bap-logo
Politics

တောင်တရုတ်ပင်လယ်တွင် အငြင်းပွားမှုများ မြင့်တက်လာသည့်အတွက် ဖိလစ်ပိုင်နိုင်ငံမှ တရုတ်သံတမန်များ နှင်ထုတ်ရန် တောင်းဆို

ShmkUXW3Z5grDcwbZvMfF-image

လွန်ခဲ့သော ၄ လ က

ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ်ကြီးနှင့် တယ်လီဖုန်း ပြောဆိုမှုပေါက်ကြားခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် အငြင်းပွားမှုများ သိသာထင်ရှားစွာ မြင့်တက်လာသည့်အတွက် ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေးက တရုတ်သံတမန်များကို နှင်ထုတ်ရန် သောကြာနေ့တွင် တောင်းဆိုလိုက်သည်။

 

မနီလာမြို့ရှိ တရုတ်သံရုံးက သဘောကွဲလွဲခြင်း၊ ခွဲခြားခြင်း၊ မညီညွတ်ခြင်းတို့ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် "မမှန်သတင်း၊ တလွဲသတင်း၊ ထိခိုက်စေသည့်သတင်းများ ထုတ်ပြန်၊ ဖြန့်ဝေခြင်း အကြိမ်ကြိမ်ပြုနေကြောင်း” Eduardo Ano က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည်။

 

၎င်းလုပ်ရပ်များကို "ပြင်းထန်သော အရေးယူမှုများ မပြုလုပ်ဘဲ ခွင့်မပြုသင့်ကြောင်း” ၎င်းက ပြောသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က ၎င်းမှတ်ချက်များသည် ထိပါးရန်စခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင်ရှိ တရုတ်သံတမန်များ ၎င်းတို့အလုပ်လုပ်သည်ကို ခွင့်ပြုရမည်ဖြစ်ကြောင်း ပြောသည်။

 

တရုတ်သံတမန်ဝန်ထမ်းများ၏ ပုံမှန်လုပ်ဆောင်မှုများကို ထိရောက်စွာ အကာကွယ်ပေးရန်၊ သဘောတူညီမှုများ ချိုးဖောက်ခြင်းနှင့် ရန်စခြင်း ရပ်တန့်ရန်၊ အချက်အလက်များကို ငြင်းပယ်ခြင်းမှ ရှောင်ကြဉ်ရန် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို အလေးအနက် တောင်းဆိုကြောင်း” ဘေဂျင်းမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် Lin က ပြောသည်။

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၏ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း မတုန့်ပြန်ခဲ့ပါ။

 

တရုတ်နှင့် ဖိလစ်ပိုင်နှစ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်အတွင်း တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုဖြင့် မတိုးသာ မဆုတ်သာဖြစ်မှုများ ဖြစ်ပေါ်နေခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နှင့် အခြားမဟာမိတ်နိုင်ငံများ၏ ထောက်ပံ့ကူညီမှုဖြင့် တရုတ်ကမ်းခြေစောင့်တပ်များ ဝင်ရောက်နေရာယူထားသည့် ရေပြင်များတွင် လှုပ်ရှားမှုများ တိုးမြှင့်လာခဲ့သည်။

 

နောက်ဆုံး အငြင်းအခုံဖြစ်မှုအခြေအနေနှင့်ပတ်သတ်၍ မေးမြန်းရာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက "မီဒီယာတင်ပြချက်များကို ကျွန်ုပ်တို့ သတိပြုမိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနကို ထောက်ထားစာနာကြောင်း” ပြောသည်။

 

တောင်တရုတ်ပင်လယ်တွင်း Paracel ကျွန်းစုများအနီး ရေကြောင်းသွားလာမှု လေ့ကျင့်နေသည့် အမေရိကန် ဖျက်သင်္ဘော USS Halsey ကို တရုတ် ရေတပ်နှင့် လေတပ်က ထိပ်တိုက်ရင်ဆိုင်မှုလည်း ဖြစ်ပွားခဲ့သည်။

 

တရုတ်စစ်တပ် ပြောခွင့်ရသူက "စုဖွဲ့ထားသည့် ရေတပ်နှင့် လေတပ်က ၎င်းသင်္ဘောကို နောက်မှ လိုက်လံ၊ စောင့်ကြည့်ခြင်းများ ပြုလုပ်၍ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဝေးသို့ မောင်းနှင်စေရန် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ လုပ်ရပ်များသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြင်းထန်စွာ ချိုးဖောက်ကြောင်း” ပြောသည်။

 

အမေရိကန်ရေတပ်က "တောင်တရုတ်ပင်လယ်မှ တရားမဝင်သော ရေကြောင်းဆိုင်ရာ အရေးဆိုမှုများသည် ပင်လယ်များဆိုင်ရာ လွတ်လပ်ခွင့်ကို အပြင်းအထန် ခြိမ်းခြောက်နေကြောင်း” ပြောသည်။

 

ကိုးကား - Reuters DW

ပုံစာ - မေလ ၄ ရက် ၂၀၂၄ ခုနှစ် တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင် ထောက်ပံ့ရေးရေယာဉ် Unaizah ကို တရုတ် ကမ်းခြေစောင့်ရေယာဉ်များက ရေအမြောက်ဖြင့် ပစ်ခတ်နေစဉ်။ (REUTERS/Adrian Portugal//File Photo)

 

ဖိလစ်ပိုင်
တရုတ်
တောင်တရုတ်ပင်လယ်
အမေရိကန်

Share With
bap-logo