bap-logo
Article

မြန်မာ ပြည်တွင်းစစ်က ဘင်္ဂလားဒေ့ရှ်အပေါ် မည်သို့ သက်ရောက်သနည်း

SIebs1yvZhiWyioZySCjD-image

လွန်ခဲ့သော ၁၀ လ က

မြန်မာစစ်အာဏာရှင်နှင့် ရခိုင်ပြည်နယ်မှ ပုန်ကန်သူ လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာပြီဖြစ်သည်။ လုံခြုံရေးနှင့် ဒုက္ခသည်များအရေး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သည် ပုန်ကန်သူအဖွဲ့များထံ မကြာမီ ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ရနိုင်သည်။

 

ရခိုင်ပြည်နယ်တွင် မြန်မာစစ်အာဏာရှင်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများမှာ ပြင်းထန်လာပြီဖြစ်သည်။ မှားယွင်းကျရောက်လာသော မော်တာကျည်များကြောင့် ယခုလတွင် ထိခိုက်သေဆုံးမှုများမှာ ဘင်္ဂလားဒေ့ရှ်ဘက်တွင်ပင် တွေ့ရှိခဲ့ရပြီး နယ်စပ်တွင် သေနတ်ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့သည်။ ပုန်ကန်သူတိုက်ခိုက်ရေးသမားများသည် မြန်မာနယ်စပ်ကို မကြာသေးမီက ထိန်းချုပ်နိုင်ခဲ့ပြီး ပြည်နယ်အတွင်း အခြားနေရာများမှလည်း အာဏာရှင်တပ်ဖွဲ့များကို မောင်းထုတ်ရန် ကြိုးပမ်းနေကြသည်။

 

၎င်းအချက်သည် ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ကာ ကျယ်ပြန့်သည့် ပြည်တွင်းစစ်အတွင်း ကျဆင်းစေခဲ့သော မြန်မာစစ်အုပ်ချုပ်ရေးအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။

 

ရက္ခိုင့်တပ်တော်သည် မြန်မာဗဟိုအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ကြိုးပမ်းနေသည့် ရခိုင်တိုင်းရင်းသားတို့၏ စစ်ဘက်ရေးရာအဖွဲ့ဖြစ်သည်။ နိုဝင်ဘာလ ၂၀၂၃ ခုနှစ်မှ စတင်ကာ စစ်တပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

 

၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော"ရှင်းလင်းရေး စစ်ဆင်ခြင်း" ကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသော မူဆလင်ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်အတွက် ဘင်္ဂလားဒေ့ရှ်သည် ခိုလှုံရာလည်း ဖြစ်သည်

 

ရခိုင်သို့ ပြန်လာရန် မဝံ့မရဲဖြစ်နေသည့် ရိုဟင်ဂျာဒုက္ခသည်များ

 

ဘင်္ဂလားဒေ့ရှ်သည် မူဆလင်အများစုနေထိုင်ရာ နိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာအများစု နေထိုင်ရာ မြန်မာနိုင်ငံနှင့် ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်) နယ်စပ်ချင်း ထိစပ်နေသည်။

 

မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသော အထူးသဖြင့် ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော"ရှင်းလင်းရေး စစ်ဆင်ခြင်း" ကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသော မူဆလင်ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်အတွက် ဘင်္ဂလားဒေ့ရှ်သည် ခိုလှုံရာလည်း ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းမြို့ ကော့ဘဇားမှ ရိုဟင်ဂျာဒုက္ခသည်များက DW နှင့် ပြောဆိုရာတွင် ၎င်းတို့၏ သံသယကို ထုတ်ဖော်ပြောဆိုခဲ့သည်။ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်လျှင်သော်မှ ၎င်းတို့ကို မြန်မာနိုင်ငံသို ပြန်လည်ခေါ်ယူပြီး နိုင်ငံသားဖြစ်ခွင့်ပေးရေး ပြောဆိုမှု မကြားသိရဟု ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရက ပုန်ကန်သူများနှင့် ဆက်သွယ်ပြောဆိုသင့်သလား။

 

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးကျွမ်းကျင်သူ M Sakhawat Hossain ကမူ ပို၍ အကောင်းမြင်မှု ရှိသည်။ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်မှ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေး သေချာစေရန် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတိပြုမှုကို အငြိမ်းစားဗိုလ်ချုပ်ကြီး ထောက်ပြသည်။

 

NUG သည် နိုင်ငံတကာမှ ထောက်ခံမှုများ ရရှိထားပြီး စစ်အာဏာရှင်ကျဆုံးလျှင် နေပြည်တော်တွင် အာဏာပြန်လည်ရယူရန် စီစဉ်ထားသည်။

 

စစ်အာဏာရှင်က ပုန်ကန်သူတွေကို ရှုံးနိမ့်ပြီး NUG က မြန်မာနိုင်ငံကို ထိန်းချုပ်တဲ့အခါ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)ဟာ ရခိုင်ပြည်နယ်ကို အုပ်ချုပ်လိမ့်မယ်။ NUG က ULA ကို ထောက်ခံတဲ့အတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းဟာ NUG နဲ့ ULA လက်အောက်မှာ နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း ပိုကောင်းလာလိမ့်မယ်။” ဟု Hossain က DW ကို ပြောသည်။

 

၎င်းက ဘင်္ဂလားဒေ့ရှ်သည် အနာဂတ်အတွက် ရခိုင်မှ အဓိက ဆုံးဖြတ်ချက်ချနိုင်သူများနှင့် အလွတ်သဘော ဆက်သွယ်ရေးတည်ဆောက်ရန် လိုအပ်သည်ဟု ယူဆသည်။

 

ဘင်္ဂလားဒေ့ရှ်ဟာ ကိုယ့်အကျိုးစီးပွားအတွက် AA ကို ထောက်ခံအားပေးဖို့ လိုတယ်ဆိုတာ ကျွန်တော် နှစ်ပေါင်း များစွာ ပြောခဲ့ပါတယ်။ ဒီလို ထောက်ခံအားပေးတာဟာ တခြားနိုင်ငံတွေမှာလည်း လုပ်ကြတဲ့အတိုင်း အလွတ်သဘောပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ ဘာတွေဖြစ်နေသလဲဆိုတာ ဘင်္ဂလားဒေ့ရှ်အတွက် အရေးမကြီးပေမယ့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတာတွေဟာ လုံခြုံရေးနဲ့ ဒုက္ခသည်အရေးအရ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။” ဟု ၎င်းက ပြောသည်။

 

AA က ရခိုင်မှာ နယ်မြေတွေ ရလာတာ၊ ထိန်းချုပ်လာနိုင်တာဟာ ရိုဟင်ဂျာတွေအတွက် အခြေအနေ ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် ပိုမိုခက်ခဲသွားစေတာလည်း ဖြစ်နိုင်ပါတယ်

 

 

ရိုဟင်ဂျာများကို ပြန်ပို့လျှင် မရည်ရွယ်သည့် ဆိုးကျိုးများ ရှိလာနိုင်သည်

 

တစ်ချိန်တည်းတွင်ပင် ဘင်္ဂလားဒေ့ရှ်သည် ပုန်ကန်သူများကို မည်သည့်နည်းဖြင့် ဆက်သွယ်ဆက်ဆံသည်ဖြစ်စေ သတိရှိရမည်ဟု ဝါရှင်တန်အခြေစိုက် Wilson တွေးခေါ်ပညာရှင်များစင်တာမှ တောင်အာရှ ညွှန်ကြားရေးမှူး Michael Kugelman က ပြောသည်။

 

နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရိုဟင်ဂျာအရေး ညှိနှိုင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ စစ်အာဏာရှင်နဲ့ အလုပ်ဖြစ်တဲ့ ဆက်ဆံရေး လိုအပ်တယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ပုန်ကန်သူတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းဖွင့်လှစ်လိုက်ပြီး စစ်အာဏာရှင်က သိသွားရင် ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် ဆိုးရွားတဲ့အကျိုးသက်ရောက်ှုတွေ ရလာနိုင်တယ်။" ဟု ၎င်းက DW ကို ပြောသည်။

 

စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် ပုန်ကန်သူများမှ လျင်မြန်စွာအောင်မြင်မှုရနေကြောင်း Kugelman က အသိအမှတ်ပြုသည်။ သို့သော် ၎င်းအခြေအနေက စစ်အာဏာရှင်ကို ပိုမိုရက်စက်ကြမ်းကြုပ်သည့် နည်းလမ်းများ သုံး၍ ဖြေရှင်းရန် တွန်းအားပေးနိုင်ပြီး ပဋိပက္ခ ပိုမိုပြင်းထန်လာကာ ဘင်္ဂလားဒေ့ရှ်သို့ ပျံ့နှံ့ထိခိုက်လာနိုင်သည်။

 

“AA က ရခိုင်မှာ နယ်မြေတွေ ရလာတာ၊ ထိန်းချုပ်လာနိုင်တာဟာ ရိုဟင်ဂျာတွေအတွက် အခြေအနေ ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် ပိုမိုခက်ခဲသွားစေတာလည်း ဖြစ်နိုင်ပါတယ်။” ဟု Kugelman က ပြောသည်။ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေး အစီအစဉ်တစုံတရာကို မူဆလင်အဖွဲ့များနှင့် ဗုဒ္ဓဘာသာုန်ကန်သူများ၏ ပူးပေါင်းမှုဟု စစ်အာဏာရှင်ဘက်မှ ယူဆပြီး "ရိုဟင်ဂျာအသိုင်းအဝိုင်းကို ခြိမ်းခြောက်မှု အသစ်များ ပြုလုပ်လာနိုင်သည်။” ဟု ၎င်းက DW ကို ပြောသည်။

 

ဒုက္ခသည်များ ထပ်မံ လက်မခံလိုတော့သည့် ဘင်္ဂလားဒေ့ရှ်

 

ယင်းအချိန်တွင် ရခိုင်ပြည်နယ် မောင်တောဒေသမှ ရိုဟင်ဂျာများသည် စစ်အာဏာရှင်နှင့် AA တို့၏ တိုက်ပွဲများကြား ပိတ်မိနေသည်ဟု Free Rohingya Coalition ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က DW ကို ပြောသည်။

 

စစ်မြေပြင်မှာ စစ်အာဏာရှင်ဟာ ရှုံးနေပြီး ရက္ခိုင့်တပ်တော်က ဒေသကို အပြည့်အဝ ထိန်းချုပ်ရေး ကြိုးပမ်းနေတဲ့အချိန်မှာ ရိုဟင်ဂျာတွေဟာ သူတို့ အသက်ရှင်ရေး ပြေးနေရတယ်။” ဟု ၎င်းက ပြောသည်။

 

ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရိုဟင်ဂျာ ခန့်မှန်းခြေ ၂၇၀၀၀၀ ဝန်းကျင် ကျန်နေသေးတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာတော့ စခန်းတွေမှာ ထိန်းသိမ်းထားတဲ့ ၁၃၀၀၀၀ အပါအဝင် ရိုဟင်ဂျာ ၆၀၀၀၀၀ ဝန်းကျင် ရှိပါတယ်။” ဟု ၎င်းက ပြောသည်။

 

၎င်းက မြန်မာနိုင်ငံမှ ရိုဟင်ဂျာများသည် ပြည်တွင်းစစ်မှ ထွက်ပြေးရန် ကြိုးပမ်းကြမည်ဟု ယူဆသော်လည်း ဘင်္ဂလားဒေ့ရှ်ကို ရှောင်ကြဉ်လိမ့်မည်ဟု ယူဆသည်။

 

ဒေသတွင်းက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ အလွန်သတိထားကြပါတယ်။ သူတို့ရဲ့ ရိုဟင်ဂျာအပေါင်းအဖော်တွေဟာ ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ နှစ်ပေါင်းများစွာ ပိတ်မိနေကြပြီး နေရပ်ပြန်ရေး အလားအလာကလည်း မသေချာပါဘူး။” ဟု ၎င်းက DW ကို ပြောသည်။

 

မောင်တောဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့သူတွေပဲ ဘင်္ဂလားဒေ့ရှ်မှာ ကုသမှုခံယူဖို့ ကြိုးစားကြပါတယ်။ ဒေသခံတွေက ခွဲစိတ်ဆရာဝန် ထွက်သွားပြီလို့ ပြောတယ်။” ဟု ၎င်းက ပြောသည်။

 

အဆက်မပြတ် ဒုက္ခသည်ဝင်ရောက်မှုလှိုင်းများအောက် ကျရောက်နေသည့် ဘင်္ဂလားဒေ့ရှ်သည် လတ်တလောတွင် မြန်မာနိုင်ငံမှ တစ်ဦးတစ်ယောက်ကိုမျှ လက်ခံလိုခြင်း မရှိပေ။

 

ဘင်္ဂလားဒေ့ရှ်ကို မြန်မာက ဝင်မလာနိုင်အောင် ကျွန်တော်တို့ရဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နဲ့ ကမ်းခြေစောင့်တပ်က နယ်စပ်မှာ ကင်းလှည့်တာ ပိုပြီး တင်းကျပ်ထားပါတယ်။” ဟု ကော့ဘဇား လက်ထောက်ကော်မရှင်နာ Muhammad Shaheen Imran က DW ကို ပြောသည်။

 

ကိုးကား - DW

 

ပုံစာ - အိမ်နီးချင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်နေသည့် ဘင်္ဂလားဒေ့ရှ်။ (Photo: Arafatul Islam/DW)

 

ဘင်္ဂလားဒေ့ရှ်
ရခိုင့်တပ်တော်
ရိုဟင်ဂျာ
ရခိုင်
မြန်မာ

Share With
bap-logo