bap-logo
Politics

မြန်မာအစိုးရပိုင် ဘဏ်များအပေါ် အမေရိကန်နိုင်ငံရဲ့ အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်

DzvxKa9xuP3rgIJNYrt4G-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၂၂။

 

အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ၂၁ ရက် ဇွန်လ၊ ၂၀၂၃ နေ့စွဲဖြင့် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်း၀ယ်ရေးဘဏ် (MICB)တို့ကို အရေးယူသတ်မှတ်မှုများ ပြုလုပ်လိုက်ကြောင်း ကြေညာလိုက်သည်။

 

အာဏာသိမ်းယူစဉ်ကစပြီး ကာကွယ်ရေးဝန်ကြီးဌာနသည် အရေးယူပိတ်ဆို့မှုများ သတ်မှတ်ခံထားရသည့် ရုရှားနိုင်ငံမှ တင်သွင်းမှု အပါအဝင် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလျံတန်ဖိုးရှိသည့် ကုန်စည်နှင့် ပစ္စည်း များ တင်သွင်းခဲ့ကြောင်း၊ ၎င်းတင်သွင်းမှုများသည် ရုရှားအတွက် အကျိုးအမြတ်ရရှိစေပြီး မြန်မာနိုင်ငံတွင် စစ်တပ်အတွက်လည်း လူထုအပေါ် ဆက်လက်ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်လက်နက် ပစ္စည်းများ ရရှိစေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

မြန်မာစစ်တပ်သည် ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများကို ဖျက်ဆီးသည့် လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်လာကြောင်း၊ ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် အရပ်သား ၃,၆၀၀ အထက် သေဆုံးခဲ့ပြီး အိမ်နှင့် အဆောက်အအုံ ထောင်ပေါင်းများစွာ ပျက်ဆီးခဲ့ကြောင်း လူဦးရေ . သန်းခန့် ရွှေ့ပြောင်းခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

 

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချ၍ ဖြိုခွင်းမှုများအတွင်း ထောင်ပေါင်းများစွာသော အတိုက်အခံများကို သတ်ဖြတ်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံနှင့် အခြားအနောက်နိုင်ငံများက မြန်မာစစ်တပ် ခေါင်းဆောင်များကို ပိတ်ဆို့အရေးယူမှု အကြိမ်ကြိမ် ပြဌာန်းခဲ့သည်။

 

မြန်မာစစ်အာဏာရှင်တို့၏ ပြောရေးဆိုခွင့် ရှိသူကမူ ပိတ်ဆို့အရေးယူမှုအသစ်များကို စိုးရိမ်ရန် မရှိဟု ဆိုသည်။

 

ဇော်မင်းထွန်းက အစိုးရပိုင် မြဝတီကို အင်္ဂါနေ့ ညနေက ပြောကြားရာတွင် ပိတ်ဆို့အရေးယူမှုများကို ယခင်ကလည်း ကြုံတွေ့ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာအစိုးရပိုင် ဘဏ်များကို ပိတ်ဆို့အရေးယူမှုအသစ်များ ပြုလုပ်လျှင်လည်း ဆုံးရှုံးမှုများ ကြုံတွေ့ရမည်မဟုတ်ဟု ဆိုသည်။

 

၎င်းက ပြောကြားသည်မှာ အမေရိကန်နိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေးတွင် အခက်အခဲများ ပေါ်ပေါက်စေရန်သာ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းကဲ့သို့ ပိတ်ဆို့မှုများသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားရောက်ရာတွင် မလိုအပ်သော နှောင့်နှေးမှုများကိုသာ ဖြစ်ပေါ်စေသည်။ဟု ၎င်းက ပြောကြားသည်။

 

ဘန်ကောက်စီးပွားရေးသတင်းဌာန၏ အစီရင်ခံချက်တစ်ခုတွင် ဒေသတွင်းဘဏ်များနှင့် ချိတ်ဆက်မှုများ ရှိသည့်အတွက် ပိတ်ဆို့အရေးယူမှုများသည် ထိုင်းနိုင်ငံနှင့် အခြားဒေသတွင်း နိုင်ငံများကိုလည်း သက်ရောက်မှု ရှိမည်ဟု ထိုင်းသတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသည်။

 

အမေရိကန်သံရုံးမှ ထိုင်းနိုင်ငံအပေါ် သို့မဟုတ် အခြားနိုင်ငံများအပေါ် ပိတ်ဆို့အရေးယူမှုများဖြစ်ပေါ်လာပါက ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကို မည်သို့လျော့ချမည်ဆိုသည်ကို ထိုင်းအစိုးရနှင့် ပုံမှန်ပြောဆို ဆွေးနွေးမှုများရှိသည်ဟု ပြောကြားသည်။

 

ကိုးကား - ရိုက်တာ

 

Burma Associated Press

 

အမေရိကန်
ပိတ်ပင်
စစ်ကောင်စီ
ဘဏ်

Share With
bap-logo