bap-logo
Politics

မြောက်ကိုးရီးယား သူလျှိုဂြိုဟ်တု လေထဲတွင်ပေါက်ကွဲ

egsl32t1rOj0PG2aXkwr1-image

လွန်ခဲ့သော ၄ လ က

 

မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ 'အင်ဂျင် လည်ပတ်မှု မတည်ငြိမ်ခြင်းကြောင့်ဟု မြောက်ကိုးရီးယားအစိုးရက ပြောသည်။

 

မြောက်ကိုးရီးယား၏ သူလျှိုဂြိုဟ်တုကို ပတ်လမ်းအတွင်း လွှတ်တင်ရန် နောက်ဆုံးကြိုးပမ်းမှုမှာ လေထုအတွင်း ပေါက်ကွဲသွားခဲ့သည်ဟု မြောက်ကိုးရီးယားအစိုးရက တနင်္လာနေ့တွင် ပြောသည်။ ၎င်းဂြိုဟ်တု လွှတ်တင်မည့် အစီအစဉ်ကို ကြေငြာပြီး နာရီပိုင်းအကြာတွင် တောင်ကိုးရီးယားအစိုးရနှင့် ဂျပန်အစိုးရတို့က ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

 

ဂျပန်ရုပ်သံ NHK က ညဘက် ကောင်းကင်တွင် မီးလောင်နေသည့် ဒုံးပျံဟု ယူဆရသည့် အရာကို ပြသခဲ့ပြီး နောက်ပိုင်းတွင် မီးလုံးတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့ပုံကို တင်ပြခဲ့သည်။ ၎င်းရုပ်သံကို ဂြိုဟ်တုလွှတ်တင်ချိန်နှင့် တစ်ပြိုင်နက်တည်းအချိန်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ဘက်မှ ရိုက်ကူးထားခြင်းဖြစ်သည်ဟု NHK က ပြောသည်။

 

ဂြိုဟ်တုသည် "ပထမ ပျံသန်းမှုအဆင့်တွင် လေထဲ၌ ပေါက်ကွဲသွားပြီး လွှတ်တင်မှု မအောင်မြင်ပါ။ဟု မြောက်ကိုးရီးယား အမျိုးသား အာကာသနည်းပညာ စီမံအုပ်ချုပ်ရေးက ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

 

မတော်တဆမှုဖြစ်ပွားရခြင်းမှာ အသစ်တီထွင်ထားသည့် အောက်ဆီဂျင်အရည်နှင့် ဆီအင်ဂျင်တို့၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိတ်ချယုံကြည်ရမှု မရှိသည့်အတွက်ကြောင့်ဟု ကျွမ်းကျင်သူများက ကောက်ချက်ချကြောင်းတရားဝင် ကိုးရီးယားဗဟိုသတင်းအေဂျင်စီက တင်ပြသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

 

ပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တုတစ်ခု လွှတ်တင်ရေးမှာ ကင်ဂျုံအန် အစိုးရ၏ ကာလရှည်ကြာ ထိပ်တန်းဦးစားပေး အစီအစဉ် တစ်ခုဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း ကြိုးပမ်းမှု နှစ်ကြိမ် မအောင်မြင်ခဲ့ဘဲ ပြီးခဲ့သည့် နိုဝင်ဘာလက အောင်မြင်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။ Malligyon-1 (တယ်လီစကုပ်-) ဟု အမည်ရသည့် ဂြိုလ်တုကို နိုဝင်ဘာလတွင် ပတ်လမ်းအတွင်း လွှတ်တင်နိုင်ခဲ့ပြီး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု မြောက်ကိုရီးယားက ပြောသော်လည်း တောင်ကိုးရီးယား ထောက်လှမ်းရေးအေဂျင်စီက ၎င်းပြောဆိုမှုကို ပယ်ချခဲ့သည်။

 

ကင်မ်သည် ၎င်းလွှတ်တင်မှုအတွက် ရုရှား နည်းပညာအထောက်အပံ့ရရှိခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့် ယူကရိန်းတွင် အသုံးပြုရန် လက်နက်ကွန်တိန်နာများ ရုရှားအစိုးရအတွက် ပြန်လည် ပေးအပ်ခဲ့ကြောင်း တောင်ကိုးရီးယားက ပြောသည်။

 

နောက်ထပ်ဂြိုဟ်တုတစ်ခု ပတ်လမ်းအတွင်း လွှတ်တင်မည်ဖြစ်ကြောင်း မြောက်ကိုးရီးယားအစိုးရက ဂျပန်နိုင်ငံကို တနင်္လာနေ့အစောပိုင်းတွင် အသိပေးခဲ့သည်။ ၎င်းအတွက် တောင်ကိုးရီးယားအစိုးရနှင့် ဂျပန်အစိုးရတို့က ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး ကင်မ်ကို ၎င်းအစီအစဉ် ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

 

တောင်ကိုးရီးယားစစ်တပ်က လွှတ်တင်မှုကို စစ်ဆေးသိရှိရကြောင်း သို့သော် ဂြိုဟ်တုသည် "လေထဲတွင် ပေါက်ကွဲသွားသည်ဟု ယူဆရကြောင်းပြောသည်။

 

တောင်ကိုးရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်တွေက အနီးကပ်ပူးပေါင်းပြီး အသေးစိတ်အချက်အလက်တွေကို ဆန်းစစ်လေ့လာနေပါတယ်။ဟု တောင်ကိုးရီယား တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးက ပြောသည်။

 

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုးရီးယားကို ကုလဆုံးဖြတ်ချက် အများအပြားဖြင့် ပဲ့ထိန်းဒုံးနည်းပညာ စမ်းသပ် အသုံးပြုခြင်း မပြုလုပ်ရန် တားမြစ်ထားပြီး လေ့လာဆန်းစစ်သူများက အာကာသယာဉ်လွှတ်တင်နိုင်မှုစွမ်းရည်နှင့် ပဲ့ထိန်းဒုံးဖွံ့ဖြိုးရေးအကြား သိသာထင်ရှားသည့် နည်းပညာဆိုင်ရာ တူညီမှုများ ရှိနေသည်ဟု ပြောသည်။

 

လွှတ်တင်မှုသည် "ပဲ့ထိန်းဒုံးနည်းပညာ အသုံးပြုမှု တားမြစ်ထားသည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ထင်ရှားစွာ ချိုးဖောက်သည့် ရန်စလုပ်ဆောင်မှုဖြစ်ကြောင်းတောင်ကိုးရီးယားစစ်တပ်က ပြောသည်။

 

အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ၎င်းလွှတ်တင်မှုသည် "ကုလလုံခြုံရေးကောင်စီ၏ တညီတညွတ်တည်း ချမှတ်ထားသော အကြိမ်ကြိမ် ဆုံးဖြတ်မှုများကို ပြောင်တင်းစွာ ချိုးဖောက်ခြင်းဟု ပြောကာ "ဒေသတွင်းနှင့် ပြင်ပတွင်ပါ လုံခြုံရေးအခြေအနေများ မတည်ငြိမ်မှု အန္တရာယ်ဖြစ်ပေါ်စေကြောင်းထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

 

ဂျပန်နိုင်ငံက တောင်ပိုင်းအိုကီနာဝါတွင် နေထိုင်သူများအတွက် အမိုးအကာများအောက်တွင် အကာအကွယ်ယူထားရန် သတိပေးချက်များ ထုတ်ပြန်ခဲ့‌ပြီး မိနစ်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။

 

၎င်းလွှတ်တင်ရန် ကြိုးပမ်းမှုမှာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် တောင်ကိုးရီးယား၊ တရုတ်နှင့် ဂျပန် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးအပြီး နာရီပိုင်းအတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ထပ် ဂြိုဟ်တုလွှတ်တင်မှုသည် "ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ဖျက်ဆီးခြင်း" ဟု တောင်ကိုးရီးယားသမ္မတ Yoon Suk Yeol က တနင်္လာနေ့တွင် ပြောသည်။

 

သူလျှိုဂြိုဟ်တုများသည် မြောက်ကိုးရီးယား၏ အထူးသဖြင့် တောင်ကိုးရီးအပေါ်တွင် သတင်းစုဆောင်းရေး စွမ်းဆောင်ရည်ကို တိုးတက်စေမည်ဖြစ်ကြောင်းနှင့် စစ်ရေးပဋိပက္ခများတွင် အရေးကြီး အချက်အလက်များ ရယူနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

 

ကင်မ်သည် ပြီးခဲ့သည့် စက်တင်ဘာလက ရုရှားနိုင်ငံတွင် သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ပူတင်က ၎င်း၏ နိုင်ငံမှ မြောက်ကိုးရီးယားအစိုးရကို ဂြိုဟ်တုများတည်ဆောက်ရေး ကူညီနိုင်သည်ဟု ပြောခဲ့သည်။

 

တောင်ကိုးရီးယားနှင့် အမေရိကန်နိုင်ငံတို့က မြောက်ကိုးရီယားကို ရုရှားသို့ လက်နက်များတင်ပို့နေကြောင်း မကြာခဏ စွပ်စွဲခဲ့ပြီး မြောက်ကိုးရီးယားသည် ရုရှားသို့ ယူကရိန်းတွင် အသုံးပြုရန် လက်နက်ကွန်တိန်နာ ထောင်ပေါင်းများစွာ ပေးပို့ခဲ့သည်ဟု တောင်ကိုးရီးယားက ယခုနှစ် အစောပိုင်းတွင် ပြောသည်။

 

ရုရှားအင်ဂျင်နီယာအဖွဲ့တစ်ခု မြောက်ကိုးရီးယားသို့ လာရောက်ခဲ့ပြီး လွှတ်တင်မှုပြင်ဆင်ရေး ကူညီပေးခဲ့ကြောင်း Yonhap က အစိုးရအရာရှိတစ်ဦးကို ကိုးကား၍ တနင်္ဂနွေ့နေ့တွင် တင်ပြသည်။

 

ကိုးကား - The Guardian

ပုံစာ - ပြီးခဲ့သည့် နိုဝင်ဘာလက မြောက်ကိုးရီးယားနိုင်ငံ၏ Malligyong-1 ဂြိုဟ်တု လွှတ်တင်မှု (AP)

 

Burma Associated Press

မြောက်ကိုးရီးယား
သူလျှိုဂြိုလ်တု
ပေါက်ကွဲ
ရုရှ
တောင်ကိုရီးယား
ဂျပန်
ကင်ဂျုံအမ်

Share With
bap-logo