bap-logo
Politics

မြန်မာစစ်အာဏာပိုင်တို့၏ လူသားချင်းစာနာမှုအကူအညီ ကန့်သတ်ခြင်းများမှာ စစ်ရာဇဝတ်မှုမြောက်နိုင်ဟု ကုလပြော

PAyICUtfJfbtH8u7M17Ri-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁။

မြန်မာနိုင်ငံစစ်အာဏာပိုင်တို့က အသက်ကယ်ဆယ်ရေး အကူအညီများကို ကန့်သတ်တားမြစ်ခြင်းများ ပိုမို လုပ်ဆောင်လာပြီး ဂုဏ်သိက္ခာမဲ့စွာ ဆက်ဆံမှု၊ ငတ်မွတ်ခေါင်းပါးစေမှု၊ အစုအဖွဲ့အလိုက် ပြစ်ဒဏ်ခတ်မှုကဲ့သို့ သော စစ်ရာဇဝတ်မှုအထိ ရောက်ရှိလာနိုင်ကြောင်း သောကြာနေ့တွင် ကုလ လူ့အခွင့်အရေးအစီရင်ခံစာတွင် ဖော်ပြသည်။

 

အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်ကစပြီး အလုံးစုံထိန်းချုပ်သည့် စနစ်ကို တည်ဆောက်ထားကြောင်းနှင့် လူထု၏ လိုအပ်ချက်နှင့် ရပိုင်ခွင့်များကို ဖြည့်ဆည်းနိုင်ရေး အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။

 

စစ်သားများက ဆေးရုံဆေးခန်းများ၊ အစားအသောက်သိုလှောင်ရုံများကို ပစ်မှတ်ထားနေကြောင်း ရေတွင်းများ ဖျက်ဆီးခံရကြောင်းနှင့် ရွာသို့ပြန်၍ အစားအစာ ထုတ်လုပ်ရန် ကြိုးပမ်းသူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေ ကြောင်းလည်း ဖော်ပြထားသည်။

 

အာဏာသိမ်းစဉ်က စတင်ရေတွက်လျှင် အကူအညီပေးရေး လုပ်ဆောင်သူ ၄၀ ထိ သတ်ဖြတ်ခံခဲ့ရပြီး အချို့မှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

လက်နက်ကိုင်ပဋိပက္ခအရေးတွင် လူသားချင်းစာနာမှုအကူအညီများကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်း၊ ငြင်းပယ်ခြင်းများသည် ဆန္ဒရှိစွာ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် အခြားသော ဂုဏ်သိက္ခာမဲ့ ဆက်ဆံ မှုများ၊ ငတ်မွတ်ခေါင်းပါးစေခြင်းနှင့် အစုအဖွဲ့အလိုက် ပြစ်ဒဏ်ခတ်မှုများကဲ့သို့သော စစ်ရာဇဝတ်မှု မြောက်စေ နိုင်သည် သို့မဟုတ် နိုင်ငံတကာ ဥပပေဒကို ချိုးဖောက်ရာရောက်နိုင်သည်ဟု ဖော်ပြထားသည်။

 

မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပြုပေးစေရန် ချက်ချင်းဆက်သွယ်၍ မရခဲ့ပေ။ စစ်အာဏာပိုင် တို့ကမူ အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း၊ နိုင်ငံမတည်ငြိမ်ရန် လုပ်ဆောင်နေသော အကြမ်းဖက် သမားများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ငြင်းဆိုလေ့ရှိသည်။

 

ကုလသမဂ္ဂအစီရင်ခံစာတွင် စစ်အာဏာသိမ်းစဉ်ကစပြီး ဧပြီလ ၂၀၂၃ ခုနှစ်အထိ စစ်တပ်နှင့် ၎င်း၏ အစွယ် အပွားများ လက်ချက်ကြောင့် ၃,၄၅၂ ဦး သေဆုံးခဲ့ပြီး ၂၁,၈၀၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ယုံကြည်ရသည့် အရင်းအမြစ်ကို ကိုးကားဖော်ပြသည်။

 

ကုလ လူ့အခွင့်အရေး ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က မီဒီယာရှင်းလင်းပွဲတစ်ခုတွင်အကူအညီပေးရေး လုပ်ဆောင်သူတွေဟာ ဖမ်းဆီးခံရဖို့၊ အနှောင့်အယှက်ခံရဖို့နဲ့ တခြားသော ဂုဏ်သိက္ခာမဲ့ ဆက်ဆံခံရဖို့နဲ့ သေလောက်တဲ့အထိတောင် အန္တရယ်တွေနဲ့ အမြဲ ကြုံတွေ့နေရပါတယ်။ဟု ပြောကြားခဲ့သည်။

 

၎င်းကအကူအညီပေးရေးလုပ်ဆောင်သူတွေဟာ စစ်တပ်အုပ်ချုပ်မှုဆန့်ကျင်သူတွေကို ကူညီပေးနေတယ်လို့ စစ်တပ်က ယူဆပြီး ရန်သူလို လုပ်ဆောင်နေပါတယ်။ စစ်တပ်က ဖြတ်လေးဖြတ်စနစ်နဲ့ အသက်ရှင်သန်ရေး၊ အစားအသောက်၊ အဆောက်အအုံနဲ့ ဆေးရုံဆေးခန်းတွေအတွက် လိုအပ်တဲ့ ကုန်စည်နဲ့ အခြေခံ အဆောက်အအုံ တွေကို ဖျက်ဆီးနေတဲ့အချိန်အတွင်းမှာပဲ အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်၊ အနာတရဖြစ်အောင် လုပ်ဆောင်နေပါတယ်ဟု အစီရင်ခံစာကို ကိုးကားပြောဆိုသည်။

 

၁၇ သန်းသော လူထု သို့မဟုတ် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် အကူအညီများ လိုအပ်နေကြောင်း ကုလက ပြောသည်။ မေလက တိုက်ခတ်ခဲ့သော ဆိုင်ကလုံး မိုခါဒဏ် ခံစားခဲ့ရသူများကို တိုက်ရိုက် ကူညီ ထောက်ပံ့ရန် ခွင့်ပြုချက် အားနည်းနေသေးကြောင်း ကုလ လူသားချင်းစာနာမှုရုံးမှ ပြောကြားသည်။

 

၎င်း မီဒီယာရှင်းလင်းပွဲတွင်ပင် မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ခေါင်းဆောင် James Rodehaver ကစစ်တပ် ခေါင်းဆောင်တွေဟာ လက်နက်ကိုင်အစုအဖွဲ့တွေအပါအဝင် လူအများအပြားက ဘယ်လို ထောက်ပံ့မှုမျိုးမှ မလုပ်ရဲအောင် အကြောက်တရား ရှိနေစေဖို့ ဒါမှမဟုတ် စစ်တပ်ကို ထောက်ခံလာအောင် ဒါမှမဟုတ် အနည်းဆုံး တော့ နိုင်ငံအုပ်ချုပ်သူတွေအဖြစ် လက်ခံလာအောင် ခြောက်လှန့်နေတာပဲ ဖြစ်တယ်ဟု ပြောကြားခဲ့သည်။

 

ကိုးကား - ရိုက်တာ၊ ကုလသမဂ္ဂ

 

ပုံစာ - မုံရွာမြို့အနီး ရွာတစ်ရွာတွင် ကုလက ဖြန့်ဝေသည့် မြေဩဇာအိတ်ကို သယ်ဆောင်လာသော အမျိုးသမီးတစ်ဦး။

 

ဓာတ်ပုံ- FAOAid restrictions by Myanmar junta may be war crimes-UN.

 

Burma Associated Press

UN
မြန်မာ
စစ်ကောင်စီ
အာဏာရှင်

Share With
bap-logo