bap-logo
Politics

ပူတင်နှင့် ရှီ မိတ်ဖက် ခေတ်သစ်တစ်ခု တည်‌ထောင်ရန် ကတိပြု၊ အမေရိကန်ကို ပြစ်တင်ရှုတ်ချ

61aCvL8nVljjU1MO0BKoG-image

လွန်ခဲ့သော ၄ လ က

တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင်းဖျင်နှင့် ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့ မိတ်ဖက်ပြုရေး "ခေတ်သစ်တစ်ခု" တည်ထောင်ရန် ကြာသပတေးနေ့က ကတိပြုလိုက်သည်။

 

ရှီက ပူတင်ကို ဘေဂျင်မြို့ ပြည်သူ့ခန်းမပြင်ပတွင် ကော်ဇောနီဖြင့် ကြိုဆိုခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သားများက ချီတက်ဂုဏ်ပြုခဲ့သည်။ တီယန်မင်ရင်ပြင် တွင်လည်း သေနတ် ၂၁ ချက်ဖြင့် ဂုဏ်ပြုခဲ့ကာ ကလေးသူငယ်များက တရုတ်အလံနှင့် ရုရှားအလံများ ဝှေ့ယမ်းကြိုဆိုခဲ့သည်။

 

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ် ပူတင် ဘေဂျင်းသို့ လာရောက်စဉ် "အကန့်အသတ်မဲ့” မိတ်ဖက်ပြုမှုကို ကြေငြာခဲ့သည်။ ၎င်းကြေငြာမှုအပြီး ရက်အနည်းငယ်အတွင်း ပူတင်က ယူကရိန်းသို့ တပ်ဖွဲ့ပေါင်း ထောင်သောင်းချီ၍ စေလွှတ်ကျူးကျော်ခဲ့ကာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောတွင် အသေအပျောက်အများဆုံး ကုန်းတွင်းစစ်ပွဲ စတင်ခဲ့သည်။

 

အသက် ၇၀ အရွယ်ရှိ ရှီနှင့် ၇၁ နှစ်အရွယ်ရှိ ပူတင်တို့သည် လုံခြုံရေးပြဿနာများအတွက် အမေရိကန်နိုင်ငံကို ဆန့်ကျင်သွားရန်၊ ထိုင်ဝမ်၊ ယူကရိန်းမှသည် မြောက်ကိုးရီးယားအထိ တူညီသည့် အမြင်များ၊ ငြိမ်းချမ်း‌သော နျူကလီးယားနည်းပညာနှင့် ဘဏ္ဍာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် သွားရန်တို့ပါဝင်သည့် "ခေတ်သစ်” တစ်ခုအကြောင်း ကြာသပတေးနေ့က ကြေငြာခဲ့သည်။

 

ယနေ့ တရုတ်-ရုရှား ဆက်ဆံရေးသည် ခက်ခဲစွာ ရယူထားရတာဖြစ်ပြီး နှစ်ဘက်လုံးက ကာကွယ်၊ စောင့်ရှောက်ပျိုးထောင်သွားရန် လိုအပ်ပါတယ်။” ဟု ရှီက ပူတင်ကို ပြောသည်။

 

တရုတ်နိုင်ငံက နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အားသစ်လောင်းရေးကို ပူးတွဲ ရယူဖို့ ဆန္ဒရှိပါတယ်။ ကမ္ဘာပေါ်မှာ တရားမျှတမှု ခိုင်မာရေး အတူတကွ လုပ်ဆောင်သွားလိုပါတယ်။”

 

၎င်းတို့နှစ်နိုင်ငံသည် ကမ္ဘာကြီး ရာစုနှစ်တစ်ခုအတွင်း မကြုံတွေ့ခဲ့ရသည့် အပြောင်းအလဲများကို မောင်းနှင်ရန် အခွင့်အလမ်းရှိကြောင်း၊ ၎င်းအခွင့်အလမ်းကို လေ့လာအကဲဖြတ်သူအများအပြားက အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့အစီအစဉ်ကို စိန်ခေါ်ရန် ကြိုးပမ်းမှုဟု မြင်နိုင်ကြောင်း ရှီက ပူတင်ကို ပြောသည်။

 

ပူးတွဲကြေငြာချက်တွင် မဟာဗျူဟာမြောက် ဆက်ဆံရေး နက်ရှိုင်းလာစေရေး၊ စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရေးတို့ ဖော်ပြထားပြီး နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မည်သို့ တိုးတက်လာနိုင်ပုံတို့ကိုလည်း ဖော်ပြထားသည်။

 

ကိုးကား - Reuters

 

ပုံစာ - မေလ ၁၆ ရက် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ Zhongnanhai ပန်းခြံတွင် လဘက်ရည်သောက်ပွဲ တက်ရောက်လာသော ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Sputnik/Mikhail Metzel/Pool via REUTERS)

 

တရုတ်
ယူကရိန်း
ရုရှ

Share With
bap-logo