bap-logo
Politics

စစ်ဒဏ်သင့် မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ရပ်တန့်ရန် အိန္ဒိယ တိုက်တွန်းခံရ

dp0Cme5jzrC0Mx_dGy9Cp-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၃၀။

 

မြန်မာ့အရေးလှုပ်ရှားသူ Justice for Myanmar က စစ်ဒဏ်သင့်နေသော မြန်မာနိုင်ငံကို လက်နက်များ ရောင်းချနေမှု ရပ်တန့်ရန် တောင်းဆိုလိုက်သည်။ ဆွီဒင်နှင့် အမေရိကန်နိုင်ငံအပါပဝင် အနောက်နိုင်ငံ မဟာမိတ် များကိုလည်း ပူးပေါင်းတိုက်တွန်းရန် တောင်းဆိုသည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည့်နောက်ပိုင်းတွင်ပင် ဆွီဒင်မှ ဒီဇိုင်း ထုတ်ပြီး အိန္ဒိယတွင် ပြုလုပ်သည့် လက်နက်အစိတ်အပိုင်းများ မြန်မာသို့ တင်ပို့နေသည်ကို Justic for Myanmar သုတေသနများတွင် တွေ့ရှိခဲ့သည်။

 

အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု ပိတ်ဆို့ချက်များ ပြဌာန်းထားသော်လည်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ၁,၆၀၀ ကီလိုမီတာ ထိစပ်နေသည့် အိန္ဒိယနိုင်ငံသည် မြန်မာ စစ်အာဏာရှင်တို့အတွက် လက်နက်တင်သွင်းသူများထဲမှ တစ်ဦးအဖြစ် ကျန်ရှိနေသည်။

 

အိန္ဒိယက တင်ပို့နေတဲ့ လက်နက်၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေဟာ မြန်မာစစ်တပ်အတွက် အရေးပါပြီး စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေးကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ လုပ်ဆောင်နိုင်စေပါတယ်။ဟု Justice for Myanmar ပြောခွင့်ရ မရတနာမောင်က VOA ကို ပြောသည်။

 

အိန္ဒိယမှ ကုန်ပစ္စည်းတင်ပို့ခဲ့မှုက ပြစ်မှုများတွင် ပိုမိုပါဝင်လာရာရောက်ကြောင်းနှင့် အိန္ဒိယ၏ စစ်အာဏာရှင် များကို ထောက်ပံ့နေမှုအား အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့ပါဝင်သည့် Quad မဟာမိတ် များ အဖွဲ့မှ ဝင်ရောက်တားဆီးရန် တောင်းဆိုခဲ့သည်။

 

အိန္ဒိယ ကုန်ပစ္စည်းတင်ပို့မှု မှတ်တမ်းများအရ နိုဝင်ဘာ ၂၀၂၂ နှင့် ဧပြီလအတွင်းတွင် နိုင်ငံပိုင် Bharat Electronics နှင့် လက်နက်ပွဲစားများမှ အမေရိကန်ဒေါ်လာ သန်းအထက် တန်ဖိုးရှိသည့် တင်ပို့မှုများ မြန်မာ စစ်တပ်ထံသို့ ပေးပို့ခဲ့ကြောင်း Justice For Myanmar မှ ပြောကြားသည်။

 

မြန်မာစစ်တပ်မှ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဟောင်ဝစ်ဇာအမြောက်များအတွက် အသုံးပြုဖွယ်ရာရှိသည့် ၁၂၂ မမ ပြောင်း ၂၀ ခုကို Yantra India မှ ယမန်နှစ် အောက်တိုဘာလတွင် တင်ပို့ခဲ့သည့် မှတ်တမ်းများ တွေ့ရကြောင်း Justice For Myanmar မှ ပြောကြားသည်။

 

ကမ္ဘာ့ကုန်သွယ်မှုခြေရာခံဝန်ဆောင်မှု Panjiva အချက်အလက်များအရ အိန္ဒိယ၏ Sandeep သတ္တု လုပ်ငန်းမှ ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်များတွင် မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားထံသို့ ဖေါက်ခွဲရေး စနက်တံ ထောင်ပေါင်းများစွာ ပေးပို့ခဲ့သည်ဟု ဖော်ပြထားသည်။

 

၂၀၁၉ ခုနှစ် တင်ပို့မှုများသည် ဆွီဒင်မှ ဒီဇိုင်းပြုလုပ် ထုတ်လုပ်ထားသည့် ပုခုံးထမ်းလက်နက် ၈၄ မမ ကားဂုစတဖ် အတွက် မိုဒယ် ၄၄၇ ဖြစ်သည်ဟု Justice For Myanmar က ဆိုသည်။ ၂၀၂၂ တင်ပို့မှုများမှာလည်း တူညီသော စနက်တံများပင် ဖြစ်သည်ဟု ယုံကြည်ရကြောင်း ပြောသည်။

 

၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဆွီဒင်လက်နက်ထုတ်လုပ်ရေးကြီး Saab က အိန္ဒိယတွင် ကားဂုစတဖ် ထုတ်လုပ်ရေးစက်ရုံတစ်ရုံ တည်ဆောက်ရန် အစီအစဉ်ကို ကြေညာခဲ့ပြီး စက်ရုံတည်ဆောက်ပြီး ၂၀၂၄ ခုနှစ်တွင် လည်ပတ်မည်ဟု ဆိုသည်။

 

Saab က အိန္ဒိယမှာ လက်နက်ထုတ်လုပ်မယ်ဆိုရင် ဒီလက်နက်တွေ ဘယ်လိုဖြစ်မယ်ဆိုတာ အာမခံပြီး မပြော နိုင်ပါဘူး။ ဆွီဒင်နဲ့ Saab ထံက အဆုံးသတ်အသုံးပြုမှုနဲ့ အဆုံးသတ်အသုံးပြုသူတွေအတွက် တောင်းဆိုချက် တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သဘောတူညီချက်တွေကို ကျွန်မတို့ မမြင်ရတဲ့အတွက် မြန်မာကို မရောင်းချရန်ဆိုတဲ့ တောင်းဆိုချက်တွေ ရှိ မရှိကိုလည်း မသိနိုင်ပါဘူးဟု မရတနာမောင်က ပြောသည်။

 

၎င်းကဲ့သို့သော သဘောတူညီချက်များရှိလျှင်သော်မှ လက်နက်များကို တင်ပို့ခြင်းမရှိကြောင်း အာမခံသည့် လက်တွေ့ကျကျ ပြသနိုင်သည့် နည်းလမ်း မရှိဟု သူမက ဆိုသည်။ ဆွီဒင်ကို အိန္ဒိယလက်နက် ထုတ်လုပ်သူ များသို့ လိုင်စင်ပေးခြင်းနှင့် ထုတ်လုပ်ရေးသဘောတူညီချက်များ ရပ်ဆိုင်းရန် တောင်းဆိုထားသည်။

 

Saab နှင့် ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဗွီအိုအေ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ပါ။

 

Bharat Sandeep Yantra နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း အကြောင်းမပြန်ပါ။

 

Bharat Sandeep နှင့် Yantra တို့၏ တင်ပို့မှုများသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အိန္ဒိယ၏ လက်နက် တင်ပို့မှုများမှ နောက်ဆုံးတင်ပို့ခဲ့သမျှသာ ရှိပါသေးသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ယခင်လက အစီရင်ခံစာတွင် အိန္ဒိယ၏ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု အားလုံးသည် အမေရိကန်ဒေါ်လာ ၅၁ သန်း အနည်းဆုံးရှိသည်ဟု ဆိုသည်။

 

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နိုင်ချေကို အိန္ဒိယအနေနှင့် မသိရှိပါဟု အကြောင်းမပြနိုင်သောကြောင့် လက်နက်တင်ပို့မှုများသည် Wassenaar သဘောတူညီချက်အရ နယူးဒေလီလိုက်နာရမည့် အချက်များကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း Andrews က ၎င်းအစီရင်ခံစာတွင် ပြောကြားထားသည်။

 

အိန္ဒိယအနေဖြင့် မြန်မာသို့ တင်ပို့လိုက်သော လက်နက်များသည် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုနိုင်သည်ကို သိရှိထားသင့်သည်ဟု Andrews က ရေးသားထားသည်။

 

၎င်းက မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် အိန္ဒိယနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးများမှ မြန်မာ နိုင်ငံကို လက်နက်များနှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်း ရပ်တန့်ရန်၊ အိန္ဒိယအစိုးရမှ ၎င်းလက်နက်များ လွှဲပြောင်းခြင်းကို ခွင့်ပြုခြင်းမှ ရပ်တန်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

 

နိုင်ငံအားလုံးသို့ တောင်းဆိုခြင်း

 

အိန္ဒိယသည် ရုရှားမှ လက်နက်နှင့် ရေနံမှာယူမှု တိုးမြှင့်လာခဲ့ပြီး ယူကရိန်းကျူးကျော်မှုကို ရှုံ့ချသည့် ကုလသမဂ္ဂ ၏ မဲခွဲမှုကိုလည်း မဲမပေးဘဲ နေခဲ့သည်။ ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆို မဲခွဲမှုကိုလည်း တရုတ်နှင့် ရုရှားနည်းတူ မဲမပေးဘဲ နေခဲ့သည်။

 

Modi အမေရိကန်ခရီးစဉ်မတိုင်မီ Justice For Myanmar က အိန္ဒိယ၏ မြန်မာနိုင်ငံသို့ လက်နက် တင်ပို့မှုများအကြောင်း ၎င်းတို့၏ နောက်ဆုံးရှာဖွေတွေ့ရှိချက်များကို ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန် ခဲ့သည်။ ၎င်းထုတ်ပြန်ချက်တွင် နယူးဒေလီနှင့် စစ်အာဏာရှင် အဆက်အသွယ်ဖြတ်တောက်ရန် ဝါရှင်တန်မှ တွန်းအားပေးရန်နှင့် အိန္ဒိယသို့ လက်နက်အကူအညီပေးရာတွင် စံနှုန်းများ ထည့်သွင်းခြင်းဖြင့် ဖိအားပေးရန် တောင်းဆိုခဲ့သည်။

 

အမေရိကန်နိုင်ငံခြားရေးဌာနကို ဗီအိုအေက အမေရိကန်အနေဖြင့် Modi ရောက်ရှိနေစဉ်အတွင်း လက်နက် တင်ပို့မှု တိုးမြှင့်ခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ အီးမေးလ်ဖြင့် ပြန်လည်အကြောင်းပြန်ခဲ့ပြီး “Modi ရောက်ရှိနေစဉ် အတွင်း မြန်မာနိုင်ငံမှ ယိုယွင်းလာသည့် အခြေအနေများကို အမေရိကန်နိုင်ငံအနေဖြင့် လေးနက်စွာ စိုးရိမ်မိ ကြောင်းဖော်ပြခဲ့သော်လည်း မေးခွန်းကို တိုက်ရိုက်ဖြေဆိုခဲ့ခြင်း မရှိပါ။

 

၎င်းဖြေဆိုမှုတွင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံအားလုံးမှ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု ပိတ်ဆို့ရန်၊ မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ထပ်ပြန်တလဲ ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

 

ကိုးကား - VOA

 

ပုံစာ - မတ်လ ၂၇ ရက် ၂၀၂၃ ခုနှစ်က တပ်မတော်နေ့ အခမ်းအနားမှ ထွက်ခွာသွားသော မြန်မာစစ်တပ် တပ်ဖွဲ့များ။

 

(Photo: AP)

 

Burma Associated Press

အိန္ဒိယ
မြန်မာ
စစ်တပ်
အာဏာသိမ်း

Share With
bap-logo