bap-logo
Politics

စစ်ရေးတင်းမာနေတဲ့ လားရှိုးမှာ ဖုန်းအတွင်း VPN တွေ့ပါက ခြိမ်းခြောက်ငွေတောင်းမှုများရှိနေ

PCoNe7yeOO_hPehZ6Z4XN-image

လွန်ခဲ့သော ၃ လ က

ဇွန် ၁၈။

 

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီအဖွဲ့က လက်ကိုင်ဖုန်းတွေ စစ်ဆေးနေပြီး VPN တွေ့ရှိပါက ငွေကျပ်သုံးသောင်း အနည်းဆုံးတောင်းခံနေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံအချို့ဆီက သိရပါတယ်။

 

ဖုန်းအတွင်း VPN တွေ့ရှိပါက ငွေတောင်းခံတာမျိုးရှိနေကြပြီး မပေးပါက ရဲစခန်းပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

"ပစ္စည်းပို့တဲ့သူတွေလည်း အစစ်ခံနေရလို့ လူတော်တော်များများ သတိထားသွားလာနေကြတယ်၊ အချို့ဆို ငွေသိန်းဂဏန်းထိ ပေးနေရတာ၊ အိမ်ကမောင်လေးကိုယ်တိုင် တောင်းခံနေရတယ်" လို့ လားရှိုးမြို့နေသူ အမျိုးသမီးတဦးက ပြောပါတယ်။

 

ဆိုင်ကယ်စီးလာသူ ကားမောင်းလာသူတွေကို ရပ်တန့်ခိုင်းပြီး ယာဥ်ထိန်းရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးနေကြတာလို့ မြို့ခံတွေက ပြောပါတယ်။

 

"လားရှိုးက စစ်အုပ်ချုပ်ရေးမြို့ဆိုတော့ ပိုကြောက်နေရတယ်၊ ပြည့်သူ့စစ်ကိုလဲ ကြောက်နေရတာ၊ ခုလဲတိုက်ပွဲ ဖြစ်တော့မလား စိုးရိမ်နေရတာနဲ့ VPN ကိစ္စက ထပ်ပေါ်လာပြီ ငွေတောင်းချင်လို့ကို စစ်နေတာထင်တယ်၊ အပြင်ထွက်ရင် VPN ဖြုတ်နေရတာက အလုပ်တခုလိုဖြစ်နေပြီ"လို့ မြို့ခံတဦးက ပြောပါတယ်။

 

ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာလည်း လက်ကိုင်ဖုန်းအတွင်း VPN ရှိမရှိစစ်ဆေးနေပြီး တွေ့ရှိပါက ခြိမ်းခြောက် ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။

 

ယခုနှစ် မေလကုန်ကနေ စစ်ကောင်စီက VPN ပိတ်ပင်ရေးကို လုပ်ဆောင်လာပြီး ပုဂ္ဂလိက ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီအချို့ကို အရေးယူခဲ့တာတွေရှိပါတယ်။

 

Burma Associated Press

ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးမြို့
စမတ်ဖုန်း
ဖေ့စ်ဘွတ်ခ်
VPN

Share With
bap-logo