Politics
မြန်မာသည် အာဆီယံအတွက် ပြဿနာတစ်ခုဟု ဖိလစ်ပိုင် သမ္မတပြော
လွန်ခဲ့သော တစ်နှစ် က
စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံမှ ပဋိပက္ခသည် အာဆီယံအတွက် ခက်ခဲသောအရေးတစ်ခုဖြစ်ပြီး ဖြေရှင်းရေးဦးတည်လုပ်ဆောင်ရာတွင် တိုးတက်မှုအနည်းငယ်သာရှိကြောင်းနှင့် တိုက်ခိုက်မှုများ ပိုမိုတင်းမာ ပြင်းထန်လာကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က ပြောကြားသည်။
ဟာဝိုင်ယီမှ ဖိုရမ်တစ်ခုတွင် ပြောကြားမှုကို တနင်္လာနေ့က ဖိလစ်ပိုင်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ မားကို့စ်က အာဆီယံသည် အားထုတ်ကြိုးပမ်းခဲ့ခြင်းရှိသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုများအပါအဝင် အရေးကိစ္စမှာ ရှုပ်ထွေးသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂက မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူ တစ်သန်းကျော်ရှိကြောင်း၊ ဆယ်စုနှစ် တစ်ခုကြာမြင့်ခဲ့သော အခြေမကျသေးသည့် ဒီမိုကရေစီသည် ပြောင်းပြန်လန်သွားခဲ့ကာ တိုင်းပြည်သည် ပဋိပက္ခနှင့် စီးပွားရေးယိုယွင်းမှုသို့ သက်ဆင်းသွားခဲ့သည်ဟု ဖော်ထုတ်ပြောဆိုခဲ့သည်။
“ဒီပြဿနာဖြေရှင်းဖို့ အာဆီယံမှာ ကြီးမားတဲ့ တွန်းအားပေးမှုရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါက အလွန့် အလွန် ခက်ခဲ တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။” ဟု မားကို့စ်က ပြောကြားသည်။
အာဏာသိမ်းမှုအလွန် စစ်အာဏာရှင်တို့၏ အတိုက်အခံတို့အပေါ် ဖြိုခွင်းမှုသည် အားကောင်းလာသည့် ခုခံ တွန်းလှန်ရေးလှုပ်ရှားမှုကို မြင့်တက်လာစေခဲ့သည်။ အာဆီယံ၏ သက်တမ်းနှစ်နှစ်ကြာပြီဖြစ်သည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံကို လိုက်နာအားထုတ်ခြင်းမရှိသရွေ့ အာဆီယံက ထိပ်တန်းဗိုလ်ချုပ်များကို အစည်းအဝေးများ တက်ရောက်ခြင်းမှ ပိတ်ပင်ထားခဲ့သည်။
ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဌတာဝန်ကို မြန်မာနိုင်ငံ အစားထိုး ရယူမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်သုံးဖွဲ့နှင့် ဒီမိုကရေစီလိုလားသူတိုက်ခိုက်ရေးသမားများက မြန်မာစစ်တပ် ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ပြီးခဲ့သည့်လအတွင်းမှ တိုက်ပွဲများအကြား လူဦးရေသောင်းချီ၍ နေရပ် စွန့်ခွာခဲ့ကြရသည်။
စစ်အာဏာရှင်တို့သည် ၎င်း၏ ကိုယ်ပိုင်စစ်တပ်က ထောက်ခံမှုပင် ပျောက်ဆုံးနေပြီဟု လတ်တလော မြင့်တက်လာသည့် တိုက်ခိုက်မှုများအပေါ် လေ့လာဆန်းစစ်ချက်များကို ကိုးကား၍ မားကို့စ်က ပြောကြားသည်။
၎င်းက ပဋိပက္ခကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုများသည် "အလျင်အမြန် မြင့်တက်လာခဲ့” သည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ လူကုန်ကူးမှုသားကောင်များအကြား ဖိလစ်ပိုင်နိုင်ငံသားများလည်း ပါဝင်သည့် အတွက် ထိခိုက်မှုများ ရှိခဲ့သည်။
ကိုးကား - Reuters
ပုံစာ - နိုဝင်ဘာလ ၁၅ ရက် ၂၀၂၃ ခုနှစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အမှုဆောင်အရာရှိချုပ်ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြား နေသော ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်(ဂျူနီယာ)။ (Photo: REUTERS/Carlos Barria/File photo)
Top News
လွန်ခဲ့သော ၄ နာရီ က
လွန်ခဲ့သော ၄ ရက် က