Article
မြန်မာ့ဖရဲသီး သို့မဟုတ် အပြင်ပန်းက စစ်သား၊ အတွင်းဘက်က သူပုန်
လွန်ခဲ့သော တစ်နှစ် က
အသက်၂၄ နှစ်အရွယ်ရှိ မြန်မာရဲတပ်ဖွဲ့အရာရှိဟောင်း ရန်က ၎င်း၏အသက်အန္တရာယ်ကို ရင်း၍ မြန်မာ စစ်အာဏာရှင်တို့အတွက် တာဝန်ထမ်းဆောင်ဟန်ဆောင်ကာ လက်နက်ကိုင်ခုခံတော်လှန်ရေးအတွက် နှစ်နှစ်ခန့် သူလျှိုလုပ်ပေးနေခဲ့သည်ဟု ပြောသည်။
“မမျှတတဲ့ အမိန့်တွေကနေ ကိုယ်တိုင်လွတ်မြောက်စေခဲ့တယ်ဗျ။” ဟု ၎င်းက မြန်မာနယ်စပ်အနီးမှ မြို့တစ်မြို့တွင် Reuters ကို ပြောသည်။ ၎င်းသည် ဧပြီလတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး ၎င်းမြို့တွင် ခိုလှုံနေခြင်းဖြစ်သည်။ ရန်က အသက်အန္တရာယ်ရှိသည့်အတွက် ၎င်း၏ အမည်အပြည့်အစုံကို မဖော်ပြပါ။
ပြိုင်ဘက်မဟာမိတ်အဖွဲ့များနှင့် မကြုံစဖူးတိုက်ခိုက်နေရမှု၊ ထိုအချိန်တွင်ပင် တပ်တွင်း သဘောထားကွဲလွဲမှုနှင့် တပ်စွန့်ခွာမှုများကြောင့် အားနည်းလာမှုကြုံတွေ့နေရသည့် မြန်မာစစ်အာဏာရှင်တို့သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့၏အာဏာကို အဆိုးရွားဆုံး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။
စစ်အာဏာရှင်တို့က Reuters ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန်မှု မပြုခဲ့ပါ။ ၎င်းတို့၏ ထိန်းချုပ်မှု အချို့ လက်လွှတ်ခဲ့ရသည်ကိုမူ အသိအမှတ်ပြုထားသည်။
စစ်အာဏာရှင်တို့က တပ်တွင်းသူလျှိုများအပေါ် မှတ်ချက် မပေးသော်လည်း စစ်တပ်ထောက်ခံသော လူမှုမီဒီယာချန်နယ်များက တော်လှန်သူတို့အပေါ် စာနာသော စစ်သားများကို ဖော်ထုတ်မှုများ ပြုလုပ်နေသည်။
“လူထုက ကျွန်တော်တို့ကို တစ္ဆေသူရဲလို စတင် ဆက်ဆံလာ ကြတယ်ဗျ။” ဟု ရန်က ပြောသည်။ “သူတို့ ကျွန်တော်တို့ကို မုန်းသွားပြီ။”
ခုခံတော်လှန်ရေးအဖွဲ့များကို သတင်းပေးပို့နေသည့် လုံခြုံရေးအဖွဲ့ဝင် မည်မျှ ရှိသည်ကို သတ်မှတ်ဖော်ပြရန် ခက်ခဲကြောင်း အတိုက်အခံအဖွဲ့များက ပြောသည်။ အန္တရာယ်ရှိသည့်အတွက် ၎င်းတို့မှာ အရေအတွက်အားဖြင့် နည်းပါးသော်လည်း အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြသည်ဟုလည်း ပြောသည်။
၎င်းတို့သည် စစ်တပ်ထောက်ပံ့ရေး သယ်ယူပို့ဆောင်မှုများအပါအဝင် အချက်အလက်များ ပေးပို့ခြင်းဖြင့် အတိုက်အခံအဖွဲ့များအတွက် တိုက်ခိုက်ရေး စီမံနေရာချမှုကို ကူညီပေးကြသည်ဟု တပ်စွန့်ခွာလာသူများကို ကူညီထောက်ပံ့ပေးသည့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ ပြောခွင့်ရသူက Reuters ကို ပြောသည်။
“အသက်တွေ ကယ်နိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေ ကျွန်တော်တို့ ရခဲ့တယ်။” ဟု တိုက်ပွဲအစီအစဉ်များ သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများ သတင်းပေးခြင်းကို ရည်ညွှန်း၍ ပြောခွင့်ရသူက ပြောသည်။
‘ဖရဲသီး’
ရန်သည် ၎င်းအကို၏ လမ်းစဉ်သို့လိုက်ကာ ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းကြုပ်သည့် စစ်တပ်၏ ဖြိုခွင်းမှုများအတွင်း ဆန္ဒပြသူများကို မြင်သမျှ သိမ်းကြုံးဖမ်းဆီးသည်ကို မျက်မြင်တွေ့ရသောအခါ စိတ်ပျက်လာခဲ့သည်။
“လူထုက ကျွန်တော်တို့ကို တစ္ဆေသူရဲလို စတင် ဆက်ဆံလာကြတယ်ဗျ။” ဟု ရန်က ပြောသည်။ “သူတို့ ကျွန်တော်တို့ကို မုန်းသွားပြီ။”
သူ၏ အကိုက နိုင်ငံမှ ထွက်ပြေးခဲ့ပြီး “ဖရဲသီး” ဟု ခေါ်တွင်သည့် လုံခြုံရေးတပ်ဖွဲ့များအတွင်းမှ သတင်း ရင်းမြစ်များ စုဆောင်းရယူနေသည့် အတိုက်အခံအဖွဲ့များနှင့် ရန်ကို ချိတ်ဆက်ပေးခဲ့သည်။ အပြင်ပန်းတွင် အစိမ်းရောင်ရှိ၍ စစ်တပ်ကို သစ္စာခံထားသယောင် မြင်ရပြီး အတွင်းဘက်တွင် ဖယ်ရှားခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အရောင်ဖြစ်သော အနီရောင်ရှိသူတို့ကို ဖရဲသီးဟု အမည်ပေးထားခြင်းဖြစ်သည်။
ရန်သည် ရဲစခန်းမှ တိတ်တဆိတ်ထွက်ခွာ၍ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ မမြင်စေရန် ဖုန်းဖြင့် စစ်အာဏာရှင် ထိပ်တန်းခေါင်းဆောင်များ၏ လမ်းကြောင်းများ၊ ရဲတပ်ဖွဲ့ဝင်အင်အား၊ နေရာစုံရှိ လောင်စာဆီနှင့် လက်နက်များ အပါအဝင် သတင်းများ ပေးပို့ခဲ့သည်ဟု ပြောသည်။ ၎င်းပေးပို့သော သတင်းအချက်အလက်များကို တော်လှန်ရေး အဖွဲ့များ မည်သို့ အသုံးပြုသည်ကို မသိရှိကြောင်း ၎င်းက ပြောသည်။
Reuters က ၎င်း၏ ဖော်ပြချက်ကို သီးခြားအတည်မပြုနိုင်ပါ။
တော်လှန်ရေးအဖွဲ့များအတွက် သူလျှိုလုပ်ပေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ နည်းပါးသော်လည်း တော်လှန်ရေးလှုပ်ရှားမှုများကို “မျက်စိမှတ်ထားသူ” အများအပြား ရှိသည်ဟု တပ်စွန့်ခွာလာသူတစ်ဦးက Reuters ကို ပြောသည်။
အစုအပြုံလိုက် တပ်စွန့်ခွာမှုများ
စစ်အာဏာရှင်တို့အတွက် တပ်တွင်း သဘောထားကွဲလွဲမှုသည် ပြင်းထန်သည့် ပြဿနာဖြစ်သည်ဟု လေ့လာသူ အချို့က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့များမှ စွန့်ခွာပြေးသူ ၈,၀၀၀ ခန့်ရှိနိုင်သည်ဟု ဝါရှင်တန် ဒီစီ အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုက ခန့်မှန်းထားသည်။
ယခင်က စစ်တပ် တပ်ရင်းတစ်ခုလျှင် တပ်ဖွဲ့ဝင် ရာဂဏန်းများစွာ ရှိသော်လည်း ယခုအခါ အများစုမှာ ၁၃၀ ဦးထက် အနည်းငယ်သာ ပိုနိုင်သည်ဟု စစ်တပ်မှ ဗိုလ်ကြီးဟောင်း ထက်မြက်၏ Reuters သို့ ဖုန်းဖြင့် ပြောကြားချက်ကို လေ့လာသူများကလည်း သဘောတူကြသည်။
တပ်စွန့်ခွာသူများကို ကူညီပေးနေသည့် ယခုအခါ ထင်ရှားသော အတိုက်အခံတစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း ထက်မြက်သည် လတ်တလော ထိုးစစ်များက တပ်စွန့်ခွာမှု ပိုမိုမြင့်တက်လာစေသည်ဟု ပြောသည်။
လူလွတ်ဖြစ်သည့် ရန်နှင့် ၎င်း၏အကို၊ ခယ်မတို့သည် မိခင်နိုင်ငံမှ သစ်ရွက်များဖြင့် ပုံနှိပ်ထားသော အဝတ် အထည်များ ပြုလုပ်ရောင်းချသည့် စီးပွားရေးတစ်ခု စတင်ခဲ့ ကြသည်။
သို့သော် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် သောင်တင်နေသည့်အတွက် ဘဝကို ခက်ခဲစွာ ရုန်းကန်ရနိုင်သည်။ လူလွတ်ဖြစ်သည့် ရန်နှင့် ၎င်း၏အကို၊ ခယ်မတို့သည် မိခင်နိုင်ငံမှ သစ်ရွက်များဖြင့် ပုံနှိပ်ထားသော အဝတ် အထည်များ ပြုလုပ်ရောင်းချသည့် စီးပွားရေးတစ်ခု စတင်ခဲ့ကြသည်။
ရန်က ၎င်းတို့၏ ပေးဆပ်အနစ်နာခံမှုသည် အခြားသူတို့နှင့်စာလျှင် အနည်းငယ်မျှသာ ဖြစ်သည် ဆိုသည်။
“ကျွန်တော်လုပ်စရာရှိတာတော့ လုပ်ခဲ့ပါတယ်။” ဟု ၎င်းက ပြောသည်။
ကိုးကား - Reuters
ပုံစာ - နိုဝင်ဘာလ ၂၂ ရက် ၂၀၂၃ ခုနှစ် Reuters နှင့် တွေ့ဆုံမေးမြန်းစဉ်အတွင်း ဓာတ်ပုံရိုက်ကူးရန် ကိုယ်ဟန်ပြပေးခဲ့သည့် မြန်မာရဲအရာရှိဟောင်း ရန်။ (Photo: REUTERS/Staff)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၁၂ ရက် က
လွန်ခဲ့သော ၁၂ ရက် က