bap-logo
Article

‘ဒရုန်းတွေက ကျွန်တော်တို့ရဲ့ လေတပ်ပဲ’

UvWhTH7BLZUsx2aDWw2I_-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာနိုင်ငံ ချင်းတောင်တန်းများပေါ်တွင် ဒရုန်းများ အသံတိတ်ပျံသန်းသွားနေစဉ် အာဏာရှင်စစ်တပ်အနေဖြင့် ၎င်းတို့ကို မည်သည့်အရာက တိုက်ခိုက်တော့မည်ဆိုသည်ကို မသိခဲ့ပေ။ ထူထပ်သော တောအတွင်း ပုန်းအောင်း နေသည့် ဒရုန်းထိန်းချုပ်သူများက ၎င်းတို့၏ ပစ်မှတ်ဖြစ်သော လိုင်လင်းပီမြို့ရှိ အဓိက စစ်တပ်စခန်းတစ်ခု ပေါ်သို့ ဒရုန်းအစု အတိအကျရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ ဖန်သားမျက်နှာပြင်တွင် တွေ့မြင်နေရသည်။ ထိန်းချုပ်ကိရိယာများမှ ခလုပ်နှိပ်လိုက်သည်နှင့် ဗုံးများ စတင်ကျလာတော့သည်။

 

“အတိအကျ ထိအောင် ပစ်နိုင်ခဲ့တယ်။” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ၏ အထူး ဒရုန်းတိုက်ခိုက်ရေး သမားများအနက် တစ်ဦးဖြစ်သူ အသက် ၂၀ အရွယ်ရှိ Noah က ပြောသည်။ “ရုတ်တရက် အငိုက် တိုက်နိုင်ခဲ့တယ်။ ဒုတပ်ရင်းမှူးအပါအဝင် အများကြီး သေတယ်။”

 

သုံးရက်ကြာတိုက်ခိုက်ပြီးနောက် တော်လှန်ပုန်ကန်သူများက ၎င်းတို့၏ သုံးရောင်ခြယ်အလံကို တပ်စခန်း ပေါ်တွင် လွှင့်ထူခဲ့ပြီး အောင်မြင်မှု ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။

ဒရုန်းဌာနမှာ လူငယ်တိုက်ခိုက်ရေးသမားတွေ ပါဝင်ပါတယ်။ တချို့က အင်ဂျင်နီယာကျောင်းသားတွေ၊ တချို့က ဒရုန်းဝါသနာ ပါတဲ့ ဗဟုသုတ ရှိသူတွေပါ

 

ဒီမိုကရေစီနည်းလမ်းကျ အစိုးရကို ဖြုတ်ချခဲ့သည့် စစ်အာဏာရှင်တို့နှင့် ကြမ်းတမ်းရက်စက်စွာ ဖြစ်ပွားနေသည့် စစ်အတွင်း တော်လှန်ပုန်ကန်သူအစုအဖွဲ့များက ဒီမိုကရေစီ ပြန်လည် ရရှိရေး သိသာထင်ရှားသည့် အပြောင်း အလဲ ရရှိနေပြီဖြစ်သည်။

 

စစ်အာဏာရှင်တို့သည် တိုင်းပြည်၏ ၅၀% ကျော်ကို မထိန်းချုပ်နိုင်တော့ဘဲ ချင်းပြည်နယ်တွင် စစ်စခန်းများ အပါအဝင် ပြည်နယ်၏ ၇၀% ကို ပြန်လည် သိမ်းပိုက်ထားနိုင်သည်ဟု CNA က ပြောသည်။

 

၎င်းတို့၏ လက်တလော အောင်မြင်မှုများ၏ လျှို့ဝှက်ချက်မှာ ဒရုန်းတပ်ဖွဲ့များနှင့် ယခင်က သာမန် အရပ် သားများ ဖြစ်သော်လည်း တစ်နှစ်ကြာ လေ့ကျင့်သင်ကြားခဲ့ကြသည့် တော်လှန်ပုန်ကန်သူ စစ်သားများ ဖြစ်ကြသည်ဟု ၎င်းတို့က ပြောသည်။ “ဒရုန်းတွေက အောင်မြင်မှုရဲ့ သော့ချက်ပဲ။ လိုင်လင်းပီလို တိုက်ပွဲတွေမှာ တိုက်ခိုက်ဖို့ လပေါင်းများစွာ စီမံ၊ လေ့ကျင့်ခဲ့ရတယ်။” ဟု CNA ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး Ram Kulh Cung က ပြောသည်။

 

မကြာသေးခင်အချိန်ကမူ စစ်တပ်သည် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှု ရာချီ ပြုလုပ်နိုင်သည့် နည်းပညာမြင့် လေတပ် အားသာချက် ရှိခဲ့သည်။ တိုက်လေယာဉ်များသည် စစ်အာဏာရှင်တို့အတွက် ထိန်းသိမ်း ရန်၊ စစ်ဆင်ရေးလုပ်ဆောင်ရန် ကုန်ကျစားရိတ်များပြားပြီး တော်လှန်ပုန်ကန်သူများ၏ ကျွမ်းကျင်စွာ အသုံးချ နေသည့် ဒရုန်းများနှင့် မယှဉ်နိုင်ကြောင်း ပိုမိုသက်သေပြနိုင်လာသည်။

 

အာဏာရှင်စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ပြင်းထန်သည့် တိုက်ခိုက်မှုများ ရင်ဆိုင် နေရကြောင်း၊ တော်လှန်ရေးအဖွဲ့များက ဒရုန်းများအသုံးပြု၍ စစ်စခန်းများကို ဗုံးများ ရာချီကြဲချနေကြောင်း ဝန်ခံခဲ့သည်။

 

မြန်မာဘက်ရှိ နယ်စပ်စခန်း အများစုမှာ တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားခြင်း သို့မဟုတ် ခြိမ်းခြောက်မှု ခံနေရခြင်းဖြစ်သည်ဟု အိန္ဒိယစစ်တပ်အရာရှိများက ပြောသည်။ ပြီးခဲ့သည့် နှစ်လအတွင်း တော်လှန် တိုက်ခိုက်မှုများကြောင့် မြန်မာစစ်သား ၄၀၀ ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

 

တော်လှန်ပုန်ကန်မှု စစ်ရေးတွင် ဒရုန်းနည်းပညာ အောင်မြင်သည့်အတွက် စစ်အာဏာရှင်တို့ကလည်း စီးပွားရေး လုပ်ငန်းသုံး ဒရုန်းများကို တိုက်ခိုက်ရေးတွင် စတင်အသုံးပြုလာသည်။ သို့သော် တော်လှန်ပုန်ကန်သူ တိုက်ခိုက် ရေးသမားများကဲ့သို့ ထိရောက်စွာ အသုံးပြုရန် လိုအပ်သော လေ့ကျင့်သင်ကြားမှု အားနည်းသည်။

 

“ဒရုန်းအသုံးပြုမှုဟာ မြန်မာစစ်မြေပြင်မှာ ထင်ရှားတဲ့ အပြောင်းအလဲ တစ်ခု ဖန်တီးပေးခဲ့ပါတယ်။” ဟု ဒေလီ အခြေစိုက် နိုင်ငံရေးသုတေသန ပညာရှင်အဖွဲ့မှ Angshuman Choudhury က ပြောသည်။ “ဒါက စစ်တပ်နဲ့ ခုခံတော်လှန်ရေးအဖွဲ့တွေအကြားက နည်းဗျူဟာ အချိုးမညီမှုကို အပြည့်အဝ ညီမျှစေမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် သိသိသာသာတော့ (အချိုးမညီမှုကို) လျော့ကျသွားစေတယ်။” ဟု ၎င်းက ပြောသည်။

 

ဒရုန်းများက “သူတို့ကို လျှို့ဝှက်စောင့်ကြည့်နိုင်တယ်။ အချိန်မရွေး၊ နေရာမရွေး တိုက်ခိုက်နိုင်တယ်။ အာဏာ မသိမ်းခင်ကဆိုရင် လုံးဝမတွေးဖူးတဲ့ အရာပေါ့။ ဒါတွေက စစ်အာဏာရှင်ရဲ့ အခြားအဆင့်တပ်သားတွေကို ကြောက်စိတ် ဖန်တီးပေးနိုင်ပါတယ်။” ဟု ၎င်းက ပြောသည်။

 

“ဒရုန်းဌာနမှာ လူငယ်တိုက်ခိုက်ရေးသမားတွေ ပါဝင်ပါတယ်။ တချို့က အင်ဂျင်နီယာကျောင်းသားတွေ၊ တချို့က ဒရုန်းဝါသနာပါတဲ့ ဗဟုသုတရှိသူတွေပါ။” ဟု Cung က ပြောသည်။ “ဌာနက အင်တာနက်ကို အများကြီး မှီခိုအားထားပြီးတော့ ကျွမ်းကျင်မှု မြှင့်တင်ကြပါတယ်။ လူတွေကို ပိုပြီး လေ့ကျင့်ပေးပါတယ်။”

ကျွန်တော်တို့အတွက် လက်နက်နဲ့ ဒရုန်းတွေ ဝယ်ရတာ မလွယ်ပါဘူး။ စစ်မှာတော့ လွယ်တာ ဘာမှ မရှိဘူး

 

နည်းပညာသည် “အလှည့်အပြောင်းဖြစ်စေသည်” ဟုလည်း Cung က ပြောသည်။ “ကျွန်တော်တို့အတွက် လက်နက်နဲ့ ဒရုန်းတွေ ဝယ်ရတာ မလွယ်ပါဘူး။ စစ်မှာတော့ လွယ်တာ ဘာမှ မရှိဘူး။”

 

အိန္ဒိယနယ်စပ်တွင် လက်နက်စီးဆင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်ခံထားရသည်ဟုလည်း တပ်မှူးများက ပြောသည်။

 

ခုခံတော်လှန်ရေးအဖွဲ့များ၏ လတ်တလော အောင်မြင်မှုများသည် ပိုမိုကြီးမားသည့် မဟာမိတ်ဖွဲ့မှုများ၊ မြန်မာနိုင်ငံ တစ်ဝှမ်း စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် မတူညီသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း CNA ခေါင်းဆောင်များက ထည့်သွင်းပြောသည်။

 

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့အကြား အပစ်ရပ်ရေး သဘောတူခြင်းကို အများစုက အာဏာရှင်စစ်တပ်၏ အားနည်းမှု တိုးပွားလာခြင်း လက္ခဏာအဖြစ် ရှုမြင်ကြသည်။ CNA မှာ ၎င်းအပစ်ရပ်မှုတွင် မပါဝင်ဘဲ ချင်းပြည်နယ်တွင် လိုက်နာရန် မလိုဟု တပ်မှူးများက Observer ကို ပြောသည်။

 

ဗစ်တိုးရီးယား ဌာနချုပ်စခန်းတွင် မနက်တိုင်း လူသစ် ရာပေါင်းများစွာသည် ရှေ့တန်းသို့ မသွားရောက်မီ လအတန်ကြာ လေ့ကျင့်မှု ပြုလုပ်ကြသည်။ လတ်တလော အောင်မြင်မှုများကြောင့် စိတ်ဓာတ်ရေးရာအရ မြင့်တက်နေကြသော်လည်း တိုက်ပွဲသည် မလွယ်ကူကြောင်း အနီးနားရှိ သုသာန်တစ်ခုက ဖော်ပြနေသည်။ မကြာသေးမီအတွင်း ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများကြောင့် လူငယ် တိုက်ခိုက်ရေးသမား နှစ်ဒါဇင်အထက် ကျဆုံးခဲ့ပြီး ၎င်းတို့၏ သတ္တိပြောင်မြောက်မှုများအတွက် စာတမ်းရေးထိုးထားသည်။

 

သို့သော် ဒရုန်းများက မြန်မာတော်လှန်ပုန်ကန်သူတပ်ဖွဲ့များအတွက် ရှေ့တန်းမျက်နှာစာ အသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းကြောင့် CNA ၏ ဒရုန်းဌာနတပ်မှူးဖြစ်သော အသက် ၄၉ နှစ်အရွယ်ရှိ Sabu သည် အခြားသူများကဲ့သို့ပင် စစ်အာဏာရှင်ချေမှုန်းရေးအတွက် ၎င်းတို့၏ အခွင့်အလမ်းများအပေါ် ယုံကြည်မှုအသစ် ခံစားဖြစ်ထွန်းစေခဲ့သည်။

 

“ပထမတော့ ကျွန်တော်တို့ ကောင်းကောင်း မသုံးတတ်ဘူးဗျ။ ပထမနှစ်အတွင်းမှာ ပစ်မှတ်အများစုကို လွဲတာပဲ။” ဟု ၎င်းက ပြောသည်။

 

 သို့ရာတွင် စူးစိုက်နစ်မြှုပ် လေ့ကျင့်ခဲ့ခြင်းက ယခုအခါ အကျိုးခံစားရပြီဟု ၎င်းက ပြောသည်။ “ဒရုန်းတွေက ကျွန်တော်တို့ရဲ့ လေတပ်ပဲ။” ဟု Sabu က ပြောသည်။

 

ဒီစစ်ပွဲကို ဒရုန်းတွေနဲ့ ကျွန်တော်တို့ နိုင်မှာပါ။”

 

ကိုးကား - The Guardian(The Observer)

 

 ပုံစာ - ချင်းအမျိုးသားတပ်မတော် ဌာနချုပ်၊ ဗစ်တိုးရီးယားစခန်းမှ တော်လှန်ပုန်ကန်သူ စစ်သားများ (Photo:Aakash Hassan/The Observer)

 

 Burma Associated Press

ချင်း
ချင်းအမျိုးသားတပ်မတော်
မြန်မာ့နွေဦးတော်လှန်ရေး
ဒရုန်း

Share With
bap-logo