bap-logo
Politics

တရုတ်ပိုင်ဆိုင်မှုများကို စစ်တပ်၏ ဝန်းရံမှုကြောင့် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအန္တရာယ် မြင့်တက်လာ

_lJd0HU-Q5zeWL80QZK1D-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၃။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ အထူးသ‌ဖြင့် တရုတ်၏ ကြေးနီသတ္တုတွင်း ဧရိယာ များတွင်း စစ်အာဏာပိုင်တို့နှင့် ဒီမိုကရေစီထောက်ခံသူ လက်နက်ကိုင် ခုခံတိုက်ခိုက်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှု များ ဖြစ်ပေါ်လာသောအချိန်တွင် မြေအောက်တွင် မြှုပ်နှံထားသည့် အန္တရာယ်များအတွက် စိုးရိမ်မှု မြင့်တက် လာခဲ့ကြသည်။

 

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်အာဏာပိုင်တို့သည် အရင်းအမြစ်များ အတားအဆီးမရှိ ထုတ်ယူနိုင်ရန်အတွက် ခုခံတိုက်ခိုက်သူများကို ဖယ်ရှားရှင်းလင်းရန် လုပ်ဆောင်လာခဲ့သည်။ လက်ပံတောင်း ကြေးနီသတ္တုတွင်းနှင့် အခြားသော တရုတ်အကျိုးစီးပွားများကို ကာကွယ်ရန် စစ်အာဏာပိုင်တို့က လူသတ် မြေမြှုပ်မိုင်းများကို ပတ်လည်မြှုပ်နှံထားသည့် နည်းလမ်းကို သုံးစွဲနေကြောင်း ကျွမ်းကျင်သူများက တွေ့ရှိခဲ့ ကြသည်။

 

ဝါရှင်တန်အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ကတရုတ်ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ စစ်တပ်က မြေမြှုပ်မိုင်းတွေကို ဗျူဟာတစ်ခုအနေနဲ့ အသုံးပြု နေပါတယ်။ဟု ပြောကြားသည်။ ၎င်းကဒါက လက်ပံတောင်သတ္တုတွင်းအနီးမှာ အလုပ်တွေ ပြန်စဖို့အတွက် အာဏာသိမ်းပြီးကတည်းက လေးကြိမ်မြောက် အသုံးပြုတာဖြစ်ပါတယ်ဟု ပြောသည်။

 

လွန်ခဲ့သော နှစ်နှစ်က ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့စဉ်ကပင် စစ်ကိုင်းတွင် ဒီမိုကရေစီ အားပေး ထောက်ခံသူ ခန့်မှန်းခြေ ၁၆ ဖွဲ့ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စုပေါင်း စစ်အာဏာရှင် ဆန့်ကျင် ရေး ခုခံတိုက်ခိုက်မှုများကို တိုးမြင့်လာသောကြောင့် လက်ပံတောင်းတွင် လုပ်ငန်းများ ရပ်တန့်နေခဲ့သည်။ မိုင်းလုပ်ငန်းလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီမှာ တရုတ်နိုင်ငံပိုင် ကာကွယ်ရေးကော်ပိုရေးရှင်း China North Industries Group (Norinco) နှင့် ချိတ်ဆက်လုပ်ဆောင်နေသော ဝမ်ပေါင်သတ္တုတွင်းလုပ်ငန်း၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည်။

 

ဝမ်ပေါင်သတ္တုလုပ်ငန်းက ၎င်း၏ သတ္တုတွင်း ပတ်လည်တွင် ဖောက်ခွဲရေးပစ္စည်းများ လျှို့ဝှက် ဝန်းရံထားသည့် အကြောင်း မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မြန်မာ/ဗမာ နိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အစီရင်ခံစာတွင် ဖော်ပြထားချက်အရ လက်ပံတောင်းကို စည်းခတ်ရန် မြေမြှုပ်မိုင်းများ အသုံးပြုထားကြောင်း သက်သေအထောက်အထားများကို ဒီမိုကရေစီအားပေးထောက်ခံသူ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ယမန်နှစ် ဩဂုတ်လတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ကြေးနီသတ္တုတွင်းသည် နှစ်ပေါင်းများစွာ အငြင်းပွားဖွယ်ရာ ကြုံတွေ့ခဲ့ရသည်။ ဒေသခံလူထုမှ မြေအောက်ရေ ကို ညစ်ညမ်းစေသည့် ဗြုန်း သို့မဟုတ် စွန့်ပစ်အမှိုက်များပါဝင်သည့် ယိုစိမ့်စီးဆင်းမှုများကြောင့် ကန့်ကွက်ဆန္ဒ ပြမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ရွာသူရွာသားများက တရုတ်စီးပွားရေး လွှမ်းမိုးမှု သင်္ကေတဖြစ်သည့် စီမံကိန်းကို ကန့်ကွက်ဆန့်ကျင်မှုများ ပြုပြီးနောက် အကြမ်းဖက်နှိမ်နင်းမှုနှင့် ရင်ဆိုင်ခဲ့ ရသည်။ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင် ကြာမြင့်ခဲ့ပြီဖြစ်သော အချိန်ကပင် ဒီမိုကရေစီ သင်္ကေတ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း သတ္တုတွင်းက ဖိအားတစ်ခုဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ် စစ်တပ်၏ ကြီးကြပ်မှုအောက်မှ ဒီမိုကရေစီတစ်ပိုင်း မြန်မာနိုင်ငံတွင် အတိုက်အခံခေါင်းဆောင်လည်းဖြစ်၊ သတ္တုတွင်း ဆန့်ကျင် ဆန္ဒဖော်ထုတ်မှုများ စုံစမ်းစစ်ဆေးရေး ဥက္ကဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က သတ္တုတွင်း လုပ်ငန်းလုပ်ဆောင်ရန် စီမံကိန်းများကို အကာကွယ်ပြုပေးခဲ့သည်။

 

ပြည်တွင်းထုတ် လူသတ်မိုင်း MM6 ကဲ့သို့သော မြှုပ်နှံထားသည့် ဖောက်ခွဲပစ္စည်းများကို စစ်အာဏာပိုင်တို့က အသုံးပြုလာခြင်းနှင့် ဆက်စပ်၍ ယခုအခါတွင် အခြားသော တရုတ်ကျောထောက်နောက်ခံပြု ပိုင်ဆိုင်မှု များသည်လည်း အာရုံစိုက်ခံလာရပြီဖြစ်သည်။ မြေမြှပ်မိုင်းစောင့်ကြည့်ရေး၏ အဆိုအရ ရှမ်းပြည်နယ် မြောက် ပိုင်း တရုတ်-မြန်မာ ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းတလျောက်ရှိ ဓာတ်အားပေးရုံ၊ နိုင်ငံတလျှောက် ဖြတ်သန်း သွားသည့် ပိုက်လိုင်းတို့လည်း ပါဝင်လာသည်ဟု ဆိုသည်။တရုတ် ခါးပတ်လမ်း ပဏာမ စီမံချက်၏ အခြေခံ အဆောက်အအုံများကို ကာကွယ်ရန် မိုင်းများ ထောင်ထားကြောင်းဟု အစီရင်ခံစာက ဖော်ပြသည်။

 

မြန်မာနိုင်ငံ၏ အင်အားကြီးအိမ်နီးချင်း၊ အဓိက သံတမန်နှင့် စစ်အာဏာရှင်ထောက်ခံသည့် စီးပွားရေးမိတ်ဖက် ဖြစ်သော တရုတ်၏ ပိုင်ဆိုင်မှုများကို စောင့်ရှောက်ရန်နှင့် ကျေနပ်နှစ်သိမ့်စေရန်အတွက် ဗိုလ်ချုပ်ကြီးများ၏ ဗျူဟာသည် Yeshua Moser-Puangsuwan ကဲ့သို့ မြေမြှုပ်မိုင်းဆန့်ကျင်ရေးလှုံ့ဆော်သူများကို မလွှမ်းမိုး နိုင်ခဲ့ပါ။

 

တရုတ် အခြေခံအဆောက်အအုံစီမံကိန်းတွေ ပတ်လည်မှာ မြေမြှုပ်မိုင်းတွေထောင်ထားတဲ့ ကျွန်တော်တို့သိတဲ့ တစ်ခုတည်းသော နေရာပါ။ဟု မြန်မာ မြေမြှုပ်မိုင်းအစီရင်ခံစာ၏ ဦးဆောင်ရေးသားသူ Moser-Puangsuwan က Nikkei Asia ကို ပြောကြားသည်။

 

စစ်အာဏာရှင်လက်အောက်တွင် လူသတ် မြေမြှုပ်မိုင်း ငါးမျိုး ထုတ်လုပ်နေသော မြန်မာ ပြည်တွင်း လက်နက် စက်ရုံသည် လက်နက်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ဘီလျံ အကျိုးအမြတ် ရရှိခဲ့သည်။

 

ကပစ ဟု သိရှိကြသော မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကာကွယ်ရေးပစ္စည်း စက်ရုံများသည် ပြည်ပ စက်ကိရိယာ တင်သွင်းမှုများမှလက်နက်ငယ် ကျည်များ၊ လက်ပစ်ဗုံးများ၊ အမြောက်ကျည်ခွံများနှင့် လူသတ်၊ ယဉ်ဖျက် မြေမြှုပ်မိုင်းများ ထုတ်လုပ်၍ အကျိုးအမြတ် ရယူခဲ့သည်။ဟု မေလက ထုတ်ပြန်သော မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအပေါ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာဘီလီယံ ဒေါ်လာ သေမင်းတမန် ကုန်သွယ်ရေး - မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်စေသည့် နိုင်ငံတကာ လက်နက်ကုန်သွယ်မှု ကွန်ရက်များတွင် ဖော်ပြထားသည်။

 

အန္တရာယ်ကို ပိုမိုမြင့်မားစေသည်မှာ စစ်အာဏာရှင်တို့၏ ပြိုင်ဘက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း ဈေးသက်သာ၍ တပ်ဆင်ရလွယ်ကူသည့် လက်နက်ရွေးချယ်မှု အဖြစ် ကိုယ်ပိုင် မြေမြှုပ်မိုင်းများ မြှုပ်နှံထားကြခြင်းဖြစ်သည်။ တိုးတက်များပြားလာသော အရေအတွက်ကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် အခြားပြည်နယ်နှင့် တိုင်း ၁၀ ခုတွင် မြေမြှုပ်မိုင်းတွေ့ရှိရမှု ယခုနှစ် ပထမ သုံးလပတ်အတွက် အကဲဖြတ်ချက်တွင် တွေ့ရှိရသည်။

 

ထိုစိုးရွံ့ဖွယ်အခြေအနေသည် မြေမြှုပ်မိုင်းစောင့်ကြည့်ရေး၏ ရှာဖွေတွေ့ရှိမှုနှင့်လည်း တူညီနေပါသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၂ မှ မြို့နယ် ၃၂၅ ခု အနက် ၉၇ ခုတွင် လူသတ်မိုင်းများ တွေ့ရှိရပြီး ၂၀၂၂ ခုနှစ်တွင်မူ အာဏာသိမ်းဆည်းစဉ်က အစ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် မြေမြှုပ်မိုင်း သက်ရောက်မှု နယ်မြေသစ်များ အပါအဝင် ၁၄၇ မြို့နယ်တွင် ပိုမိုတွေ့ရှိလာရသည် ဟု ဖော်ပြထားသည်။

 

UNICEF အဆိုအရ ၂၀၂၂ တစ်ခုလုံးတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒဏ်ရာရသေဆုံးသူ ၃၉၀ ဦး ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ် ပထမ လေးလတွင်ပင် ၃၈၈ ဦး ရှိခဲ့သည်ဟု ဆိုသည်။ လူသားချင်း စာနာရေးအဖွဲ့များက မြေမြှုပ်မိုင်းကြောင်း သေဆုံးမှုနှင့် ဒဏ်ရာရမှုများကို ဆယ်စုနှစ်များစွာ လေ့လာချက် များအရ အဆိုးဆုံးအခြေအနေများ လာဦးမည်ဟု စိုးရိမ်နေကြသည်။

 

မြေမြှုပ်မိုင်း၊ မပေါက်ကွဲသေးတဲ့ ကျည်နဲ့ အခြားပေါက်ကွဲစေတဲ့ ကိရိယာတွေကြောင့် နှစ်စဉ် အရပ်သား မတော်တဆဖြစ်မှုတွေဟာ ရာနဲ့ ချီလာပါတယ်။ဟု မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာသော မြေမြှုပ်မိုင်းတိုက်ပွဲ အခြေအနေနှင့် ပတ်သတ်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက အီးမေးလ်ဖြင့် ပြန်လည် ဖြေကြား သည်။မြေမြှုပ်မိုင်းနဲ့ အခြားသော ပေါက်ကွဲစေတဲ့ ကိရိယာများဟာ ဘယ်သူနင်းမိမှ ပေါက်ကွဲစေဆိုတာ ခွဲခြားမှုမရှိဘဲ လူမှုအသိုင်းအဝိုင်းများစွာဟာ ပြင်းထန်စွာ ထိခိုက်ရပါတယ်ဟု ဆိုသည်။

 

မြေမြှုပ်မိုင်း များပြားလာမှုသည်ထိခိုက်ဒဏ်ရာရမှုများကြောင့် မိသားစု ဝင်ငွေ ရှာဖွေပေးသူတို့ကို ဆုံးရှုံးရခြင်း သို့မဟုတ် လယ်သမားများ ၎င်းတို့ မြေပေါ်တွင် အလုပ်မလုပ်ကိုင်နိုင်ခြင်းတို့ကို ဦးတည်စေသည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မှတ်ချက်ပြုသည်။

 

ကိုးကား - Nikkei Asia

 

ဓာတ်ပုံ- AP)

 

ပုံစာ - ၂၀၁၄ ခုနှစ်က လက်ပံတောင်းကြေးနီသတ္တုတွင်းအနီး စည်းရိုးခတ်မှုကို လုံခြုံရေးယူနေသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ။

 

Burma Associated Press

မြန်မာ
စစ်ကောင်စီ
တရုတ်
မြေမြုပ်မိုင်း

Share With
bap-logo