bap-logo
Article

မြန်မာနိုင်ငံ နောက်ထပ် မြောက်ကိုးရီးယား ဖြစ်လာမလား

REQx3Uw13DLqoDrRYnWOp-image

လွန်ခဲ့သော ၁၀ လ က

မကြာသေးမီက စွဲချက်တင်မှုတစ်ခုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ရှုပ်ထွေးသော အကြောင်းရင်းနှင့်အတူ မြန်မာနိုင်ငံတွင် နျူကလီးယား ပြန့်ပွားမှုနှင့် ပတ်သက်၍ ကာလရှည်ကြာ စိုးရိမ်ပူပန်မှုများကို ပြန်လည်ဖြစ်ပေါ်စေသည်။

 

မြန်မာနိုင်ငံတွင် နျူကလီးယားကုန်ကြမ်း အကြမ်းဖျဉ်း ငါးတန်ခန့် ထုတ်လုပ်နိုင်ကြောင်း အသွင်ယူ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီ (DEA) အေးဂျင့်များကို ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်တွင် အတိအလင်း ပြောဆိုခဲ့သည်

 

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမေရိကန်တရားရေးဌာနက ဂျပန် ယာကူဇာခေါင်းဆောင် Takeshi Ebisawa ကို မြန်မာနိုင်ငံမှ နျူကလီးယားကုန်ကြမ်းများ ၂၀၂၀ ခုနှစ်အစောပိုင်းတွင် နိုင်ငံတကာသို့ မှောင်ခိုကုန်ကူးမှုဖြင့် စွဲချက်တင်လိုက်သည်။ Ebisawa သည် ၂၀၂၂ ခုနှစ် ဧပြီလကတည်းက တရားမဝင် လက်နက်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုတို့ဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

 

လတ်တလော စွဲချက်မှာ ၎င်းသည် လက်နက်အဆင့် ပလူတိုနီယံနှင့် "Yellowcake" ဟု ခေါ်သည့် သန့်စင်ပြုပြင်ထားသည့် ယူရေနီယံမှုန့်များကို မြန်မာနိုင်ငံမှ အမည်မသိရသည့် လက်နက်ကိုင်အဖွဲ့ကိုယ်စား ကုန်သွယ်ရန် ကြိုးပမ်းမှုဖြင့် စွပ်စွဲခံထားရသည်။ အလဲအလှယ်အားဖြင့် ၎င်းက မြေပြင်မှ ဝေဟင်ပစ် ဒုံးများ surface-to-air missiles (SAMs) များနှင့် အခြား စစ်သုံးအဆင့် လက်နက်များ ရယူလိုခြင်းဖြစ်သည်။

 

Ebisawa နှင့် ၎င်းနှင့်အတူ ပူးပေါင်းကြံစည်သူများသည် မြန်မာနိုင်ငံတွင် နျူကလီးယားကုန်ကြမ်း အကြမ်းဖျဉ်း ငါးတန်ခန့် ထုတ်လုပ်နိုင်ကြောင်း အသွင်ယူ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီ (DEA) အေးဂျင့်များကို ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်တွင် အတိအလင်း ပြောဆိုခဲ့သည်။ Thorium-232 ၂၀၀၀ ကီလိုဂရမ်နှင့် yellowcake ၁၀၀ ကီလိုဂရမ် ရယူနိုင်ကြောင်းလည်း ၎င်းက အခိုင်အမာပြောဆိုခဲ့ပြီး သက်သေအနေဖြင့် ဓာတ်ပုံများ ပေးပို့ခဲ့သည်။

 

စွဲဆိုချက်တွင် "အမေရိကန် နျူကလီးယား စစ်ဆေးစမ်းသပ်မှု ဓာတ်ခွဲခန်းက နမူနာများကို နောက်ပိုင်းတွင် ခွဲခြမ်းလေ့လာချက်အရ နမူနာများတွင် ယူရေနီယံနှင့် လက်နက်အဆင့် ပလူတိုနီယံများ ပါဝင်ကြောင်း အတည်ပြုခဲ့သည်။” ဟု ဖော်ပြထားသည်။

 

Ebisawa က ၎င်းသည် အီရန်မှ ဗိုလ်ချုပ်တစ်ဦးနှင့် နျူကလီးယားကုန်ကြမ်းများ ရောင်းဝယ်ရန် ဆွေးနွေးနေသည်ဟု ယုံကြည်နေခဲ့ခြင်းဖြစ်သော်လည်း တကယ်တမ်းမှာ အသွင်ယူ DEA အေးဂျင့်နှင့် ပြောဆိုနေခဲ့ခြင်းဖြစ်သည်။ လွှဲပြောင်းရန် ကြိုးပမ်းမှုကို DEA ထောင်ချောက်ဆင် စစ်ဆင်ရေးဖြင့် ထိန်းချုပ်နိုင်ခဲ့သော်လည်း အစိုးရမဟုတ်သူတို့၏ သမားရိုးကျမဟုတ်သော နျူကလီးယား ခြိမ်းခြောက်မှုများမှာ ရှင်းလင်းစွာ တည်ရှိနေသည့် အန္တရာယ်များဖြစ်နေသေးကြောင်း မီးမောင်းထိုး ဖော်ပြခဲ့သည်။

 

အထူးသဖြင့် ၎င်းအဖြစ်အပျက်မှာ မြန်မာနိုင်ငံတွင် နျူကလီးယား ထုတ်လုပ်မှုနှင့် အရှိန်မြင့်တက်လာမှုအန္တရာယ်ကို ထင်ရှားစေခဲ့ပြီး အပျက်အစီးများပြားနေသည့် ပြည်တွင်းစစ်အကြား ကြီးကြပ်ကွပ်ကဲမှုမှာ မရှိသလောက်ပင် ဖြစ်သည်။

 

မြန်မာ နျူကလီးယားအစီအစဉ် အကျဉ်းချုပ်

 

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးချရန် ပထမဦးဆုံး ကြိုးပမ်းမှုမှာ ၁၉၅၅ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဗဟိုဌာနတည်ထောင်ခြင်း ဖြစ်ကာ ၁၉၉၇ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက် အဏုမြူစွမ်းအင်ဌာန Department of Atomic Energy (DAE) အဖြစ် ပြန်လည် ထည့်သွင်းတည်ထောင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင်ပင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးအတွက် အဏုမြူ အစည်းအဝေးတွင် ပါဝင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံများမှ တစ်နိုင်ငံဖြစ်လာခဲ့သည်။

 

စစ်အေးကာလအလွန် နျူကလီးယားဖျက်သိမ်းရေး ရေပန်းစားလာပြီး ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေး (NPT) သဘောတူညီမှုတွင် ပါဝင်သော နျူကလီးယားလက်နက် မပိုင်ဆိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုမပြုလုပ်ရေး အားထုတ်မှုကို ပြသသည့်အနေဖြင့် ဘန်ကောက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

နိုင်ငံရာဇဝင်တွင် သက်ဆိုင်ရာ နိုင်ငံတကာသဘောတူညီမှုများအတွက် အားထုတ်မှုများအရ မြန်မာနိုင်ငံသည် နိုင်ငံတကာ လက်နက်မပျံ့ပွားရေးအားထုတ်မှုများကို လိုက်နာသည်ဟု ထင်မြင်ရသည်။ သို့ရာတွင် မြန်မာစစ်တပ်၏ ၎င်းအခြေခံမူဝါဒများကို အားထုတ်လိုက်နာမှုမှာ အကြိမ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရသည်။

 

၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီဟု ခေါ်သည့် စစ်အာဏာရှင်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုတစ်ခုအတွက် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ၎င်းဆွေးနွေးညှိနှိုင်းမှုမှာ မြန်မာနိုင်ငံက ၂၀၀၀ ခုနှစ်တွင် IAEA ထံသို့ သုတေသန နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု ကနဦး တောင်းဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

အေဂျင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ပုံမှန် စစ်ဆေးခြင်းများ အပါအဝင် နျူကလီးယားဓာတ်ပေါင်းဖို ဘေးကင်းလုံခြုံမှုဆိုင်ရာ အနိမ့်ဆုံး စံနှုန်းများ၊ စည်းများနှင့် ကိုက်ညီစေရန် လိုအပ်သည်။ နည်းပညာကို လက်နက်ထုတ်လုပ်ခြင်းအတွက် အသုံးမပြုရန် ထိရောက်သော ကန့်သတ်မှုများ ပြုလုပ်ရန် လိုက်နာစေခြင်းဖြစ်သည်။

 

မြန်မာစစ်တပ်သည် ခုခံမှု အနည်းဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး နျူကလီးယားစွမ်းဆောင်ရည် ထုတ်လုပ်ရန် ရုရှား၏ အထောက်အကူပြုမှုကို ရယူရန် ကြိုးပမ်းခဲ့သည်။ ၎င်းအားထုတ်မှုကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးသောင်းနှင့် အမေရိကန်တွင် လေ့ကျင့်သင်ကြားထားသည့် နျူကလီးယား သိပ္ပံပညာရှင် သိန်းပိုစော တို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

 

၎င်းပူးပေါင်းမိတ်ဖက်မှုကို စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် "မြန်မာအာဏာပိုင်များ အလိုရှိသည့် ရုရှားလုပ် နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုသည် နောက်ပိုင်းတွင် နျူကလီးယားကိရိယာအတွက် ပတူတိုနီယံထုတ်ယူခဲ့သည့် မြောက်ကိုရီးယား Yongbyon တွင် ယခင်ဆိုဗီယက်က ၁၉၆၅ ခုနှစ်တွင် ထည့်သွင်းတပ်ဆင်ပေးခဲ့သော ၅ မီဂါဝပ် သုတေသန နျူကလီးယား ဓာတ်ပေါင်းဖိုနှင့် ဆင်တူနေသည်"ကို သတိပြုမိသော လေ့လာသူများက စိုးရိမ်ခဲ့ကြသည်။

 

ရုရှားနျူကလီးယားဓာတ်ပေါင်းဖို သဘောတူညီမှုသည် မကြာမီ ပျက်ပြယ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ်တွင် မြောက်ကိုးရီးယားနှင့် ပူးပေါင်းမှုများ တရားဝင် ပြန်လည်ထူထောင်လိုက်သောအခါတွင် မြန်မာ့ နျူကလီးယား ရည်မှန်းချက်ကို စိုးရိမ်မှုများမှာ ဆက်လက်တိုးမြင့်လာခဲ့သည်။ ထိုအချိန်မှစ၍ ရုရှားသို့ နျူကလီးယားဆိုင်ရာ တောင်းဆိုကမ်းလှမ်းမှုများနှင့်အတူ မြန်မာနိုင်ငံတွင် မြောက်ကိုးရီးယားနှင့် နျူကလီးယားပူးပေါင်းဆောင်ရွက်မှုများအကြောင်း ထင်မြင်ယူဆချက်များနှင့် ကောလဟာလများ များပြားလာခဲ့သည်။

 

ထည့်သွင်းစဉ်းစားရမည့် မြောက်ကိုးရီးယား

 

၁၉၈၃ ခုနှစ် ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုးရီးယားအစိုးရအဖွဲ့ဝင် ၁၆ ဦး သေဆုံးပြီးနောက် မြောက်ကိုးရီးယားနှင့် ဆက်ဆံပူးပေါင်းမှု ပျက်ပြားခဲ့သည်။ သို့သော် ကာလရှည်ကြာစွာ စစ်တပ်အုပ်ချုပ်မှု၊ ၈၈ အရေးတော်ပုံတွင် အကြမ်းဖက်နှိမ်နင်းမှုများကြောင့် မြန်မာနိုင်ငံသည် အပယ်ခံနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ အကျိုးဆက်အားဖြင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၏ အကြံပေးမှုဖြင့် သန်းရွှေ၏ စစ်အာဏာရှင်အုပ်ချုပ်ရေးသည် မြောက်ကိုးရီးယားသို့ ၂၀၀၀ ခုနှစ်များတွင် လက်ကမ်းဆက်သွယ်ခဲ့သည်။

 

၂၀၀၃ ခုနှစ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုနည်းပညာ လေ့လာရန် မြန်မာပညာရှင် ၃၀ ဦးကို မြောက်ကိုးရီးယားသို့ စေလွှတ်ခဲ့သည်

 

၂၀၀၃ ခုနှစ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုနည်းပညာ လေ့လာရန် မြန်မာပညာရှင် ၃၀ ဦးကို မြောက်ကိုးရီးယားသို့ စေလွှတ်ခဲ့သည်ဟု ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့မှ အရာရှိဟောင်း Bruce Bechtol က ပြောသည်။ ၂၀၀၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အတွင်း နေပြည်တော်တွင် မြေအောက်လှိုဏ်ခေါင်းများဆောက်လုပ်ရေးအတွက် မြောက်ကိုးရီးယားပညာရှင်များ မြန်မာနိုင်ငံတွင် ရှိနေခဲ့သည်ဟု စွပ်စွဲမှုများ ရှိသည်။ ၂၀၀၇ ခုနှစ်တွင် မြောက်ကိုးရီးယားက မြန်မာနိုင်ငံတွင် သံရုံး‌ပြန်လည် ဖွင့်လှစ်ခြင်းဖြင့် တရားဝင်ဆက်ဆံရေး ဖြစ်လာခဲ့သည်။

 

အမှောင်ချထားသည့် ဆက်ဆံရေးကို အလင်းပြခဲ့သည်မှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် မြောက်ကိုးရီးယားသို့ သွားရောက်သည့် နအဖ ကိုယ်စားလှယ်များ၏ စာရွက်စာတမ်းတစ်ခု ပေါက်ကြားလာသောအခါတွင် ဖြစ်သည်။ ၎င်း သွားရောက်မှုတွင် မြန်မာဗိုလ်ချုပ်ကြီးများသည် စစ်စခန်းအများအပြားသို့ သွားရောက်ခဲ့ပြီး စစ်ရေးပူးပေါင်းမှု ခိုင်မာစေရေး မြောက်ကိုးရီးယား တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး Kim Kyok Sik နှင့်လည်း တွေ့ဆုံခဲ့သည်။

 

စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်စေရေးနှင့် လှိုဏ်ခေါင်းနည်းပညာ လွှဲပြောင်းပေးရေး အလေးပေးသည့် သဘောတူညီမှုတစ်ခုကို နှစ်ဘက် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းပေါက်ကြားမှုကြောင့် မြောက်ကိုးရီးယားက နောက်ပိုင်း လာရောက်လည်ပတ်မှုများကို လုံခြုံရေးတင်းကြပ်ခဲ့ကာ မြန်မာအရာရှိ နှစ်ဦးကို သေဒဏ် ချမှတ်ခံခဲ့ရသည်။

 

နှစ်နိုင်ငံအကြား တရားမဝင် လက်နက်ရောင်းဝယ်မှု စွပ်စွဲချက်များမှာ နောက်ဆယ်စုနှစ်အထိ ဆက်ရှိနေခဲ့သည်။ ဩဂုတ်လ ၂၀၀၈ ခုနှစ်တွင် အီရန်သို့ မန္တလေးမှတဆင့် သွားရောက်မည့် မြောက်ကိုးရီးယား Il-62 လေယာဉ်ကို အိန္ဒိယက မြေပြင်သို့ ဆင်းသက်စေခဲ့သောအခါ နိုင်ငံတကာ အသိုင်းအဝိုင်းမှ သတိပြုမိခဲ့သည်။ တောင်တရုတ်ပင်လယ်အတွင်း မြန်မာသို့ ဦးတည်နေသည့် မြောက်ကိုးရီးယားရေယာဉ်ကို အမေရိကန်ရေတပ်က လိုက်လံကြားဖြတ်မှုများ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် သီးခြားစီ ဖြစ်ပေါ်ခဲ့သည်။

 

မြနမာအစိုးရအရာရှိများက နျူကလီးယားရည်မှန်းချက်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာ ဖြစ်ကြောင်း ခုခံပြောဆိုခဲ့သော်လည်း ရုရှား၏ မြန်မာနိုင်ငံမှ နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍမှာ "ဆော့ဝဲနှင့် လေ့ကျင့်သင်ကြားရေး" ဖြစ်ပြီး မြောက်ကိုးရီးယားမှာမူ "အမာထည်" အပေါ် အလေးပေးထားကြောင်း ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ် Michelle Chan ကအတည်ပြု မှတ်ချက်ပေးခဲ့သည်။

 

၂၀၀၉ ခုနှစ်တွင်လည်း Sydney Morning Herald သတင်းတစ်ပုဒ်တွင် မြန်မာနိုင်ငံသည် ရုရှားနှင့် မြောက်ကိုးရီးယားမှ အထောက်အပံ့များ ရရှိနေကြောင်း၊ နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် လက်နက်အစီအစဉ်အတွက် ဖြစ်ဖွယ်ရှိကြောင်း စွပ်စွဲထားသည်။

 

၎င်းသတင်းတင်ပြချက်များမှာ အမေရိကန်အစိုးရကို အာရုံစိုက်စေသည်။ ၂၀၀၉ ခုနှစ်တွင် ကနဦး စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က သူမ၏ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း မြောက်ကိုးရီးယားမှ စစ်ရေးနည်းပညာများရရှိရန် အားထုတ်မှုကို စိုးရိမ်ကြောင်း တရားဝင် ထပ်လောင်း ပြောကြားခဲ့သည်။

 

သို့သော် "ယခုအချိန်တွင် နျူကလီးယားဆိုင်ရာ အားထုတ်မှု အများအပြား ကျွန်ုပ်တို့ မတွေ့ရှိရပါ။” ဟု ပြောခွင့်ရသူက ပြောဆိုခဲ့ပြီး အမေရိကန်အစိုးရသည် ဒုံးကျည်အရောင်းအဝယ်ကိုသာ  အဓိက စိုးရိမ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အလေးပေးခဲ့သည်။

 

မြန်မာနိုင်ငံမှ နျူကလီးယားလက်နက်အစီအစဉ်များကို မကြာခဏ စွပ်စွဲမှုများမှာ အတိုက်အခံအဖွဲ့များနှင့် အစိုးရမဟုတ်သည့် အဖွဲ့များက ၂၀၁၀ ခုနှစ်များတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သိသာထင်ရှားမှုအရှိဆုံးမှာ မြန်မာစစ်တပ်မှ ထွက်ပြေးဘက်ပြောင်းလာသူ၊ ရုရှားတွင် ဆက်စပ်သက်ဆိုင်သော လေ့ကျင့်သင်ကြားမှုများ ရရှိခဲ့သည်ဟု စွပ်စွခံရသူ စိုင်းသိန်းဝင်း၏ မန္တလေးနှင့် မကွေးမြို့အနီးတွင် နျူကလီးယားအဆောက်အအုံများ တည်ရှိကြောင်း စာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို ဒီဗွီဘီက ၂၀၁၀ ခုနှစ်တွင် ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။

 

သို့ရာတွင် သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေးအင်စတီကျု (ISIS) မှ လွတ်လပ်သော ဂြိုဟ်တုဓာတ်ပုံ ခွဲခြမ်းစိတ်ဖြာချက်များအရ အဆောက်အအုံသည် ဘိလပ်မြေစက်ရုံတစ်ခုသာ ဖြစ်နိုင်ချေရှိသည်ဟု အကဲဖြတ်ခဲ့သည်။

 

သံသယများဆက်လက်ဖြစ်ပေါ်နေစဉ်မှာပင် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် အလည်အပတ်လာခဲ့ပြီးနောက် မြောက်ကိုးရီးယားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တစုံတရာ မရှိကြောင်း မြန်မာက ငြင်းဆန်ခဲ့ကာ နျူကလီးယားသုတေသနစီမံကိန်းကို ဖျက်သိမ်းကြောင်း တရားဝင်ကြေငြာခဲ့သည်။

 

မြန်မာနိုင်ငံသည် နောက်ပိုင်းတွင် IAEA ထပ်တိုး လုပ်ထုံးလုပ်နည်းများကို လက်မှတ်ရေးထိုးခဲ့သည်။ စစ်တပ်သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ရုရှား၏ အထောက်အပံ့ဖြင့် အဏုမြူဓာတ်ပေါင်းဖိုများ တည်ဆောက်ရန် ဆက်လက်အားထုတ်နေဆဲဖြစ်သည်။

 

၂၀၁၃ ခုနှစ် လက်နက်ဆိုင်ရာ သဘောတူညီမှုအပါအဝင် မြောက်ကိုးရီးယားနှင့်လည်း ဆက်လက် ဆက်ဆံနေဆဲဖြစ်သည်။ ကိုရီးယားသတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေး ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး(KOMID) မှတဆင့် မြန်မာနှင့် လက်နက်ကုန်သွယ်မှုဖြင့် စွပ်စွဲကာ မြောက်ကိုးရီးယားသံအမတ် Kim Sok Chol ကို အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့ပြီး နောက်ပိုင်း ၂၀၁၆ ခုနှစ်တွင် ၎င်းကို အစားထိုးခဲ့သည်။ ၎င်းအဖြစ်အပျက်က မြန်မာနှင့် မြောက်ကိုရီးယား လက်နက်ကုန်သွယ်မှု ၂၀၁၆ အထိ ရှိခဲ့သည်ဟု ယူဆရသည်။

 

သို့ရာတွင် ၎င်းနှစ်တွင်ပင် စစ်အာဏာရှင်တို့က တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ခွင့်ပြုပေးခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က အစိုးရဖွဲ့နိုင်ခဲ့သည်။ NLD လက်ထက်တွင် မြန်မာနျူကလီးယားအစီအစဉ်နှင့် နိုင်ငံတကာစိုးရိမ်မှုများမှာ မှေးမှိန်သွားသည်။ မြန်မာနိုင်ငံသည် သက်ဆိုင်သည့် နိုင်ငံတကာ ထပ်တိုး သဘောတူညီချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လက်မှတ်ရေးထိုးခဲ့သည်။

 

၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူရန် အားထုတ်မှုများတွင် ပူးတွဲပါဝင်ခဲ့သည်။ သို့ရာတွင် ၂၀၁၈ ခုနှစ် ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့ အစီရင်ခံစာတွင် မြန်မာနှင့် မြောက်ကိုးရီးယား လက်နက်ကုန်သွယ်မှုမှာ ၂၀၁၇ ခုနှစ်နောက်ပိုင်းအထိ KOMID မှတဆင့် ဆက်လက်လုပ်ဆောင်နေခဲ့သည်ဟု ဖော်ပြခဲ့သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း စိုးရိမ်ဖွယ်ရာများ

 

ဆိုးရွားလှသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြောက်ကိုးရီးယားနှင့် မြန်မာစစ်အာဏာရှင်တို့သည် ဆက်လက် ထိတွေ့ဆက်ဆံနေခဲ့သည်။ စက်တင်ဘာလ ၂၀၂၃ ခုနှစ်တွင် တင်မောင်ဆွေကို မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။ စစ်အာဏာရှင်၏ မြောက်ကိုးရီးယားလက်နက် အသုံးပြုမှုကို နိုဝင်ဘာလ ၂၀၂၃ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံးက မှတ်တမ်းတင်ထားသည်။

 

တကယ်တမ်းတွင် စစ်အာဏာရှင်သည် နျူကလီးယားစွမ်းအင်မှတဆင့် လျှပ်စစ်စွမ်းအင်ရရှိနိုင်သည့် အကျိုး အမြတ်ပေါ်တွင် အဓိက တည်မီနေနိုင်ကြောင်း မငြင်းနိုင်ပေ

 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ လက်နက်မပျံ့ပွားရေးအားထုတ်မှုမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာပြန်သည်။ ၂၀၂၃ ခုနှစ်တွင်ပင် စစ်အာဏာရှင်သည် တရုတ်နှင့် ရုရှားတို့သို့ ဆက်သွယ်၍ နျူကလီးယားစွမ်းဆောင်ရည်ရရှိရန် စတင် ကြိုးပမ်းခဲ့သည်။ မြန်မာစစ်အုပ်ချုပ်ရေးသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်ဟုသာ အမြဲလို အကြောင်းပြနေခဲ့သည်။

 

တကယ်တမ်းတွင် စစ်အာဏာရှင်သည် နျူကလီးယားစွမ်းအင်မှတဆင့် လျှပ်စစ်စွမ်းအင်ရရှိနိုင်သည့် အကျိုး အမြတ်ပေါ်တွင် အဓိက တည်မီနေနိုင်ကြောင်း မငြင်းနိုင်ပေ။ သို့သော် ရုရှား နျူကလီးယားဓာတ်ပေါင်းဖိုမှတဆင့် မြောက်ကိုးရီးယားက ပလူတိုနီယံ ပထမဆုံးဝယ်ယူခဲ့သည့် အစဉ်အလာကိုလည်း လျစ်လျူ မရှုနိုင်ပေ။

 

မြန်မာနိုင်ငံသည် ယူရေနီယံ အဆင့်မြှင့်ရန် ပြန်လည်ပြုပြင်သည့် စွမ်းဆောင်ရည် ရရှိပြီးပြီလားဆိုသည်ကို လက်ရှိတွင် ရှင်းလင်းစွာ မသိရပါ။ မြန်မာနျူကလီးယားအစီအစဉ် တင်ပြမှုအများစုမှာ အတည်မပြုနိုင်သေးပဲ အပေါ်ယံအနေဖြင့်ပင် စွမ်းဆောင်ရည်များစွာ အကန့်အသတ်ရှိနေကြောင်း ညွှန်ပြနေကြသည်။

 

မကြာသေးမီက လက်နက်မှောင်ခိုကုန်သွယ်သူတစ်ဦးကို မြန်မာနိုင်ငံတွင် နျူကလီးယားကုန်ကြမ်းများ ပိုင်ဆိုင်နေကြောင်း စွပ်စွဲချက်သည် မေးခွန်းများ ဆက်လက် ထွက်ပေါ်လာစေသည်။

 

သတိပြုရမည်မှာ ဂျပန်နိုင်ငံသားသည် စစ်အာဏာရှင်နှင့် လုပ်ကိုင်နေသည်ဟု စွပ်စွဲခံရခြင်းမဟုတ်ဘဲ အမည်မသိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။ ရှမ်းပြည်နယ်တွင် ယူရေနီယံသတ္တုတွင်းလုပ်ငန်းတစ်ခုရှိသည်ဟု ယခင်က စွပ်စွဲခံခဲ့ရသော်လည်း ရှမ်းပြည်နယ်မှ လက်နက် ကိုင်များက နျူကလီးယားမှောင်ခိုကုန်သွယ်မှုနှင့် ချိတ်ဆက်မှု တစုံတရာ မရှိကြောင်း ငြင်းဆိုခဲ့သည်။

 

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေပြီး မြန်မာနိုင်ငံ၏ ပြင်းထန်သော ကြေမွလွယ်သည့်အခြေအနေတွင် အစိုးရမဟုတ်သူတို့၏ ဖြစ်နိုင်ချေရှိသော နျူကလီးယားကုန်ကြမ်း အသုံးပြုမှုကို စိုးရိမ်မှုများမှာ နိုင်ငံတကာလုံခြုံရေးအတွက် အလေးထားသင့်သည်။ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် သတိကြီးစွာ ထားသင့်ပေသည်။

 

ကိုးကား - The Diplomat

ပုံ - Depositphotos

မြန်မာ
နျူကလီးယား
အာဏာသိမ်း
မြောက်ကိုရီးယား
အာဏာသိမ်းစစ်တပ်

Share With
bap-logo