bap-logo
Politics

ယူကရိန်းသို့ အမေရိကန်က ကလပ်စတာ ခဲယမ်းများ ပေးပို့သွားမည်

Vyyw_awz-A_q8mlwwq3C3-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၁။

 

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ John Kirby က အရပ်သားများ ထိခိုက်မှုအန္တရာယ်ရှိပြီး အခြားနိုင်ငံပေါင်းများစွာက အသုံးပြုရန်တားမြစ်ထားသော်လည်း ဘိုင်ဒန်၏ အငြင်းပွားဖွယ်ရာ ကလပ်စတာခဲယမ်းများ ယူကရိန်းသို့ ပေးပို့သွားမည့် ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့က ခုခံပြောကြားခဲ့သည်။

 

ABC “This Week” အစီအစဉ် သတင်းပူးတွဲတင်ဆက်သူ Martha Raddatz နှင့် အင်တာဗျူးတွင် Kirby က အမေရိကန်အရာရှိဟောင်းတစ်ဦးနှင့် ရုရှား ထိပ်တန်းသံတမန်တို့ ယခုနှစ်အစောပိုင်းက တွေ့ဆုံခဲ့မှုကို လည်း ဖော်ပြခဲ့သည်။

 

၎င်းက ယူကရိန်းသည် ဗုံးများ၏ စစ်မြေပြင်သက်ရောက်မှုကို အကန့်အသတ်ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရုရှားကို စစ်ပွဲမနိုင်စေရန်အတွက် အမေရိကန်နိုင်ငံမှ တိုက်ပွဲဝင်မနေသူများကို ကာကွယ်ရန် အကောင်းဆုံး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ခုခံကာကွယ်ပြောကြားသည်။

 

ယူကရိန်းနယ်မြေအတွင်းက ရုရှားတွေရဲ့ တည်နေရာကို ဒီကလပ်စတာဗုံးတွေ အသုံးပြုလို့ ထိခိုက်ရတာထက် ကလပ်စတာခဲယမ်းတွေကြောင့်ဖြစ်စေ၊ ဒရုန်းတွေကြောင့်ဖြစ်စေ၊ ဒုံးကျည်တိုက်ခိုက်မှုတွေ ကြောင့်ဖြစ်စေ ဒါမှမဟုတ် ရှေ့တန်းရင်ဆိုင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်စေ ရုရှားတပ်ဖွဲ့တွေကြောင့် အရပ်သားတွေ ပိုမို သေဆုံးကြရပြီး နောက်ထပ်လည်း ဆက်လက်သေဆုံးကြဖွယ်ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူမယ် ထင်ပါတယ်ဟု ၎င်းက ပြောသည်။

 

ယူကရိန်းတပ်ဖွဲ့ဝင်များက အခြားလက်နက်ကြီးကျည်များ နေ့စဉ် မြောက်များစွာ သုံးစွဲနေရသည်ကို ကာမိစေရန် ကလပ်စတာခဲယမ်းများ ထောက်ပံ့ရခြင်းဖြစ်ကြောင်း Kirby က ပြောကြားသည်။

 

ဒါက သေနတ်ကိုင်တိုက်ပွဲပါ။ သူတို့မှာ လက်ကျန် မရှိတော့ပါဘူးဟု ၎င်းက ပြောသည်။သူတို့ အသုံး အများဆုံး လက်နက်ကြီးကျည်တွေကို ကျွန်တော်တို့ ထုတ်လုပ်ပေးဖို့ ကြိုးစားနေပါတယ်၊ ဒါပေမယ့် ထုတ်လုပ်နှုန်းက ကျွန်တော်တို့ လိုချင်သလောက် မရောက်သေးပါဘူး

 

“’ဒါဆို သူတို့လိုအပ်တဲ့ ခဲယမ်းတွေ ကျွန်မတို့မှာ အလုံအလောက်မရှိတဲ့အတွက် ကလပ်စတာ ခဲယမ်းတွေ ပို့ပေးနေရတာလားဟု Raddatz က ရှင်းလင်းစေရန် မေးသည့်အခါ Kirby က “’မှန်ပါတယ်ဟု ဖြေကြားသည်။

 

သူက ဗုံးများသည် ယာယီအတွက်သာ ရည်ရွယ်သည်ဟု ဆိုသည်။ပုံမှန် လက်နက်ကြီး ကျည်တွေ ထုတ်လုပ်မှုမြှင့်တင်နေတဲ့အချိန်မှာ လစ်ဟာမှုမရှိအောင် ကူညီတာပါ

 

Kyiv မဟာမိတ်များက နယ်မြေများ အမြန် ပြန်လည်သိမ်းပိုက်ရန် နည်းလမ်းရှာဖွေနေစဉ်နှင့် ယူကရိန်း၏ ရုရှားကျူးကျော်မှုကို တန်ပြန်ထိုးစစ်များက မျှော်လင့်သည်ထက် နှေးကွေးနေစဉ်အတွင်းမှာပင် ကလပ်စတာ ခဲယမ်းများ ထောက်ပံ့မည့် ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

 

ကလပ်စတာခဲယမ်းများသည် တည်နေရာတစ်ခုကို ပစ်ခတ်ပြီးနောက် ကျယ်ပြန့်သော ဧရိယာအတွင်း ဗုံးသီးငယ်များ ကျဲချပေးပြီး မပေါက်ကွဲသော ကျည်များသည် မြေမြှုပ်မိုင်းများအဖြစ် မြေကြီးထဲတွင် ကြာမြင့်စွာ တည်ရှိနေနိုင်ပြီး အရပ်သားများကို ထိခိုက်စေနိုင်သည်။

 

နိုင်ငံပေါင်း ၁၂၀ ကျော်က ၎င်းတို့သည် ကလပ်စတာခဲယမ်းများ အသုံးမပြုကြောင်းနှင့် မပြုလုပ်ကြောင်း ပြောကြားခဲ့ကြပြီး အမေရိကန် မဟာမိတ်များဖြစ်သည့် ဂျာမနီ၊ စပိန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့ကလည်း အမေရိကန်က ထောက်ပံ့သော်လည်း ၎င်းကဲ့သို့ လက်နက်များကို ယူကရိန်းသို့ ထောက်ပံ့မည်မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

 

“This Week” အစီအစဉ်တွင် Raddatz က Kirby ကို အမေရိကားသည် အဘယ်ကြောင့် ၎င်းဗုံးများကို ပိတ်ပင်ခြင်း မပြုလုပ်သနည်းဟု မေးမြန်းခဲ့သည်။

 

၎င်းက တိုက်ရိုက်မဖြေကြားဘဲအရပ်သားထိခိုက်မှုနဲ့ အရပ်သားတွေ၊ ကလေးတွေက မပေါက်ကွဲသေးတဲ့ ကျည်တွေကို ကောက်ယူမိပြီး ထိခိုက်ဒဏ်ရာရမှာကို ကျွန်တော်တို့ အလွန်ဂရုစိုက် အလေးထားပါတယ်။ ကျွန်တော်တို့ ဒီလိုဖြစ်မှာတွေကို တွေးထားပါတယ်။ ယူကရိန်းက မိုင်းရှင်းလင်းရေးလုပ်ဖို့ ကျွန်တော်တို့ အာရုံစိုက်သွားမှာပါဟု ဖြေကြားခဲ့သည်။

 

၎င်းနှင့် အခြားအရာရှိများက ဗုံးများ၏ မပေါက်ကွဲသော ဗုံးသီးငယ်များသည် အလွန်နည်းပါးသောမပေါက်ကွဲသည့်နှုန်းရှိကြောင်း ပြောကြားလေ့ရှိသည်။

 

သမ္မတ ဂျိုးဘိုင်ဒန် NATO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ၎င်းအစည်းအဝေးတွင် ယူကရိန်း အဖွဲ့ဝင်နိုင်ငံဖြစ်လာရေး ဆွေးနွေးရန်လည်း ရှိနေသည်။

 

Kirby က NATO သည် ယူကရိန်းကို ဆက်လက်ထောက်ပံ့နေမည်ဖြစ်သော်လည်း Kyiv အနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အဖွဲ့ဝင်မဖြစ်ခင် လုပ်ဆောင်ရမည်ဟု ဆိုသည်။ ယင်းမတိုင်မီတွင် ရုရှားကို ဆန့်ကျင်တိုက်ခိုက်မှုများအတွက် NATO က ထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားမည်ဟု ဆိုသည်။

 

ယူကရိန်းက တောင်းဆိုနေသည့် F-16 တိုက်လေယာဉ်များလည်း ထောက်ပံ့မှုတွင် ပါဝင်မည် ဖြစ်သော်လည်း ယခုနှစ်ကုန်အထိ ရောက်ရှိလာရန် မမျှော်မှန်းနိုင်သေးပါ။

 

ကျွန်တော်တို့ အချို့မဟာမိတ်တွေနဲ့ F-16 လေယျာဉ်မှူးတွေ ရရှိလာအောင် လုပ်ဆောင်နေပါတယ်။ လေယျာဉ်မှူးသင်တန်းတွေ မကြာခင် ဖြစ်လာတော့မှာပါ၊ ဒီလေယျာဉ်တွေ ယူကရိန်းကို မြန်နိုင်သမျှ အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင်သွားမှာပါဟု Kirby က ပြောသည်။

 

ကိုးကား - ABC

 

ပုံစာ - အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ John Kirby (Photo: ABC)

 

Burma Associated Press

ကလပ်စတာဗုံး
ယူကရိန်း
အမေရိကန်

Share With
bap-logo