိုက်အခံ Congress ပါတီမှ အရေးပါသူ ရာအူး ဂန္ဒီက ရွေးကောက်ပွဲမှ ကိန်းဂဏန်းများသည် လူထုထံမှ သတင်းစကားအဖြစ် ၎င်းက ရှုမြင်သည်ဟု ပြောသည်။

 

ဒီနိုင်ငံရဲ့ အဆင်းရဲဆုံးလူတွေက အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ခဲ့ကြတယ်။ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဆင်းရဲမွဲတေမှု ခံစားနေရသော်လည်း လူထုက မဲပေးခြင်းဖြင့် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် ပါဝင် ဆန္ဒပြုခဲ့ကြသည်ဟု ဆိုလိုသည်။

 

သူတို့ ဒီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ၁၀ နှစ်ကို ကျွန်တော်တို့ သဘော မကျပါဘူး။ ဒီတော့ ဒါက မစ္စတာ နာရန်ဒရာ မိုဒီအတွက် ကြီးမားတဲ့ သတင်းစကားပါပဲ။ဟု နယူးဒေလီမြို့ရှိ ၎င်း၏ ပါတီရုံးချုပ် ပြင်ပတွင် ပြောသည်။

 

မိုဒီ၏ လူကြိုက်များမှုမှာ ၎င်းပါတီ၏ ဒုတိယအကြိမ် တာဝန်ယူမှုသက်တမ်းအတွင်း လျော့ပါးလာခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲကို သမ္မတရွေးကောက်ပွဲပုံစံ မဲဆွယ်မှုအဖြစ် ပြောင်းလဲခဲ့သည့်အတွက် BJP သည် ခေါင်းဆောင်၏ ပုံရိပ်အပေါ် မှီခိုလာရသည်။

 

မိုဒီက အဓိက မဲဆွယ်သူတင် မကဘူး။ ဒီရွေးကောက်ပွဲအတွက် တစ်ဦးတည်းသော မဲဆွယ်သူ ဖြစ်နေတယ်။ဟု အများပြည်သူ မူဝါဒရေးရာ ပညာရှင် Yamini Aiyar က ပြောသည်။

 

မိုဒီအစိုးရလက်အောက်တွင် နိုင်ငံရေးအတိုက်အခံများကို နှိမ်နင်းရန် အင်အားသုံးသည့် နည်းလမ်း အသုံးပြုခြင်း၊ လွတ်လပ်သည့် မီဒီယာများကို ဖိနှိပ်ခြင်း၊ သဘောထားမတိုက်ဆိုင်သူများကို ချေမှုန်းခြင်းတို့ကြောင့် အိန္ဒိယ၏ ဒီမိုကရေစီသည် ထိခိုက်ပျက်စီးမှုမြင့်တက်လာခဲ့သည်ဟု ဝေဖန်သူများက ပြောသည်။ အစိုးရကမူ ၎င်းစွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး ဒီမိုကရေစီ ရှင်သန်ကြီးထွားလာသည်ဟု ဆိုသည်။

 

မိုဒီလက်ထက်တွင် စီးပွားရေးဆိုင်ရာ မကျေနပ်ချက်များလည်း များပြားလာသည်။ စတော့ဈေးကွက်များ စံချိန်တင် မြင့်တက်လာစဉ်မှာပင် လူငယ်အလုပ်လက်မဲ့များ တိုးပွားလာသည်။ အိန္ဒိယမှ လူနည်းစုကသာ စတော့ဈေးကွက် တိုးတက်ပွင့်လန်းလာမှု၏ အကျိုးအမြတ်ကို ခံစားရသည်။

 

ဧပြီလလယ်ပိုင်းက ဆန္ဒသဘောထားကောက်ယူမှုတွင် မိမိကိုယ်ကို ယုံကြည်နေသည့် BJP က ၎င်းတို့၏ မဲဆွယ်စည်းရုံးရေးကို စီးပွားရေးနှင့် ဆင်းရဲမွဲတေမှု လျော့ချနိုင်ခဲ့သည်ဟု ၎င်းပါတီက ဆိုသော သာယာဝပြောရေး ရယူနိုင်မှုတို့ကို အလေးပေးသည့် "မိုဒီ၏ အာမခံချက်အပေါ်တွင် ဂရုပြု အာရုံစိုက်ထားကြသည်။ မိုဒီ၏ ပဲ့ကိုင်မှုဖြင့် "အိန္ဒိယသည် ၂၀၄၇ ခုနှစ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခု ဖြစ်လာမည်။ဟု လမ်းလျှောက် ချီတက်ပွဲများ တောက်လျှောက် ထပ်တလဲလဲ ပြောဆိုခဲ့သည်။

 

သို့သော် မဲဆွယ်စည်းရုံးမှု အရှိန်မြင့်တက်လာသည့်အခါတွင် မိုဒီက အိန္ဒိယနိုင်ငံ လူဦးရေ၏ ၁၄% ရှိသော မူဆလင်များကို ပစ်မှတ်ထားသည့် စိတ်ဝမ်းကွဲစေသည့် ပြောဆိုမှုများ ပြုလုပ်လာကာ ၎င်း၏ လူများစု မဲပေးသူ ဟိန္ဒူများကို အားပေးသည့် နည်းလမ်းကို မြှင့်တင်အသုံးပြုလာသည်။

 

အတိုက်အခံ INDIA မဟာမိတ်များက မိုဒီကို ၎င်း၏ ဟိန္ဒူအမျိုးသားရေးဆိုင်ရာ နိုင်ငံရေးနှင့်ပတ်သတ်၍ ဝေဖန်တိုက်ခိုက်ခဲ့ကြပြီး အလုပ်လက်မဲ့အရေး၊ ငွေကြေးဖောင်းပွမှုနှင့် မညီမျှမှုတို့အပေါ်တွင် မဲဆွယ်စည်းရုံးခဲ့ကြသည်။

 

ဒီအရေးတွေဟာ ပဲ့တင်သံ ညံပြီး ထိခိုက်ပွန်းပဲ့မှု တစ်ခု ဖြစ်စေခဲ့ပါတယ်။ဟု အများပြည်သူဆိုင်ရာ မူဝါဒ ပညာရှင် Aiyar က ပြောသည်။

 

ကိုးကား - AP CNN

ပုံစာ -ဂျွန်လ ရက် ၂၀၂၄ ခုနှစ် အင်္ဂါနေ့က မဲရေတွက်မှု ပြုနေစဉ်အတွင်း Dravida Munnetra Kazhagam (DMK) ပါတီ အားပေးထောက်ခံသူများ အိန္ဒိယနိုင်ငံ Chennai မြို့ ၎င်းတို့၏ ပါတီ ရုံးချုပ်တွင် အောင်ပွဲခံနေကြစဉ်။ (AP Photo/Mahesh Kumar A.)

 

Burma Associated Press

ရွေးကောက်ပွဲ
အိန္ဒိယ
Bharatiya Janata Party
နာရန်ဒရာ မိုဒီ

Share With
bap-logo