Article
လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ အရပ်သားပစ်မှတ်တွေ တိုက်ခိုက်တာကို တစ်ပတ်အတွင်း ၂ ကြိမ် ကိုယ်တွေ့ ကြုံရတဲ့ သတင်းထောက်တစ်ဦးရဲ့ ပြောဆိုချက်
လွန်ခဲ့သော ၉ လ က
မတ် ၂၀။
အဖြစ်အပျက် -၁
- “မွေးနေ့ပွဲ”
မတ်လ ၁၀ ရက်
ဒီမွေးနေ့ပွဲအကြောင်းကို မပြောခင်၊ ဒီဘက်ကျေးလက်က မွေးနေ့ပွဲတွေအကြောင်းကို ပြောပြချင်ပါတယ်။
ငွေကြေးတတ်နိုင်တဲ့ မိဘတွေက ကလေးမွေးနေ့ပွဲဆိုတာကို ခမ်းခမ်းနားနားလုပ်လေ့ရှိပါတယ်။ ဒီဂျေအသံတွေဖွင့် ရွာထဲရှိသမျှ လမ်းလျှောက်တတ်အရွယ်ကနေ ဆယ်ကျော်သက်အရွယ်အထိ ကကြခုန်ကြလုပ်ကြတာမျိုးပါ။
ကျေးရွာဓလေ့ အခြားအလှူအတန်းတွေလိုပဲ ကာလသား ကာလသမီးတွေလည်းက တရုန်းရုန်းနဲ့ စည်စည် ကားကား လုပ်လေ့ရှိကြပါတယ်။
အလားတူမွေးနေ့ပွဲတစ်ခုကို ကော့ကရိတ်တောင်ပိုင်း၊ ကမိုင်ကုန်းရွာမှာ အခုလ ၁၀ ရက်က ပြုလုပ်ခဲ့ပါတယ်။
ကမိုင်ကုန်းရွာဟာ အာရှလမ်းမကြီးနဲ့ကပ်လျက် စစ်တပ်ရဲ့ လှိုင်ဝအမြောက်ကုန်းနဲ့ လက်နက်ကြီး တစ်ကမ်း သာသာ အကွာအဝေးမှာရှိပါတယ်။
ဒီလို နီးကပ်မှုကြောင့် ရွာသားတွေဟာ မွေးနေ့ပွဲကို ဒီဂျေအသံမပါဘဲ အနီးအနား အိမ်တွေဖိတ်ရင်း တိတ်တဆိတ်ကျင်းပနေချိန်ဖြစ်ပါတယ်။
မနက် ၁၀ နာရီဝန်းကျင်-
မွေးနေ့ပွဲဖြစ်တာကြောင့် အိမ်ခြံဝန်းထဲမှာ လူ ၅၀၊ ၁၀၀ နီးပါး ရှိနေချိန်ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ ‘ဖရော ဖရော ဖရော’ ဆို ကောင်းကင်ကနေ တစ်စုံတစ်ရာက မွေးနေ့ပွဲလုပ်ရာခြံအတွင်း ကျလာခဲ့ပါတယ်။
အလှူအတွက် ချက်ပြုတ်ခူးခပ် ကူညီပေးနေတဲ့ အိုးသူကြီးတွေနားကို ကျလာတာဖြစ်ပြီး အိုးသူကြီးဝိုင်းက တစ်ယောက်က ကောင်းကင်ကနေ ဘာမှန်းမသိကျလာတဲ့အရာကို အုန်းသီးကြွေတယ်မှတ်ပြီး လက်နဲ့ လိုက်ဖမ်းခဲ့သေးတယ်လို့ ပြန်ပြောပြပါတယ်။
မမြင်မစမ်း လိုက်ဖမ်းပေမဲ့ မမိခဲ့ဘဲ အဲဒီအရာက ဖမ်းတဲ့လူရဲ့ အနောက်ဖက် ဝက်လူးထားတဲ့ ရွံ့အိုင်ထဲကို ‘စွပ်’ ခနဲ ကျသွားပါတယ်။
အဲဒီတော့မှ ကောင်းကင်က ကျလာတဲ့အရာဟာ အုန်းသီးမဟုတ်ဘဲ စစ်ကောင်စီ ဒရုန်းကနေ ဖြုတ်ချလိုက်တဲ့ ဗုံးသီးမှန်းသိပြီး ဝရုန်းသုံးကား ထွက်ပြေးကြပါတော့တယ်။
ဓာတ်ဘူးလုံးလောက်ရှိတဲ့ဗုံးသီးဟာ ဝက်လူးအိုင် ရွံ့ပျော့ထဲ ကျတာကြောင့် ပေါက်ကွဲခဲ့တာတော့ မရှိပါဘူး။
အကယ်၍ အဲဒီ ပထမဆုံးအလုံးသာ ပေါက်ကွဲခဲ့မယ်ဆိုရင် အိုးသူကြီးဝိုင်းက အရပ်သား လူဆယ်ဂဏန်းဟာ မတွေးရဲစရာအခြေအနေကို ကြုံရမှာ ဧကန်ပါပဲ။
ပထမဆုံး အလုံးလို့ ပြောရတာက လူတွေရှောင်ပြီး မကြာခင်မှာပဲ နောက်ထပ် ဒရုန်းဗုံးသီးတစ်ခုက အဲဒီနေရာကို ထပ်ချခဲ့ပြီး ပေါက်ကွဲခဲ့လို့ပါ။ မွေးနေ့ရှင် အိမ်က သစ်ပင်ကိုထိပြီး ပေါက်ကွဲခဲ့ပါတယ်။
နောက်ထပ် နောက်ထပ်
စစ်ကောင်စီဟာ အရပ်သားတွေချည်းပဲရှိနေတဲ့ နေရာကို စုစုပေါင်း ဗုံးသီးလေးလုံး ဒရုန်းက ချပြီး တိုက်ခိုက် ခဲ့ပါတယ်။ အရပ်သားတွေချည်းလို့ ဆိုရတာက ကော့ကရိတ်မှာ မြို့ပြစိုးမိုးရေးလုပ်နေတဲ့ စစ်ဆင်ရေးကြောင့် ဘယ် PDF ကမှ အဲဒီအလှူမှာရှိမနေလို့ တပ်အပ် ပြောနိုင်တာပါ။
ဝက်လူးအိုင်ထဲ ကျသွားပြီး မပေါက်ကွဲတဲ့ ပထမဆုံး ဗုံးသီးကြောင့်သာ မဟုတ်ရင် ဘယ်သူမှ ရှောင်တိမ်းနိုင်မှာ မဟုတ်ဘဲ မွေးနေ့ပွဲဟာ အကျည်းတန်စရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။
အဖြစ်အပျက် - ၂
- “လမ်းဆုံ”
မတ်- ၁၆ ရက်
အဇင်းကျေးရွာဟာ ကြာအင်းဆိပ်ကြီး - ကျိုက်ဒုံ- ပိုင်ခလန် (မြန်မာ-ထိုင်း နယ်စပ်) သွားလမ်းပေါ်မှာရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။
ရွာလယ်ပိုင်းလို့ဆိုရမဲ့ အဇင်းဘုန်းကြီးကျောင်းရှေ့လမ်းဆုံဟာ လူသွားလူလာမပြတ် စည်ကားတဲ့နေရာဖြစ်ပါတယ်။ ရွာရဲ့ အစည်ကားဆုံးနေရာလို့တောင် ဆိုနိုင်ပါတယ်။
ပုံမှန် ဈေးရောင်းဈေးဝယ်တွေအပြင် ဖုန်းလိုင်းဆက်သွယ်ရေးမရှိတာကြောင့် တဖက်နိုင်ငံကရတဲ့ ဝိုင်ဖိုင် အင်တာနက်ကို လာသုံးကြတဲ့ လူငယ် လူကြီးတွေနဲ့ပါ စည်ကားနေတတ်ပါတယ်။
မတ်လ ၁၆ ရက် ညနေပိုင်းအချိန်မှာလည်း ပုံမှန်တိုင်းသွားလာနေတဲ့ အရပ်သားတွေရယ်၊ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တစ်ခုရယ်က အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။ အစားအသောက်လည်း ရောင်းတာမို့ ညနေစာ စားရင်း ခေတ္တနားခိုကြတာပါ။
ကျိုက်ဒုံဗျူဟာသိမ်းတိုက်ပွဲကြောင့် ဖြတ်သွားဖြတ်လာ အနည်းငယ်သာရှိပြီး သာမန်နေ့တွေထက်တော့ လူအနည်းငယ် ရှင်းနေပါတယ်။
လမ်းဆုံက ကွတ်တယိုဆိုင်ထဲမှာ စားပွဲဝိုင်းတစ်ဝိုင်းစာ လူအနည်းငယ်၊ မျက်နှာချင်းဆိုင် ဈေးဆိုင်မှာ ဈေးဝယ်နေသူအချို့ အနီးအနားနေထိုင်ကြတဲ့ ဒေသခံအနည်းငယ်လောက်ပဲ အနီးဝန်းကျင်မှာ ရှိနေခဲ့ပါတယ်။
မှောင်စပျိုးချိန်မှာပဲ
‘ရွှီး’ ‘ဝုန်း’ ဆို အလင်းရောင်ဖြာထွက် ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး အဲဒီလမ်းဆုံမှာ ဖုန်လုံးကြီးတွေ ချက်ခြင်းထသွားခဲ့ပါတယ်။
အဝါရောင် ဖုန်လုံးနဲ့အတူရောပါလာတဲ့ ယမ်းနံ့တွေကလည်း နေရာအနှံ့ဆီကို ချက်ခြင်းရောက်သွားခဲ့ပါတယ်။
မတ်လ ၁၆ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ အဇင်းရွာရဲ့ လူစည်ကားရာ လမ်းဆုံနေရာတစ်ခုကို လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။
မီးခိုးလုံးတွေကြားမှာပဲ အချင်းချင်း ထိခိုက်မှုရှိမရှိ မေးမြန်းသံတွေ၊ ဟိုဘက်ပဲ ဆက်ပြေးရမလို ဒီနေရာမှာပဲ ဆက်နေရမလိုဖြစ်နေတဲ့ လူတွေ၊ ခုနတိတ်ဆိတ်နေတဲ့ လူနေရပ်ကွက်ဟာ ချက်ခြင်းကို ဗြောင်းဆန်သွားခဲ့ပါတယ်။
မီးခိုးလုံးပြယ်စပြုချိန်မှာပဲ ‘ကယ်ပါ ယူပါ’ အော်နေတဲ့ အသံတစ်ခုက ဘုန်းကြီးကျောင်း မုခ်ဦးဘက်အခြမ်းက ထွက်လာတာမို့ အပြေးသွားကြည့်တဲ့အခါ ဗုံးဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းပြိုကျနေတဲ့ အဆောက်အဦအောက်မှာ လူလတ်ပိုင်းအမျိုးသားတစ်ဦး ခြေထောက်နှစ်ဖက် ပြတ်ထွက်ဒဏ်ရာတွေနဲ့ သွေးအလိမ်းလိမ်းဖြစ်နေတာကို မြင်ခဲ့ရပါတယ်။
သူ့ကို ကူညီကယ်ဆယ်ဖို့ လုပ်နေစဉ်မှာပဲ Y-12 လေယာဉ်က ညအမှောင်မှာ ‘တဝီဝီ’ အသံပြုပြီးရောက်ချလာပါတော့တယ်။
ဂျက်လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ရောက်လာပြီဆိုရင်ပဲ ဗုံးသီးတွေကို မိုးရွာသလို ဆက်တိုက် ကြဲချပါတော့တယ်။
တစ်ကြိမ်ချရင် ဗုံးသီး ၆ လုံး ချနေတဲ့ Y-12 ပေါ်က ကျလာတဲ့ ဗုံးသံတွေအောက်မှာ ပုန်းစရာနေရာ အနည်းငယ်လေးတောင်မရှိတဲ့ ကလေးငယ်တွေရဲ့ ငိုသံ၊ ‘ရွှီး ဝုန်း’ ‘ရွှီး ဝုန်း’ ဆိုတဲ့ ဗုံးသီးကျသံ ပေါက်ကွဲသံက လွဲရင် အဇင်းရွာဟာ တိတ်ဆိတ်သွားခဲ့ပါတယ်။
တစ်နာရီနီးပါးလောက် အားရအောင် ဗုံးကြဲအပြီးမှာတော့ Y-12 က လှည့်ပြန်သွားခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အဇင်းလမ်းဆုံမှာ ကုန်တင်ချလုပ်နေတဲ့ အရပ်သား ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ရပါတယ်။
ပထမဆုံး ဂျက်လေယာဉ်က ချတဲ့ ဗုံးသီးဟာ ဘုန်းကြီးကျောင်းမုခ်ဦး အနောက်ဖက်၊ နေအိမ်ခြံဝန်း နှစ်ခုအကြားကျပြီး ပေါက်ကွဲခဲ့တာပါ။ အဆိုးထဲက အကောင်းအနေနဲ့ အဲဒီခြံဝန်းရဲ့ အုတ်တံတိုင်းတစ်ခုသာ ရှိမနေရင် ပိုမိုဆိုးရွားတဲ့ ထိခိုက်မှုတွေဖြစ်သွားနိုင်ပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်ချိန် အဇင်းရွာဟာ ဘယ်လက်နက်ကိုင်မှ တပ်စွဲထားတာမရှိသလို တိုက်ခိုက်ခဲ့တဲ့နေရာဟာလည်း အရပ်သားအများစု ဝင်ထွက်သွားလာနေတဲ့ နေရာတစ်ခုသာဖြစ်ပါတယ်။
အထက်ပါ အဖြစ်အပျက်နှစ်ခုကို ကြည့်ရင် “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောစကားကို ၎င်းရဲ့ လက်ပါးစေတွေက အရပ်သားနေရာတွေပါမချန် အဆင်အခြင်မဲ့စွာ တိုက်ခိုက်မှုတွေနဲ့ သက်သေပြနေတာကို ကိုယ်တိုင်ကြုံခဲ့ရတာဖြစ်ပါတယ်။
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၁၂ ရက် က
လွန်ခဲ့သော ၁၂ ရက် က