Politics
ရန်ကုန်မှာ ပေါ်တာဆွဲမှာကို ထိတ်လန့်မှုတွေရှိနေ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၂၀။
ပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းတွေကြောင့် ရန်ကုန်မြို့မှာညအချိန် စည်ကားခဲ့တဲ့နေရာတွေမှာ တိတ်ဆိတ် နေပြီး ပြည်သူတွေ ထိတ်လန့်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။
ဒီလိုသတင်းတွေ မထွက်ပေါ်ခင်က ည ၁၀ နာရီ ဝန်းကျင်ထိပြေးဆွဲနေတဲ့ အောက်ဆိုက်ကား၊ ဘေးတွဲဆိုင်ကယ်၊ ဆိုက်ကားနင်းသူတွေ၊ စျေးရောင်းသူတွေ ပုံမှန်ချိန်ထက် အလုပ်ခွင်စောစော သိမ်းခဲ့ကြတယ်လို့ ရန်ကုန်မြို့ခံ တွေက ပြောပါတယ်။
"ကျမက ည ၉ နာရီထိ အလုပ်လုပ်ရတဲ့နေ့တွေဆို အောက်ဆိုက်ကားစီးနေကျ၊ ကားတွေအများကြီးရှိတာ၊ ဒီနေ့ည ၈ နာရီ မထိုးသေးဘူး ညကားတွေအရင်လို မရှိတော့ဘူး၊ လမ်းမှာလဲတိတ်ဆိတ်နေကြတယ်"လို့ ရန်ကုန်မြို့ ပုစွန်တောင် မြို့နယ် နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း လူငယ်တွေ လူပျောက်တယ်ဆိုပြီးမိသားစုဝင်တွေက လူမူကွန်ယက်ပေါ်ကနေ အသိပေးတာ၊ ရန်ကုန်မြို့ မြို့စွန်မြို့နယ်အချို့ ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့နယ်ပြည်သူတွေ ထိတ်လန့်နေ ကြတာဖြစ်ပါတယ်။
ညပိုင်းအသွားအလာနောက်ကျတဲ့သူတွေကို စစ်တပ်ကအကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ သတင်းတွေကြောင့် လုပ်ငန်းခွင် စောစော သိမ်းပြီး နေအိမ်ပြန်ကြတာကြောင့် ရန်ကုန်မြို့ကလမ်းတွေ ည ၉ နာရီ မတိုင်ခင် ကတည်းက ငြိမ်သက်နေတယ်လို့ သာကေတမြို့နယ်မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေနဲ့ ဆိုက်ကား နင်းသူ တွေက ပြောပါတယ်။
" ကျွန်တော်တို့ဂိတ်က အရင်ကဆို ၁၀ နာရီလောက်ထိ ဘေးတွဲရော၊ ဆိုက်ကားရော ၅ စီးကျော်အမြဲရှိနေကြတာ၊ ဒီနေ့ ပေါ်တာဆွဲမယ်ဆိုတဲ့သတင်းကြောင့် စောစောသိမ်းကြတယ်၊ ဖြစ်ပြီးရင်ဘာမှမတတ်နိုင်ဘူး၊ သူတို့ လူလိုနေတာ ဆိုတော့ ငွေပေးလဲ လွတ်ပေးမယ့်ပုံမပေါက်လို့ ရပ်ကွက်ထဲက လူပျိုပေါက်တွေ၊ လူငယ်တွေ မိဘ တွေ ညပေးမထွက်ကြတော့ဘူး" လို့ သာကေတမြို့နယ် လူစည်ကားရာ နေရာမှာ ဆိုက်ကားနင်းသူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့က မြို့နယ် အများစု ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားသူတွေ များနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက အခုရက်ပိုင်းညပိုင်းအချိန်ကင်းလှည့်တာမျိုးတွေ ခပ်စိပ်စိပ်ပြု လုပ်နေပြီး၊ လှည်းတန်းလို နေရာ လူစည်ကားရာ နေရာတွေမှာ မနက်ပိုင်း အချိန်ကတည်းက လူငယ်တွေရဲ့ ကျောပိုးအိတ်၊ လက်ကိုင်ဖုန်းတွေကို စစ်ဆေးနေတယ်လို့ ကမာရွတ်မြို့နယ်မှာ သင်တန်းတက်နေသူတွေက ပြောပါတယ်။
" ကျွန်တော့် သူငယ်ချင်းကို အင်းစိန်လမ်းမပေါ်မှာ စစ်သား ၅ ယောက်က ဖုန်းစစ်တယ်၊ ဖေ့ဘွတ်ယူကြည့်တယ်၊ မက်ဆင်ဂျာမှာ စကားပြောထားတာတွေ ကြည့်တယ်၊ ဓာတ်ပုံတွေလဲဝင်ကြည့်တယ်၊ တော်သေးတာက သင်တန်းအကြောင်းအရာနဲ့ အလှပုံကလွဲပြီး ဘာမှမတွေ့သွားလို့ လွှတ်ပေးလိုက်တာ"လို့ လည်းတန်းမှာ သင်တန်းတက်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
လက်ရှိရန်ကုန်မြို့မှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ဖို့ တားမြစ်ထားတာရှိပါတယ်။
အခုလို သတင်းတွေ မကြာသေးမီကလည်း မန္တလေးမြို့မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပြီး သူတို့အနေနဲ့ ပေါ်တာ ဆွဲတာမျိုးမရှိဘူးလို့ မြို့တွေထဲမှာ လိုက်ကြေညာတာတွေရှိခဲ့ပါတယ်။
Top News
လွန်ခဲ့သော တစ်နာရီ က
လွန်ခဲ့သော ၄ ရက် က