bap-logo
Politics

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ဂျွန်လတွင် ရုတ်တရက် မြင့်တက်လာ

UuGJSBErueSobxnIDItAo-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၅။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဂျွန်လက မျောက်ကျောက်ရောဂါဖြစ်ပွားမှု အရေအတွက် မြင့်တက်လာကြောင်းနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများအကြား ရောဂါကူးစက်ပျံ့နှံ့မှု အသစ်များဖြစ်ပေါ်နေသဖြင့် ၎င်းတို့ အနေဖြင့် ကြိုတင်သတိပြုကာကွယ်မှုများ ပြုလုပ်ရန် ထိုင်းကျန်းမာရေးအာဏာပိုင်များက သတိပေး ပြောကြားသည်။

 

ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Dr Tares Krassanairawiwong က ယမန်နှစ် ဂျူလိုင်လတွင် ပထမဦးဆုံး မျောက်ကျောက်ရောဂါကို ထိုင်းနိုင်ငံတွင် စတင်တွေ့ရှိရပြီးနောက်ပိုင်း နောက်ထပ် ရောဂါဖြစ်ပွားမှု ၉၁ ခု တွေ့ရှိခဲ့သည်ဟု တနင်္ဂနွေနေ့က ပြောကြားသည်။

 

ပြီးခဲ့တဲ့ လတစ်ခုတည်းမှာတင် ရောဂါတွေ့ရှိမှု အသစ် ၄၈ ခု တွေ့ရှိခဲ့တဲ့အတွက် မေလက တွေ့ရှိမှုအသစ် ၂၃ ခုထက် . ပိုများလာပါတယ်ဟု ၎င်းက ပြောသည်။

 

တွေ့ရှိမှုအသစ် ၄၈ ခုလုံးသည် အမျိုးသားချင်းလိင်ဆက်ဆံခဲ့သူများဖြစ်ပြီး ၂၂ ယောက် သို့မဟုတ် ၄၅. ရာခိုင်နှုန်းသည် HIV ကူးဆက်မှုမှတ်တမ်းရှိသူများဖြစ်သည်ဟု ညွှန်ချုပ်က ဆက်လက်ပြောကြားသည်။

 

ကူးစက်မှုအသစ် ၄၈ ခုတွင် ၄၁ ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန် ဦးမှာ နိုင်ငံခြားသားများဖြစ်သည်။ ၃၈ ဦးမှာ ဘန်ကောက်တွင် နေထိုင်သူများဖြစ်ပြီး သုံးဦးမှာ Samut Prakan မှ ဖြစ်ကာ Chon Buri နှင့်Nonthaburi ပြည်နယ်များမှ နှစ်ဦးစီ၊ Pathum Thani Phuket နှင့် Samut Sakhon တို့မှ တစ်ဦးစီဖြစ်သည်။

 

တွေ့ရှိမှုအသစ်အများစုမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့သူများ သို့မဟုတ် ဖျားနာမှုမဖြစ်ခင် သူစိမ်း များနှင့် လိင်ဆက်ဆံခဲ့သူများ ဖြစ်ကြသည်ဟု Dr Tares က ပြောသည်။

 

လူနာများ ဒါမှမဟုတ် မျောက်ကျောက်ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူများနဲ့ အနီးကပ် ထိတွေ့တာ မျိုးကို ရှောင်ကြဉ်ခြင်းဖြင့် ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။ သူစိမ်းများနဲ့ လိင်ဆက်ဆံတာကိုလည်း ရှောင်ကြဉ် သင့်ပါတယ်ဟု ညွှန်ချုပ်က ပြောသည်။

 

လူနာများနှင့် ၂၁ ရက်အတွင်း ထိတွေ့မှုရှိခဲ့ပြီး ကူးစက်မှုအန္တရာယ်ရှိသည်ဟု ယူဆလျှင် ၎င်းတို့၏ လိင်အင်္ဂါများ၊ စအို၊ ပါးစပ်နှင့် ခန္ဓာကိုယ် အခြားနေရာများတွင် အနီစက်များ ရှိ၊ မရှိ စစ်ဆေးခြင်း၊ အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ပြန်ရည်ကြောအကျိတ်များ ရောင်ယမ်းခြင်း(လည်ပင်း၊ပေါင်ခြံနဲ့ ဂျိုင်းတို့တွင် အများဆုံးဖြစ်တတ်)တို့ ရှိ၊ မရှိ စစ်ဆေးကြည့်ရှုနိုင်သည်။ ၎င်းလက္ခဏာများတွေ့ရပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ကြောင်း Dr Tares က ပြောကြားသည်။

 

ရောဂါပျံ့နှံ့မှုသည် မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသားများအကြား အထူးသဖြင့် အမျိုးသားချင်း လိင်ဆက်ဆံမှု ပြုသူများအကြား အန္တရာယ်ရှိသည့် အပြုအမူများ၏ ရလဒ်အဖြစ် ထင်ဟပ်နေသည်ဟု ရောဂါ ထိန်းချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် Dr Sophon Iamsirithaworn က ပြောကြားသည်။

 

ကိုးကား − Bangkok Post

 

ပုံစာ - ၂၀၂၂ ခုနှစ် ဂျူလိုင်လက မျောက်ကျောက်ရောဂါ ပထမဦးဆုံးတွေ့ရှိခဲ့သော ဖူးခက်ရှိ ကွန်ဒိုတစ်ခုကို သန့်ရှင်းရေး ပြုလုပ်နေသည့် ပြည်နယ်ကျန်းမာရေးအရာရှိများ။

 

(ဓာတ်ပုံ - ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန)

 

Burma Associated Press

ထိုင်းနိုင်ငံ
မျောက်ကျောက်ရောဂါ

Share With
bap-logo